သုမိုး
ကျွန်တော်တို့သည် အတိတ်ကအဖြစ်အပျက်ကိုအခြေခံကာ ယခုလက်ရှိဘဝကို ပိုမိုကောင်းမွန်လာအောင် ပြုလုပ်ရမြဲဖြစ်သည်။ ထိုသို့ပြုလုပ်ရန် "ကိုယ်တွေ့" နှင့် "သူတွေ့" တစ်မျိုးမျိုးမှ သင်ခန်းစာယူရမြဲဖြစ်၏။
"ကိုယ်တွေ့"က မိမိဖြတ်သန်းခဲ့သည့် ဘဝတစ်လျှောက်ရခဲ့သည့် အတွေ့အကြုံ၊လုပ်ခဲ့သည့် အမှားများဖြစ်သည်။ ဤသည်တို့မှ ဘဝအတွေးအမြင်အဆီအနှစ်တို့ကို ထုတ်ယူကာ ဘဝကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရပေသည်။
သို့သော် မပြည့်စုံနိုင်။လူတစ်ယောက်၏ဘဝသည် မည်မျှလောက်မှ မကြီးကျယ်နိုင်။သူ့ဘဝတွင် ရခဲ့သည့် သင်ခန်းစာများမှာလည်း မည်မျှလောက်မှ မများပြားနိုင်။အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၏ သက်တမ်းသည် (၇၅)နှစ်ဝန်းကျင်သာ ရှိသောကြောင့်ပေတည်း။
"သူတွေ့" ကား ယခုမိမိနှင့်ယှဉ်လျက်ရှိသူများ၊ သမိုင်းကြောင်းတစ်လျှောက် ရှိခဲ့သော ပုဂ္ဂိုလ်များ၊ ရှိနေသောပုဂ္ဂိုလ်များ စသူတို့၏ ဘဝပေါင်းများစွာသော အတွေ့အကြုံများ၊ သင်ခန်းစာများပင်ဖြစ်သည်။ထိုများပြားလှသော ဘဝအဆီအနှစ်များမှ ကိုယ့်အတွက်လိုအပ်သည့် သင်ခန်းစာများကို ရွေးချယ်ကာ လက်တွေ့တွင် အသုံးပြုရန်သာလိုသည်။
ကျွန်တော်တို့ ယခုလုပ်နေသော အရာများသည် ရှေးယခင်က တခြားသူများလုပ်ခဲ့ပြီးဖြစ်၏။ ကြုံနေရသည့် ပြဿနာများမှာလည်း တခြားသူများ ကြုံခဲ့ဖူးသား၊ ဖြေရှင်းခဲ့ဖူးသားများ ဖြစ်သည်။ ကျွန်တော်တို့သည် သူတို့လျှောက်ခဲ့သော လမ်းကြောင်းမှ လုံးဝအသွင်ကွဲ၍မသွားနိုင်သလို တစ်လုံး နှစ်လုံးထက်ပို၍လည်း ဆန်းသစ်မသွားနိုင်ချေ။ ကျွန်တော်တို့က သူတို့ဖောက်ခဲ့သည့် လမ်းကြောင်းကို ပိုမိုလှပစေရန် ဇာအနားကွပ်ပေးရုံသာ တတ်နိုင်၏။
ကျွန်တော်တို့ ယခုလျှောက်နေသော လမ်းကြောင်းဖြင့် အောင်မြင်သွားသူများရှိကြသလို အောင်မြင်နေသူများလည်း ရှိကြသည်။ ကျွန်တော်တို့က ထိုသူတို့ကြုံတွေ့ခဲ့သော အတွေ့အကြုံများမှ သင်ခန်းစာများကို နှိုက်ယူရမည်။ ထို့နောက် လက်တွေ့တွင် အသုံးချရမည်။ထို့နောက်တွင်ကား ပိုမိုဆန်းသစ်လာအောင် ကြံဆောင်ရမည်တည်း။
"ကဲ...စာဖတ်သူမိတ်ဆွေ
သင့်လမ်းကြောင်း၏ ရှေ့ကို ကြည့်လိုက်ပါ။
အောင်မြင်နေသူကား အောင်မြင်နေကြလေပြီ။
သင်ကော ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲ။"
ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း....။
သုမိုး🐻
Keep Reading