ရဲဘုန်းသွင်
ဗညားနွဲ့နှင့် မွေ့နိမိတ်
မင်းသားသည် မဂ်လာအိမ်တော် ဆောက်သည့်နေရာသို့ မင်းကန်စီ ရွာသို့ပြန်သွားသော ရက်များတွင် မကြာမကြာ သွားရောက်တတ်သည်။ သွားသည့်အခါများတွင် မင်းကံစီမရှိ၍ ဘောမွန်နှင့် အခြားကျွန်တချို့သာ ပါတော့သည်။ သွားသည့်အခါတိုင်းလည်း ဇင်းမယ်သူကဲ့သို့လှပသော ဆီသည်မလေးနှင့် နေတိုင်းနီးပါး တွေ့နေမြင်နေရ၍ မိန်းမနှင့် ကင်းကွာနေသော မင်းသားမှာ လိုချင်တပ်မက် ရမ္မက်များ ဖြစ်ပေါ်လာမည်မှာ မလွဲပေ။ တရက်တွင် မင်းသားသည် ဆင်ဖြင့် ဈေးအတွင်း ဖြတ်သွားစဥ် မနေသာတော့ဘဲ ဘောမွန်ကို ဆီသည်မထဲ သွား၍ အမေးခိုင်းတော့သည်။
" ဘောမွန် ဆီသည်မက ဘဇာမိန်းမလဲ၊ သွားမေးချေစမ်း "
ဘောမွန်မှာလည်း ဆင်ပေါ်မှဆင်း၍ ဆီသည်မထံသွားပြီး မေးသည်။ ထို့နောက် မင်းသားဆင်နားသို့ ပြန်၍ ကပ်လာသည်။ မင်းသားနှင့် တီးတိုးစကားပြောပြီးနောက် ဆီသည်မထံ တဖန်ပြန်သွားသည်။ နောက်တကြိမ် ဘောမွန်ပြန်အလာတွင် ဘောမွန်၏နောက်တွင် ဆီသည်မပါပါလာပြီး ဆင်ပေါ်တင်ကာ ခေါ်ခဲ့တော့သည်။
" ယောက်မရေ...။ မွေ့မနိတ်ကိုတော့ မင်းသားက တော်ကောက်သွားပြီတော့၊ မိဖုရားဖြစ်တော့မယ် ထင်တယ်။ မွေ့မန်တ်တို့များ ကံကောင်းချက်တော် "
" မင်းသားက ကောက်သွားဆို မွေ့မနိတ်လေးကလည်း လှတာကို တော့။ သူ့လင် မချွတ်စွပ်နှင့် မတန်ပေါင် တော်ရေ။ "
" အို.... ဘာလှလို့လဲ အရီးတို့နှယ်။ ဟိုကဖြင့် မင်းသားလာရင် သူ့ကို မကြည့် ကြည့်အောင် အသံတဇာဇာပေးနေတာ တော်တော်ကလက်တဲ့ ကောင်မပါ၊ မင်းသားမို့သာ ကျုပ်တော့ မေတ္တာမရှိပါအေ။ "
ဟင်းရွက်သည် နှစ်ယောက်မှ မွေ့မနိတ်ချောကြောင်းလှကြောင်းပြောသည်ကို ငါးစိမ်းသည်က နားကြားအမြင်ကပ်သဖြင့် ပြန်၍ပြောလေသည်။
" ဟဲ့ ကလေးမ၊ ညည်းက ဘာသိလို့လဲ။ ကလေးက ကလေးလိုနေစမ်း "
ဟင်းရွက်သည်အဒေါ်ကြီးက လှမ်းငေါက်သဖြင့် ငါးစိမ်းသည်မလေးမှာ မဲ့ကာရွဲ့ကာ ဖြင့် တဖက်သို့လှည့်သွားလေသည်။ ဈေးသည်များ မွေ့နိမိတ်ကို မင်းသားကောက်သွားကြောင်း ပြောနေရင်းမှ ရန်ဖြစ်တော့မည်ဖြစ်နေသည်။
" ဟယ်... အမိတို့၊ ထင်ရာကိုပြောမနေကြနှင့် သူ့လင် မချွတ်စွပ်တော့ မင်းမျက်သင့်တော့မည်ထင့်ပါ့ "
