toho
နားထောင်ပါဆိုသည့် စကားလုံးကိုမြင်သည့်အခါ သင်သည် မြောက်မြားစွာကိုတွေးမိမှာမုချပေ။မြောက်မြားစွာဟု ဆိုရသည်မှာ နားထောင်ခြင်းသည် သီချင်းဖြစ်နိုင်သည်၊ပတ်ဝန်းကျင်၏ အဆိုးအကောင်းကို နားထောင်ခြင်းလည်ဖြစ်နိုင်သည်၊စာအုပ်များကို အသံဖြင့်နားထောင်ခြင်းလည်း ဖြစ်နိုင်သည်၊မိဘစကား၊ဆရာသမား၊သက်ကြီးရွယ်အို၊မိမိထက်ဂုဏ်သိက္ခာကြီးသောသူတို့၏ စကားများကို နားထောင်ခြင်းလည်းဖြစ်နိုင်သည်၊တစ်ပါးသူက ရင်ဖွင့်ပြောဆိုတိုင်ပင် နှီးနှောခြင်းကို နားထောင်ခြင်းလည်းဖြစ်နိုင်သည်၊လေသံ၊မိုးသံ၊တိုက်သံ၊ခိုက်သံ၊ငိုယိုသံ အစရှိသည့် အရာတို့ကိုလည်း နားထောင်းခြင်းလည်း ဖြစ်နိုင်သည်။နားထောင်ခြင်းဆိုသည်မှာ များပြားလှ၏။ဟုတ်သည် အတော်ပင်များပြားလှ၏။ သို့သော် ထိုအထဲတို့တွင် ကျွန်ုပ်နှင့်အသင်တို့ နားထောင်ရတာမကြိုက်သည့် အရာများရှိသလို ကြိုက်သည့်အရာများလည်း ရှိ၏။ ဥပမာ သီချင်းသံကိုနားထောင်ရသည်ကိုကြိုက်နှစ်သက်သော်လည်း တစ်ပါးသူ၏ဆိုဆုံးမစကား၊ရင်ဖွင့်စကားတို့ကို နားထောင်ရသည်မှာ မကြိုက်နှစ်သက်သူများပြားလှ၏။ဟုတ်သည် ထိုအရာတို့သည် ငြီးငွေ့ဖွယ်ကောင်း၏၊ထိုအရာတို့ကို နားထောင်ဖို့ အချိန်မပေးနိုင်ကြ၊စိတ်မရှည်ကြ၊မိမိသာလျှင် ပြောလိုကြသည့် လူများ မြောက်မြားစွာပင်။
ကျွန်ုပ်တို့သည် လူ့ဘုံလောကတွင် နေထိုင်ကျက်စားသွားလာ နေရသဖြင့် လူပေါင်းဆံ့ဖို့သည် လွန်စွာအရေးပါ အရာရောက်၏။သို့ဖြစ်၍ ကျွန်ုပ်တို့ လိုက်နာကျင့်ကြံရမည့် နည်းလမ်းများထဲတွင် နားထောင်ခြင်း ဆိုသည့်စကားသည် လွန်စွာမှ အရေးကြီး၏။ ကျွန်ုပ်တို့သ်ည တစ်ခါတစ်ရံတွင် စိတ်ဓာတ်ကျခြင်း၊အဆင်မပြေခြင်း၊ကိုယ်စီကိုယ်ငှ ဒုက္ခတရားများရှိကြသည်။ထိုကဲ့သို့ရှိလာသည့်အခါ၌ ကျွန်ုပ်တို့၏ခံစားရသော ဝေဒနာများ၊စိတ်ဒုက္ခများ၊မြိုသိပ်ထားသည့်အရာများ၊ဆွေးနွေးချင်သည့် အရာများ ရှိလာသည့်အချိန်တွင် နားထောင်ပေးမည့်သူအား လိုလားတောင်းတကြစမြဲပင်။အဘယ်ကြောင့်ဆိုသော ရင်ဖွင့်ခြင်းသည် ခံစားနေရသော ဝေဒနာများ သက်သာစေသောကြောင့်ပင်။သို့သော်လည်း တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့ထင်သလောက် ခရီးမပေါက်ချေ။အကြောင်းမူကား နားထောင်ပေးသည့်သူသည် သူ၏အကြောင်းများ ပြောသည်က များသောကြောင့်ပင်။ကျွန်ုပ်၏ရင်ဖွင့်သံကို နားထောင်ပေးမည့်အစား သူ၏ဩဝါဒများကို ကျွန်ုပ်တို့အား နားထောင်စေလိုသည်ကများကြသည်။ထိုအချက်သည် လူတိုင်းနီးပါးလောက်တွင် ရှိကြစမြဲပင်။ဟုတ်သည် ကျွန်ုပ်သည်လည်းရှိ၏။
