သင်္ခါရ လောကသား
လူအများမှာ မိမိ၏ အာရုံငါးပါးထဲမှ တစ်ပါးဖြစ်သော အရသာအာရုံကို အလွန်ပင် မက်မောကြသဖြင့် အရသာကောင်းမွန်သော မုန့်ပဲ၊ သွားရည်စာ တို့ကို
တီထွင်၊ ရှာဖွေ၊ ဖန်တီးစားသောက်ကြသည်မှာ ဟိုးရှေးယခင်ကတည်းကပင်ဖြစ်သည်။
ဂျုံမှုန့်ကို များစွာအသုံးပြု၍ မတူကွဲပြားသော မုန့်များစွာ ပေါ်ထွက်လာသည်မှာ ယနေ့တိုင်အထိဖြစ်သည်။ ဂျုံမှုန့်ကို ယဥ်ကျေးမှု အစားအစာပြုလုပ်ရာတွင် ပါဝင်သော ပါဝင်ပစ္စည်းအဖြစ်လည်း အသုံးပြုကြသည်။ အလွန်အရသာ ရှိသောမုန့်များကို ပြုလုပ်ရာတွင် ဂျုံမှုန့်နှင့် အချိုဓာတ် တို့မှာအရေးကြီးသော အခန်းကဏ္ဍမှပါဝင်ရသည်။ ဂျုံမှုန့်ချည်းဘဲ ဆိုလျှင် အရသာပေါ့ပျက်ပျက်ဖြင့် ဝါးနေရသည်။ ဂျုံမှုန့်မပါသော အချိုဓာတ်ဖြင့် ပြုလုပ်သည့်မုန့်မှာလည်း မုန့်ချို အဖြစ်သော်လည်းကောင်း သူ၏ တွဲဖက်ဖြစ်သော ဂျုံ မပါသောကြောင့် အရသာမျိုးစုံ၊ အထိအတွေ့မျိုးစုံ ကိုမပေးစွမ်းနိုင်ပေ။
ဂျုံမှုန့်နှင့် အချိုဓာတ်ပေါင်းပြီး သစ်ကြံပိုးခေါက်ကဲ့သို့ အနံ့အာရုံကို ဆွဲဆောင်စေသော အကူပစ္စည်းလေးပါ ရောနှောလိုက်လျှင် ထိုမုန့်သည် အနံ့၊ အရသာပါ ပြည့်စုံလုနီးဖြစ်ပေသည်။ မျိုးစုံသော အရသာတို့ကို ပေးစွမ်းနိုင်ရန် နို့၊ ကြက်ဥ၊ ဆားတို့ကိုပါ ထည့်ပြီး မုန့်အား ကြွပ်ရွ၊ ဖောင်းပွစေရန် ပွဆေး တို့အားထည့်ပြီး ထိုအရောအနှော မုန့်နှစ်ကြီးအား ဆီမြုပ် ကြော်လိုက်ပါက ဒိုးနပ်မုန့် ဖြစ်လာလေသည်။
အရှေ့အာရှတွင် အများဆုံး စိုက်ပျိုးကြသည်မှာ ဆန်စပါးပင်ဖြစ်လေသည်။ ဆန်စပါးများထဲမှ ကောက်ညှင်းဆန် အမျိုးအစားမှာ ချက်ပြုတ်စားလျှင်သော်လည်းကောင်း အမှုန့်ကြိတ်ကာ ရိုးရိုးဆန်မှုန့်နှင့် တွဲဖက်ပြီး ရောနှောပါက အဆာပြေမုန့်အဖြစ် သော်လည်းကောင်း စားသုံးနိုင်သည်။ ကောက်ညှင်းဆန်တစ်မျိုးတည်းကို အမှုန့်ကြိတ် ရေနှင့်နယ်ပြီးပေါင်းလျှင် ကောက်ညှင်းပေါင်းကိုရန်ိုင်သည်။ ကောက်ညှင်းပေါင်းကို ပဲပြုတ်လေးနှင့်နယ် ဆီလေးဆမ်း အရသာပေါ့ပါက ဆားလေး နှင့် နယ်ဖတ်လိုက်ပါက အရသာအမျိုးမစုံသော်လည်း