ဈေးသည်များစကားကို ပိတ်ကုန်သည်အဘိုးကြီးက ကြားမှ စကားဝင်ဖြတ်သဖြင့် ငြိမ်သွားကြပြီး မချွပ်စွပ်အကြောင်း စဥ်းစားမိကြသည်။ မယားကို ရှင်ဘုရင်ယူသွားလျှင် လင်ဖြစ်သူကို သတ်သည်ချည်းသာဖြစ်၍ မချွပ်စွပ်အတွက် စိတ်ပူသွားကြပြန်သည်။ မင်းသားတို့သည် ဈေးအတွင်းမှ လွန်ခဲ့သဖြင့် သို့လောသို့လော ပြောနေကြသော အသံများကို ကြားမည်မဟုတ်တော့ပေ။
စံအိမ်သို့ရောက်သောအခါ ညနေစောင်းပင်ဖြစ်နေပြီ။ မင်းသားသည် ေမမေနိတ် ယောကျားအကြောင်းကို ဆင်ပေါ်မှဆင်း၍ အိမ်တော်ပေါ်သို့ တက်ခါနီးတွင် ဘောမွန်ကို တိုးတိုးကပ်၍ မေးနေသည်။
" ဘောမွန်၊ မချွပ်စွပ်က ဒီနှမ ယောကျားဆိုတာသေချာလား "
" သေချာပါတယ်ဘုရား၊ ကျွန်ုပ်သွားမေးတုန်းက မချွပ်စွပ်ဆိုသူပါ တွေခဲ့ပါတယ်ဘုရား "
" ဒါ့ဖြင့် သူ့လင်ကို ငါ့ဆီခေါ်ခဲ့ကွာ။ တန်ရာတန်ရာ ပေးပြီး ငါသူကောင်းပြုမယ်၊ ဒီလိုပြောပြီးခေါ်ခဲ့ "
မင်းသားသည် ဘောမွန်အား တိုးတိုးကပ်ကာ မှာကြားပြီးနောက် မွေ့မနိတ် ကို လက်ဆွဲကာ အိမ်တော်ပေါ်သို့ တက်သွားလေသည်။ မွေ့မနိတ်မျက်နှာမှာ စိုးရိမ်စိတ်၊ ကြောက်ရွံစိတ်များ လွှမ်းသဖြင့် ပန်းနုသွေးရောင် နီရဲနေ သည်။ အိမ်တော်ပေါ်သို့ ရောက်လျှင် မင်းသားမှာ သလွန်ပေါ်၌ထိုင်နေပြီး၊ မွေ့မနိတ်သည် ကြမ်းပြင်တွင်သာ ပုဆစ်တုပ်ခစားနေရှာသည်။
" နှမ ကျုပ်ကို ကြောက်သလား "
မွေ့မနိတ်ထံမှ ဘာသံမှထွက်မလာ။ ခေါင်းသာငုံနေရှာသည်။
" နှမ ကျုပ်ကို ကြောက်ရန်မလို၊ ကျုပ်က နှမကို အပြစ်ရှိ၍ ခေါ်လာသည်မဟုတ်၊ ဒဂုံကို ရောက်ကထဲက ကျုပ်မှာ ပြုစုလုပ်ကျွေးမည့်သူရှားလို့ ဆင်းရဲသဖြင့် နှမခေါ်လာခဲ့ရတာ ဖြစ်တယ် "
မွေ့မနိတ်မှာ မိမိနားကို မိမိမယုံဟန် နားမလည်သော မျက်ဝန်းများဖြင့် မင်းသားကို မော့၍ကြည့်သည်။ မွေ့မနိတ်၏ ဝိုင်းစက်သော မျက်ဝန်းများတွင် စိုးရိမ်စိတ်များကို မင်းသားမြင်နေရသည်။ မျက်နှာသွယ်သွယ်၊ သွယ်ပျောင်းသော ကိုယ်ခန္ဓာ၊ ဖြူဝင်းသောအသားအရည်နှင့် ဆီသည်ဟု မထင်ရလောက်အောင် လှပလွန်းနေသည်။
" နှမက မောင့်ကို ပြုစုလုပ်ကျွေးဖို့ ဆန္ဒမရှိပေဘူးလား "
မင်းသားထပ်၍မေးသောအခါ မေွ့မနိတ်မျက်နှာများ နီရဲသွားသည်။ ပါးလွှာသော နှုတ်ခမ်းလေးများ လှုပ်လာကာ စကားဆိုတော့သည်။