ထိုကဲ့သို့အခါများတွင် ရင်ဖွင့်သူသည် မိမိ၏ရင့်ဖွင့်စကားနားမထောင်သည့်သူအားငြိုငြင်ပေလိမ့်မည်။ထိုကဲ့သို့အခါများတွင် ရင်ဖွင့်သူသည် နောက်တစ်ကြိမ် ထိုသူ၏ထံတွင် ရင်ဖွင့်ချင်မည်မဟုတ်ချေဟု ကျွန်ုပ်ထင်၏။အကြောင်းမူကား ရင်ဖွင့်သူ၏ဝေဒနာမသက်သာသောကြောင့်ပင်။
သင်တွေးကြည့်ကြည့်ပါ။အကယ်၍သင်သည် နားထောင်သူသာဖြစ်ပါက ရင်ဖွင့်သူ၏အခက်အခဲသိရမည်။သူ့အား နည်းလမ်းကောင်းများပေးနိုင်သည်။သူသည်လည်း သင်နှင့်ပို၍အကျွမ်းဝင်လာမည်။သင်ရင့်ဖွင့်သည့်အချိန်တွင် သူလည်းနားထောင်ပေးလိမ့်မည်။သူ၏ဘဝအကြောင်းများကို သင်မမေးဘဲနှင့် သင်သိရလိမ့်မည်။ထိုသူနှင့်လည်း လုပ်ငန်းပိုင်းဆိုင်ရာတွင် ပိုပြီး လုပ်ရသည်မှာ အဆင်ပြေချောမွေ့လိမ့်မည်။ ထို့အပြင် အခွင့်အရေးအများကြီး ရှိပါသေးသည်။ထိုအခွင့်အရေးမျိုးရသည်မှာ မည်မျှကံကောင်းသနည်း။သင်တွေးကြည့်ကြည့်ပါ။သင့်၌အပေါင်းအသင်းလည်း ပိုမိုများပြားလာလိမ့်မည်ဖြစ်၏။
သို့ပါသော်လည်း မည်မျှပင်အခွင့်အလမ်းကောင်းများ ပေါများစေကာမူ ထိုအချက်ကိုကျင့်သုံးရန် ခက်ခဲ၏။ဟုတ်သည် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အကြောင်းကို ပြောရသည်မှာ ပိုမိုစိတ်ဝင်စားကြသောသူဖြစ်သည်။(ကျွန်ုပ်ဆိုလိုသည်မှာ လူအားလုံးမဟုတ်၊လူအများစုကို ဆိုလိုခြင်းဖြစ်သဖြင့် သင်သည်လည်း လူစားမျိုးအထဲဝင် ပါဝင်ချင်မှ ပါဝင်လိမ့်မည်။) တစ်ခါတစ်ရံတွင် တစ်ဖက်သူသည် စကားနားထောင်ရင်းပင် ကြားဝင်ဖြတ်၍ မိမိ၏အကြောင်းနည်းနည်းကဲလိုက်သည့် အခါများလည်း ရှိကြချေလိမ့်မည်။ထိုကဲ့သို့ ကြားဖြတ်ဝင်ပြောခြင်း ရိုင်းသည်။မယဉ်ကျေးချေ။