ကောက်ညှင်း၏စေးကပ်မှုဆီ၏အရသာနှင့် ပေါ့ပျက်ပျက်မဖြစ်စေရန် ထိန်းပေးထားသော ဆားတို့နှင့် ဝါးလျှင် ဇလုံးဇခု အရသာလေးဖြစ်စေသောပဲပြုတ်တို့မှာ တွဲဖက်ညီလျက် အရသာကောင်းမွန်သော ကောက်ညှင်းပေါင်းကို ရပေ၏။ ကောက်ညှင်းမှုန့်နှင့် ဆန်မှုန်တို့ ပေါင်းစပ်ရောနှောကာ အပေါ့အငန်အတွက် ဆားလေးထည့်၊ မုန့်နှစ်ဖြစ်စေရန် သင့်တင့်သည့် ရေရော ပြီးပါက ဆီမြုပ်ကြော်လျှင် မုန့်လက်ကောက်ဖြစ်လာလေသည်။
ဒိုးနပ် နှင့် မုန့်လက်ကောက်မှာ အလယ်တည့်တည့်တွင် အပေါက်ကလေးရှိသည်မှာတူသော်လည်း အရသာ နှင့် ပါဝင်ပစ္စည်းတို့မှာမတူကြပေ။ မုန့်လက်ကောက်မာ အလယ်တွင် အပေါက်ကလေးရှိနေသည့်အတွက် လက်ကောက်ဝတ်တွင်ဝတ်ဆင်ရသည့် လက်ကောက်အဆင်တန်ဆာ ဖြင့်တူသောကြောင့်
မုန့်လက်ကောက်ဟု ခေါ်ဆိုရခြင်းဖြစ်သည်။
ဒိုးနပ်မှာ မုန့်အနှစ် အင်္ဂလိပ်အခေါ်(ဒိုး) ကြီးကို အစာ ပြည့်စုံစွာဖြင့်ကြော်ထားသောကြောင့် ဒိုးနပ်ဟုခေါ်ဆိုကြသည်။ မုန့်လက်ကောက်ကို သကာရည်၊ထန်းပင်မှရသည့်ပင်ကျရည်ကို ကြိုချက်ကာ ပြုလုပ်သည့်ထန်းလျက်ခဲကို တဖန်ပြန်ကြိုချက်ပြီး ထန်းလျက်ရည်တို့ဖြင့် တွဲဖက်စားသုံးလျှင် ပို၍အရသာရှိသည်။ ဒိုးနပ်မှာမူ ကိုကိုးအပင်မှ ကိုကိုးသီးကိုကြိုချက်ပြီး အပေါ်မှ ဆမ်းချပြီး သကြားမှုန်၊ အချိုမှုန်လေးများ ဖြူးလိုက်ပါက အရသာပို၍ရှိသွားလေသည်။
ဒိုးနပ်မှာမူ ၁၈၄၇ အမေရိကန်န်ိုင်ငံသား ဟန်ဆန် ဂရီဂိုရီ က သံပုရာကုန်သွယ်သည့် သင်္ဘောပေါ်တွင် တီထွင်ခဲ့သည့် အချိုမုန့်ဖြစ်သည်။ မုန့်လက်ကောက်မှာမူ ဟိုးရှေးယခင်ကတည်းကပင် မြန်မာမင်းများ၏ စားသုံးခြင်းကိုခံရသော ကောက်ညှင်းမုန့်ဖြစ်ပေသည်။
ဒိုးနပ်မှာမူ ပါဝင်ပစ္စည်းများသောကြောင့် ဈေးမြင့်ပေသည်။ အလတ်လက်တန်းစားလူတချို့နှင့် လူကုံထံအသိုင်းအဝိုင်း၏ စားသုံးခြင်းကို ခံရသဖြင့် ဇောင်ကြွကြွ။ သို့သော် မုန့်လက်ကောက်မှာမူ ပါဝင်ပစ္စည်းနည်းသောကြောင့် ပြုလုပ်ရန်လွယ်ကူပြီး ဖုန်တသောသောထနေသော လမ်းဘေးတွင် ချွေးတစီးစီးကျနေသော အကြော်သည်တို့၏ ဈေးပေါပေါပဲပဲဖြင့် ရောင်းချမှုကို ခံရပေသည်။ မုန့်လက်ကောက်မှာမူအဆာပြေစားယုံလောက်သာကောင်း၏။ အာသာပြေသည်အထိစားသုံးပါက ရင်တောင့်န်ိုင်သည်။