" အို.... မဟုတ်တာ။ မောင့်ကို ပြုစုချင်ပါတယ်။ သို့ပေမယ့် နှမမှာ ဆီသည်မဖြစ်လို့ ပြုစုဖို့ရာ အားငယ်မိပါတယ်ဘုရား "
မွေ့မနိတ်မှာ တိုးတိုးငြင်သာသော အသံဖြင့် စကားဆိုပြီး ခေါင်းကို ငုံ့ကာ တဖက်လှည့်၍ မျက်နှာလွဲသွားသည်။ မွေ့မနိတ်၏အမူအယာကြောင့် မင်းသားမှာ အူအသည်းကို ကိုင်လှုပ်သည့်နှယ့် မခံစားနိုင်တော့ဘဲ သလွန်အောက်သို့ ဆင်၍ မွေ့မနိတ်ရှေ့တွင် မုဆိုးဒူးထောက်ထိုင်ကာ မွေ့မနိတ်၏ မေးဖျားကို လက်တစ်ဖက်ဖြင့် ညင်သာစွာ မကာ မျက်နှာကို မော့စေလိုက်သည်။
မွေ့မနိတ်အသားအရေကို ထိတွေ့ရသည်မှာ ဝါဂွမ်းသားကို ထိမိသကဲ့သို့ နူးညံ့သည်ဟု မင်းသားထည်သည်။ မွေ့မန်တ်၏ ပါးပြင်နှင့် လည်ချောင်းမှ သွေးကြောစိမ်းစိမ်းလေးများကို မြင်နေရသည်။ မွေ့မနိတ်၏ ဝိုင်းစက်သော မျက်ဝန်းများသည် ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းတို့ကို မင်းသား မြင်နေရသည်။ ထို့နောက် မွေ့မနိတ်ကို ပခုံးနှစ်ဖက်မှ ပွေ့ယူ ထူမ၍ သလွန်တော်ပေါ်တွင် ထိုင်စေလိုက်သည်။
" သည်အတွက် မပူပန်ပါလင့်၊ နှမငယ်။ နှမကို မောင်က ဂုဏ်မငယ်အောင် ထားပါ့မယ်။ သာမန်အရပ်သူ ဖြစ်တာနဲ့ မောင်တို့ကြားမှာ အားငယ်နေဖို့ရာ မလိုပါဘူး။ အရပ်သူက မိဖုရားမဖြစ်ရဘူးလို့ ဘယ်သူပြောလဲ။ ခမည်းတော်ဘုရားရဲ့ မိဖုရားကြီး၊ ညီတော်ဘောငန်မုန်ရဲ့ အမေတောင်မှ ဗြတ်လှိုင်းရွာသူ မဟုတ်လား။ သည်အတွက် နှမ မကြောင့်ကြပါလင့် "
မင်းသားစကားအဆုံး၌ မွေမန်ိတ်၏မျက်ဝန်များ ကြည်လင်ရွန်းပလာပြီး၊ နှုတ်ခမ်းလေးများတွန့်ကာ ပြုံးယောင်မြင်နေရသည်။ မင်းသားသည် မွေ့မနိတ်ကိုယ်ကို ရင်ခွင်အတွင်းသို့ သိမ်းယူပွေ့ဖက်လိုက်သည်။ ရုတ်တရက် ဆွဲပွေ့လိုက်သော မင်းသား၏ လက်မောင်းအောက်ဝယ် မွေ့မနိတ်မှာ မရုံးသာတော့ဘဲ၊ မင်းသား ရင်ခွင်အတွင်းသို့ တိုးဝှေ့ခိုကပ် နေလိုက်ရသည်။ မင်းသား၏ တဒုတ်ဒုတ်ခုန်နေသော နှလုံးခုန်သံ ထိုမှတဆင့် ခပ်မှန်မှန် အသံရှုသံတို့ကို မွေ့နိမိတ် ကြားနေရသည်။
" နှမ၊ မချွပ်စွပ်က နှမ အမျိုးသားဆိုတာ ဟုတ်ကလား "