အမှန်တကယ် စကားပြောကောင်းသူမှာ နားထောင်တတ်သောသူဖြစ်သည်။နားထောင်သည်ဆိုပြီး အင်းမလုပ်၊အဲမလုပ်ဘဲနှင့် ကျောက်ရုပ်ကြီးသဖွယ် နားထောင်နေပါက ပြောသူသည် အနည်းငယ်စိတ်ပျက်သွားလိမ့်မည်။အဘယ်ကြောင့်ဆိုသော် သူကသာ ပြောရပြီး တစ်ဖက်လူထံမှ ဘာအသံမှမကြားရသောကြောင့်ကတစ်ကြောင်း၊ရုပ်တည်ကြီးဖြင့် စိတ်ဝင်စားသည့် သဏ္ဌာန်မပေါ်သည့်ကတစ်ကြောင်း စသည်တို့ကြောင့်ဖြစ်၏။ထို့ကြောင့် သင်နားထောင်သည့်အခါတွင်လည်း မျက်နှာရွှင်ထား၍ တစ််ဖက်လူ၏ စကားများကို စိတ်ဝင်စားမှု အပြည့်ပေးရမည်။တစ်ဘက်သူအား ပို၍ပြောရလွယ်ကူအောင် စကားလမ်းကြောင်းဖောက်ပေးရမည်။ခန္ဓာကိုယ်အမူအရာ ရက်ရောနေရမည်။ ထိုကဲ့သို့အခါတွင် တစ်ဖက်သူသည် သင့်အား ယုံကြည်စိတ်ချစွာ ရင်ဖွင့်စကားဆိုလိမ့်မည်။
အစည်းအဝေးတို့တွင်လည်း ပြောသူတို့၏ စကားများကို စိတ်ဝင်စားမှုအပြည့်ပေးရမည်။ဂရုစိုက်နားထောင်ပေးရမည်။ကြားဖြတ်မပြောဘဲ တစ်ဖက်သူ၏ ပြောစကားများကို ကုန်စင်အောင် နားထောင်ရမည်။ထိုကဲ့သို့အခါတွင် သင်၏အလှည့်ကျရောက်ပါကမူ သင့်အားလည်း ဂရုတစိုက်နားထောင်ပေးလိမ့်မည်။စိတ်ဝင်စားမှုရှိကြလိမ့်မည်။ကျွန်ုပ်သည်လည်း ကိုယ်တွေ့ကြုံဖူး၏။ထိုအဖြစ်အပျက်သည် ကျောင်းတုန်းကဖြစ်၏။သို့သော် ထည့်၍မဖော်ပြတော့ပေ။
ကျွန်ုပ်ဆိုလိုသည်မှာ စကားပြောကောင်းသူသည် စိတ်ဝင်စားမှုအပြည့်ဖြင့် နားထောင်ပေးခြင်းဖြစ်သည်။သို့သော်လည်း လူအများစုသည် စကားပြောကောင်းသူကို စကားကြွယ်ခြင်းဟုလည်း သတ်မှတ်ထားကြသည်။ကျွန်ုပ်ဆိုသည်မှာ ထိုကဲ့သို့မဟုတ်။
ဥပမာ သင်သည် တစ်ယောက်ယောက်အား ရင်ဖွင့်သောအခါ ထိုသူသည် သင့်၏စကားများကို စိတ်ဝင်စားမှုအပြည့်တို့ဖြင့် နားထောင်သည်။ထိုအခါ သင်သည် သူနှင့် အလွန် သပ္ပါယဖြစ်ပြီး ထိုသူအားနှင့် စကားပြောရသည်မှာ အလွန်ပင်ကောင်းသည်ဟု တွေးထင်မိလိမ့်မည်။ထိုအခါ သင်သည် ထိုသူအား စကားပြောကောင်းသူဟု မှတ်ထင်ပေလိမ့်မည်။ကျွန်ုပ်ဆိုလိုသည်မှာ ဤကဲ့သို့ဖြစ်သည်။
သို့ဖြစ်သော်ကြောင့် သင်သည် စကားပြောကောင်းချင်ပါကမူ တစ်ဖက်သူ၏စကားများအား စိတ်ရှည်လက်ရှည်ဖြင့် စိတ်ဝင်စားမှုအပြည့်ပေး၍ နားထောင်းပေးတတ်ခြင်းဖြင့် သင်သည် စကားပြောကောင်းသူ ဖြစ်လာပေလိမ့်မည်မှာ မလွဲဧကန်ပင်။
စာလုံးပေါင်းသတ်ပုံများ၊သဒ္ဒါအထားအသိုများ ချွတ်ယွင်းလွဲမှားခဲ့သည်ရှိသော် အနူးအညွတ်တောင်းပန်လိုပါသည်။ဖတ်ရှုပေးသည့်သူအပေါင်းတို့အား ကျေးဇူးတင်ရှိပါသည်။
Keep Reading