ဆီမြုပ်ကြော်ထားသောကြောင့် သော်လည်းကောင်း၊ကောက်ညှင်း၏ ဓာတ်သဘောကြောင့်သော်လည်းကောင်း ဆီးချုပ်ဝမ်းချုပ် ဖြစ်နိုင်သည်။ သို့သော် မုန့်လက်ကောက်မှာမူ ထန်းလျက်ရည် နှင့်တွဲဖက်စားရသောကြောင့် လွယ်လွယ်ကူကူ ဗိုက်ပြည့် နိုင်သည်။ ဈေးလည်းအသင့်အတင့်ရှိသည့်အတွက် လူတန်းစားမရွေးစားသုံးနိုင်သည်။ တစ်ခါတစ်ရံပင် လူကုံထံတို့၏ စားသုံးခြင်းကိုလဲ ခံရပေသည်။ ဒိုးနပ်မှာမူ မုန့်လက်ကောက်လောက်မရိုးရှင်းသောကြောင့် တစ်ခါတစ်ရံ ဒိတ်ကုန်သည်အထိ ဝယ်စားမည့်သူမရှိကြ။ မွေးနေ့ပွဲ၊ပါတီပွဲ တို့လိုအထိမ်းအမှတ်ပွဲများရှိမှ ဝယ်ယူစားသုံးခြင်းများစွာကိုခံရသည်။
ဒိုးနပ်တို့သည် လူကုံထံတို့၏ တစ်ခါတစ်ရံမနက်စာအဆာပြေအဖြစ် ကော်ဖီ၊ လဖိတ်ရည်တို့ဖြင့် တွဲဖက်စားသုံးခြင်းကိုခံရသည်။ အလုပ်ကြမ်းခွင်တို့၌ အလုပ်လုပ်သောသူတို့သည် မုန့်လက်ကောက်အား အဆာပြေစားရမည် ဆိုလျှင် ၎င်းတို့၏ လုပ်ခလစာနှင့် သင့်တော်သောကြောင့် အားရဝမ်းသာစွာ စား၍ပျော်ကြသည်။ မုန့်လက်ကောက်၏ တန်ဖိုးမှာမူ ယင်းရောက်ရှိနေသော နေရာနှင့်လိုက်၍ တန်ဖိုး ပြောင်းလဲသည် ငွေတန်ဖိုး ၁၀၀၀ဆိုလျှင် ၁၂ခု ရနိုင်သော လမ်းဘေးဆိုင်လေးမှ ဒေါ်လာပေး၍ တည်းရသော ကြယ်ငါးပွင့် ဟိုတယ်ကြီးတွင် ငွေဖြူရောင် ပန်းကန်ပြားဖြင့်ထည့်ကာ ထန်းလျည်ရည်ကို ဘေးတွင် ဆမ်းထားသောမုန့်လက်ကောက် ၅ကွင်းသာပါရှိသည့် အဆာပြေမုန့်ပွဲလေးမှာ သောင်းနှင့်ချီ ရှိနေတတ်သည်။ သို့သော် စတိုးဆိုင်၊တစ်သီးပုဂ္ဂလ ဆိုင်များတွင် ဈေးကြီးပေးဝယ်ရသော ဒိုးနပ်တို့မှာမူ ထိုကဲ့သို့ ဟိုတယ်ကြီးများတွင် တန်ဖိုးနည်းစွာ တောင်လိုပုံလျက် "ဘူဖေး" စနစ်ဖြင့် စားသုံးခြင်းကိုခံရသည်။ မုန့်လက်ကောက်မှာမူ နေရာဒေသကို လိုက်၍ တန်ဖိုးမြင့်သော်လည်း ဒိုးနပ်မှာမူ မည်သည့်နေရာမဆို တန်ဖိုးများမှာ မတိမ်းမယိမ်း ရှိနေသည်။