မင်းသားစကားကိုကြားသော မွေ့နိမိတ်မှာ ကြက်သီး မွေးညှင်းထအောင် လန့်သွားပြီး မင်းသားကိုယ်ကို ရုတ်တရက် တွန်းဖယ်ပြီး မင်းသားရင်ခွင်အတွင်းမှ ထွက်လိုက်သည်။ မိမိမှာလင်ရှိသည်ကို မင်းသားဘယ်သို့ သိပါစ။ သိလျှင် မိမိအား မည်သို့ စီရင်လိမ့်မည်လဲ။ မွေ့မနိတ်တ်မှာ သို့လောသို့လော အတွေးစများ ဝင်လာပြီး၊ မျက်နှာများနီရဲလာကာ ချွေးများပင် စို့လာတော့သည်။
" အို....၊ နှမငယ် မကြောက်ပါနဲ့။ မောင်က သိချင်လို့ မေးရုံသက်သက်ပါ။ ဟုတ်လျှင်လည်း မောင်က မချွပ်စွပ်ကို တန်ရာပေးပြီး နှမနဲ့ကင်းစေဖို့ သူကောင်းပြုပေးမှာပါ။ နှမကိုလည်း မောင်က မပြစ်ပယ်ပါဘူး "
မင်းသားစကားကို ကြားသော မွေ့မနိတ်သည် မင်းသားမျက်နှာကို မသိမသာ အကဲခတ်ကြည့်လိုက်သည်။ မင်းသားမျက်နှာသည် ပရိယာယ်မပါ၊ ကွယ်ဝှက်ခြင်းမရှိသည်ကို မြင်လိုက်လျှင် မျက်နှာတဖက်သို့ လှည့်လိုက်ပြီး ချုံ့ပွဲချကာ ငိုတော့သည်။
" အို.... နှမငယ် မငိုပါနဲ့၊ နှမမကြိုက်ရင် မောင်မမေးတော့ပါဘူး "
မင်းသားမှာ ပြာပြာသလဲဖြင့် သလွန်တော်အောက်တွင် ဒူးထောက်ထိုင်လိုက်ပြီးနောက် အခြားဘက်လှည့်ထားသော မွေ့မနိတ်၏ မျက်နှာကို တယုတယကိုင်ကာ ပါးပြင်ရှိ မျက်ရည်စက်များကို ငြင်သာစွာ သုတ်ပေးနေမိသည်။
ဘဝတလျှောက်လုံး ခက်ထန် ကြမ်းတမ်းခဲ့သမျှ မွေ့မနိတ်နှင့်တွေ့မှ ဒီလောက်ထိ နူးညံ့ညင်သာသွားသည်ကို မင်းသားကိုယ်တိုင်ပင် သတိမပြုနိုင်အောင်ဖြစ်နေသည်။
" သင်းအကြောင်းမပြောပါနဲ့လား မောင်ရယ်။ ဒင်းက နှမကို အတင်းအကြပ် သားမယားပြုထားတာပါ။ နှမ သူ့ဆီကနေ အကြိမ်ကြိမ်ထွက်ပြေးဖို့ ကြိုးစားပေမယ့် သင်းက ရိုက်ပုတ်ပြီး နှက်နှိပ်စက်လို့ ကြောက်ရွံပြီး နေနေရတာပါ။ ဖြစ်နိုင်ရင် သင်းကို ဖမ်းပြီးတော့သာ အပြစ်ပေးတော်မူပါ... ရီး....အဟင့်...အဟင့်... "
မွေ့မန်တ်မှာ ရှိုက်၍ ငိုလျက် မင်းသားကို လက်အုပ်ချီကာ တောင်းပန်နေတော့သည်။ မင်းသားလည်း မွေ့မနိတ်၏ သွယ်လျသော လက်ချောင်းလေးများကို ဆုပ်ကိုင်ပြီး မျက်ရည်စများနှင့် ရှိုက်ငင်နေသော မွေ့မန်တ်ကို တင်းကြပ်စွာ ထွေးပွေ့ထားလိုက်တော့သည်။
" မငိုပါနဲ့ နှမတော်ရယ်။ ခု မောင့်ဆီမှာ နှမလုံခြုံပါပြီ။ အေးချမ်းပါပြီ။ မောင်နဲ့အတူ သုခကိုသာ စံစားပါတော့ "
မျက်ရည်စများနှင့် ရှိုက်ငင်နေသော မွေမနိတ်မှာ စိတ်တွင်းတွင် ကြိတ်၍ ဝမ်းသာပျော်ရွှင်နေသည်။ ဆီသည်မဘဝမှ မင်းသား၏ မယား၊ တနေ့ မိဖုရားဖြစ်လာမည်ဟု တွေးကာ ပျော်နေတော့သည်။ ထိုသို့ ပျော်နေသည့်တိုင် မချွပ်စွပ်ဟု ကြားလျှင် လိပ်ပြာမလုံချင်၊ ရတက်မအေးနိုင်ချေ။
မင်းသား၏မယားအဖြစ်မှ ဆီသည်မဘဝကို ဘာနှင့်မှ မလဲနိုင်။ ထိုသို့ မလဲနိုင်သည့်အတွက် မင်းသားအလိုလိုက်ကာ အကြိုက်ဆောင်ရမည်ကို မွေ့မနိတ် ကောင်းစွာသိသည်။ ထို့ကြောင့်လည်း မင်းသား၏ ရင်ခွင်ဝယ် ယုန်ငယ်တကောင်ပမာ ငြိပ်ဝပ်လျက် နေလိုက်တော့သည်။
နောက်တနေ့မနက်တွင် မင်းသားသည် ဘောမွန်ကိုတွေ့သဖြင့် မွေ့မနိတ်ယောကျား မချွပ်စွပ်အကြောင်း မေးလေသည်။
" ဘောမွန် မချွပ်စွပ်ကို ငါခေါ်ခဲ့ခိုင်းတာ၊ မင်း မတွေ့သလော။ "
" မှန်ပါဘုရား၊ ကျွန်ုပ်တို့ မနေ့ ညနေမှ သန်းခေါင်ယံအထိ မချွပ်စွပ်ကို လိုက်ရှာသော်လည်း အရိပ်အယောင်ပင် မတွေ့ပါဘုရား။ သို့ကြောင့် မြို့အဝင် အထွက်လှည်းလမ်း၊ လှေလမ်းမကျန် ကင်းချထားပြီး မချွပ်စွပ်ကိုတွေ့လျှင် ချက်ချင်း အကြောင်းကြားခိုင်းထားပါတယ်ဘုရား "
" တွေ့တာနဲ့ ငါထံခေါ်ခဲ့ချေ။ "
" ကျွန်ုပ်အထင်တော့၊ သူမယားကို မင်းသား ယူသွားလို့ မချွပ်စွပ် မင်းမျက်သင့်မှာကြောက်ပြီး ပြေးပြီထင်ပါ့ ဘုရား "
" အိမ်း....ပြေးတော့လည်း ကောင်းတာပေါ့။ တမီးအေးတာဘဲ။ မင်း မပိုင်ဆရာတော်ဆီသွားချေဦး။ အိမ်သစ်တက်ဖို့ အခါတောင်းလာခဲ့ချေ။ မင်းကန်စီမရှိတော့ ဆရာတော်ကိုပဲ အားကိုးရတော့မယ် "
မင်းသားအမိန့်ပေးသဖြင့် ဘောမွန်မှာ မင်းသားကိုရှိခိုးပြီးနောက် ဓားလွယ်လျက် မြင်းတစီးယူကာ မပိုင်ဆရာတော်ရှိရာ ကျိုက်အသုတ်ဘုရားသို့ ထွက်သွားလေတော့သည်။
မင်းသားသည် အသစ်စက်စက်ယူထားသော မယား မွေ့မနိတ်ကို ရွှေ၊ ငွေ၊ လက်ဝတ်တန်ဆာများဆင်လျက် မဂ်လာအိမ်တော် ဆောက်ပြီးနောက် အိမ်တက်မဂ်လာပြုသောအခါ ပွဲထုတ်လာလေသည်။
လက်သမားကြီး မမွေ့ကလောဆောက်ပေးသည့် အိမ်တော်မှာလည်း နန်းတော်ငယ်တစ်ခုမျှ ကြီးကျယ်ခမ်းနားလေသည်။ မင်းသားနှင့် မွေ့နိမိတ်တို့ အိမ်တော်လှေကားကို ရွှေဒဂ်ါး၊ ငွေဒဂ်ါး၊ ကြေးဒဂ်ါး များခင်းကာ ရွှေဖလားအတွင်းရှိရေကို သပြေခက်နှင့် ပက်ဖျန်း၍ အိမ်တက်မဂ်လာပြုကြသည်။ မပိုင်ဆရာတော်နှင့် သံဃာတော်များအား ပင့်၍ ဆွမ်းကပ်ပြီး ငါးပါးသီလဆောက်တည်ကာ တရားနာကြလေသည်။