မြန်မာနိုင်ငံမှထွက်၍ အနောက်ဥရောပ နိုင်ငံများနှင့် ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာ အတွင်းရှိ ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုတို့သို့ သွားရောက်၍ မြန်မာမှုပြုသော မုန့်လက်ကောက် ကိုရောင်းချမည် ဆိုလျှင် အဝေးရောက် မြန်မာန်ိုင်ငံသားတို့သည် မိမိမြန်မာပြည်၏အငွေ့အသက်အားလွမ်းဆွတ်သောကြောင့် မြန်မာငွေနှင့်တွက်ပါက မုန့်လက်ကောက် ၅ကွင်း ၁သောင်းခွဲဖြစ်သော်လည်း ဝယ်၍စားကြမည်ဖြစ်သည်။ အပေါ်ယံသည် ဆီနှင့် ထိတွေ့ရသောကြောင့် ကြွပ်ကာအထဲတွင် ရှိသောကောက်ညှင်းသားတို့၏ စေးပျစ်မှုကို ထန်းလျက်၊ သကာရည်နှင့် နှစ်တို့ စားလျက် မိမိ မွေးဖွားရာ ဇာတိဒေသ၊ မိမိ ဆွေမျိုးမိဘ၊ မိမိ မိတ်ဆွေ သူငယ်ချင်းများအား ပြန်လည်လွမ်းဆွတ် သတိရနေမိစေသည်။ မိမိမြန်မာပြည်တွင် မြန်မာငွေနှင့် ဈေးကြီးပေး၍ စားသုံးခဲ့ရသော ဒိုးနပ်သည် ယခုအခါ စားသုံးနေသည့် မုန့်လက်ကောက် လောက်တန်ဖိုးမရှိမှန်း မိမိနားလည်လာပေမည်။ မိမိမှာလူကုံထံမဟုတ်သောငြား ယခုအခါ ဒိုးနပ်ကို မိမိစိတ်ရှိလျှင်ရှိသကဲ့သို့စားသုံးနေနိုင်သောကြောင့် ဒိုးနပ်စားသုံးနိုင်သည့်အတွက် မိမိကိုယ်ကို ဘဝင်လေဟပ်နေသည့် အဖြစ်ကို သတိပြုဆင်ခြင်မိနိုင်သည်။
အနှစ်ချုပ်ပြောရပါက မိမိသည် မိမိတန်ဖိုးကိုသိရှိနားလည်နိုင်သော အရပ်ဒေသ ကိုသွားရောက်ပြီး ယခင်ကထက် မိမိ၏ တန်ဖိုးကို မြှင့်တင်နိုင်ရမည်။ လမ်းဘေးဆိုင်တွင် အလွယ်တကူ ၁၂၀၀ကျပ်ဖြင့် ဝယ်ယူနိုင်သော ရေသန့်ဗူးသည် မီးရထား ပေါ်တွင် ၅၀၀၀ကျပ်ဖြင့် ဝယ်ယူရသည်။ လေယာဥ်ပေါ်တွင် လက်တစ်ဖဝါးစာ ရေလေးအားသောက်ရရန် လေယာဥ်လက်မှတ်ဖြတ်သည့်အခါ ထိုအဖိုးအခ များပါပါဝင်သည့်အတွက် အလွန်ပင်ဈေးကြီးလှသည်။ မိမိသည် မိမိရောက်ရှိနေသော အိုင်သေးသေးလေးထဲတွင်သာ မိမိ၏တန်ဖိုးကို မသိနားမလည်သော သူတို့၏ အထင်အမြင် ယူဆချက်တို့ကို နားထောင်မနေသင့်ဘဲ မိမိမှာ တန်ဖိုးမြှင့်သင့်သည်။ ဒိုးနပ်ကဲ့သို့ အနူတောထဲမှလူချော ဖြစ်ရန် မကြိုးစားသင့်ဘဲ မုန့်လက်ကောက်ကဲ့သို့ လူချောထဲမှလူတော် ဖြစ်ရန်ကြိုးစားသင့်ကြောင်း စာရေးသူတိုက်တွန်းရင်းနိဂုံးချုပ်အပ်ပါသည်။
Keep Reading