အိမ်တက်မဂ်လာပြုသည်အထိ မင်းကန်စီနှင့် မသိုက်တို့ ပြန်မရောက်ကြသေးပေ။ မင်းကန်စီမရှိ၍ အိမ်သစ်တက်မဂ်လာအတွက် မပိုင်ဆရာတော်မှ အခါပေးပြီး က္ကတြပသုန်ဓမိတ်က စီစဥ်ပေးရလေသည်။ အိမ်သစ်တက်ပြီး နောက်တရက်ကြာမှ မင်းသားနှင့် မသိုက်တို့ ပြန်ရောက်လာကြသည်။
မင်းသားနှင့် မသိုက်တို့ အိမ်တော်အဟောင်းသို့ရောက်လျှင် မင်းသားမှာ အိမ်တော်သစ်တွင် ပြောင်းရွေ့စံနေကြောင်း ပြောသဖြင့် အိမ်တော်အသစ်သို့ လိုက်သွားကြရလေသည်။ အိမ်တော်သစ်ကို မြင်လျှင် မမွေ့ကလော၏ လက်သမားပညာအစွမ်းမှာ မင်းကန်စီပင် သြချရသည်။ မင်းကန်စီလည်း မိမိတို့ ပြန်ရောက်ကြောင်း မင်းသားအား သံတော်ဦးတင်ရန် အိမ်တော်ပေါ်သို့ တက်ခဲ့သည်။
အိမ်တော်ပေါ်သို့ ရောက်သောအခါ မင်းသားအား ရှိခိုးပြီး ထိုင်လိုက်လျှင် မင်းသားအပါးတွင် မိန်းမတယောက်ခစားနေသည်ကို တွေ့လိုက်ရသည်။ ရွှေငွေများဝတ်ထားပြီး သပ်ယပ်စွာ ဖြီးလိမ်းပြင်ဆင်ထားသဖြင့် မင်းကန်စီမှာ ဇင်းမယ်သူတစ်ယောက်လော သို့မဟုတ် အယုဒ္ဓယသူတယောက်လော ဟု သံသဖြစ်နေမိသည်။
အသေအချာကြည့်သောအခါတွင်ကား ဒဂုံမြို့စျေးထဲတွင် တွေ့မြင်နေကြ ဆီသည်မ ဖြစ်ကြောင်းသိလေသည်။ မင်းသားသည် ဆီသည်မကို ကြည့်ပုံ မရိုးဟု ထင်ခဲ့သော်လည်း သခင်မတလမေဒေါနှင့် သားတော် ဗောလောကျန်းဒေါတို့ မျက်နှာထောက်၍ မင်းသားသည်ထိုသို့ မြန်မြန်ဆန်ဆန် မဆုံးဖြတ်လောက်ဟု ယူဆသဖြင့် မည်သို့မျှ စကားမဆိုခဲ့။ ယခုမှာတော့ နောက်ခဲ့ပြီ။ ဆီသည်မ မွေ့မနိပင် သလွန်ပေါ်ရောက်နေချေပြီ။ ပြောလျှင်လည်း ထူးမည်မဟုတ်တော့။
" ပြန်ရောက်ပြီလား၊ နောင်တော်။ မိခင်ရော ကျန်းကျန်းမာမာရှိပါစ "
" မှန်ပါ၊ ကျန်းမာပါတယ် မင်းသား။ "
မင်းကန်စီမှာ မွေ့မန်တ်ကိုသာ ကြည့်၍ အကဲခတ်နေသည်။ မင်းသားလည်း မင်းကန်စီမှာ မေွ့မနိတ်ကို ကြည့်နေသည်ကို ရိပ်မိသည်။ ထို့ကြောင့် မွေ့မနိတ်အား ခေါ်ထားကြောင်း ပြောလေသည်။
" အော် နောင်တော်မရှိတုန်း မွေ့မနိတ်ကို ခေါ်ထားတော့ နောင်တော် မသိရော့နေမယ်။ ကျုပ် နောင်တော်တို့ သခင်မ တလမေဒေါမရှိတော့ ဒဂုံမှာဆင်းရဲတာနဲ့ ကျုပ်ကို ပြုစုလုပ်ကျွေးဖို့ ဆီသည်မလေး မွေ့မနိတ်ကို ခေါ်ထားလိုက်ရတယ်။ နှမတော် တလမေဒေါလည်း လက်ခံမှာပါ "
" လက်ခံမည် ထင့်ပါ့ဘုရား "
မင်းကန်စီသည် ခပ်ပြတ်ပြတ်ဖြေကာ မင်းသားကို ရှိခိုးပြီး အိမ်တော်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။ မွေ့မနိတ်မှာ ခေါင်းကို ငုံ့၍သာထားသည်။ မင်းကံစီကို မကြည့်ချေ။
မင်းကံစီသည် လှေကပြင်သို့ ရောက်လျှင် ဘောမွန်ကို ရှာကြည့်သည်။ ဘောမွန်မှာ အိမ်နောက်ဖက်တွင် မသိုက်နှင့်ရှိနေသဖြင့် ဘောမွန်ရှိရာသို့သွားပြီး မွေ့မနိတ်အကြောင်း မေးမည်ပြုသည်။
" ဘောမွန်၊ မင်းတို့ မင်းသားက ဆီသည်မကို ခေါ်လာတာ မတားကြဘူးလား။ "
" ကိုရင်ရယ်။ ကျုပ်တို့လည်း အစပိုင်း ပြောပါ့။ ကာမပိုင် ယောကျား ရှိကြောင်းလည်း မင်းသား သိပါ့။ သို့ပေမယ့် ကိုရင်လည်း သိသားနဲ့။ ကိုရင်တို့ မင်းသားက သူဖြစ်ချင်ရင် ဘယ်တုန်းက တားရဘူးသို့လဲ။ "
ဘောမွန်နှင့် မသိုက်တို့မှာ မင်းကံစီကို ကိုရင်ဝတ်ခဲ့သည့်အတွက် ကိုရင်ဟု ခေါ်ကြပြီး မင်းသားကသာ တလေးတစားဖြင့် နောင်တော်ဟု ခေါ်လေသည်။ မင်းသား အကြောင်းကို မင်းကံစီလည်း သိသည်။ သူဖြစ်ချင်သောအရာကို မရ ရအောင်ယူတတ်သည်။ ၎င်းကို တား၍လည်း မရပေ။
" အေးကွာ။ ဒဂုန်မှာ မိန်းမရှားသလား။ လင်ရှိမယားကိုမှ၊ ခု သူ့လင်ရော ဘယ်မလဲ "
" မင်းသား မွေ့မနိတ်ကို ခေါ်လာကတည်းက မွေ့မနိတ် ယောကျားကို မတွေ့တော့ဘူး ကိုရင်ရဲ့ "
" မတွေ့တာ မကောင်းဘူး။ ဒီကောင် ငြိမ်မနေဘဲ ပဲခူးကိုသွားပြီး ဂုန်းချောရင် ခက်ချေမယ် "
ဘောမွန်လည်း မင်းကန်စီပြောသော စကားကြောင့် ပေါ့ပေါ့တွေးထားသော ကိစ္စအတွက် စိတ်လေးသွားသည်။ မင်းကန်စီသည် ဘောမွန်အားစကားပြောနေရင်မှ မြင်းစောင်းသို့သွား မြင်းတစီးကို ယူပြီး မြင်းပေါ်တက်လိုက်သည်။
အပိုင်း ၃၈ ဆက်ရန်
#ရဲဘုန်းသွင်
Telegram မှာလည်း စာဖတ်လို့ ရပါပြီဗျ။
https://t.me/yebhonethwin
#ဗညားနွဲ့ #မွေ့နိမိတ်
#အပိုင်း၃၇
#ဟံသာဝတီနေထွက်ချိန်
#TheSunriseofHANTHARWADY
ဓာတ်ပုံ - ကောလင်းမင်းသားနှင့် မိုင်းနောင်ထိပ်ခေါင်တင်
Keep Reading