သင်္ခါရ လောကသား
ပြင်းထန်စွာ တုံ့ပြန်ခြင်းသည် အလွန်အမင်း စိတ်သောကရောက်ချိန်၊ စိတ်ဒေါသထွက်ချိန်၊ စိတ်ပူပန်ချိန်တွင် ပို၍အဖြစ်များလေ့ရှိသည်။ ထိုအခါ စိတ်မှ နာကျည်းမှု၊ မခံချင်မှု၊ မျိုသိပ်ထားမှု တို့ကြောင့် ထိန်းချုပ်မှုလွတ်ကင်းကာ ကိုယ်ခန္ဓာပါထိန်းချုပ် မရခြင်းဖြစ်သွားတတ်သည်။
လူတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှုဖြစ်ပေါ်ကာ ပြင်းထန်စွာ တုန်လှုပ်သွားသည့် အချိန်တွင် မိမိကိုယ်ကို မိမိ သတိမထားမိတော့ဘဲ အသိစိတ် လွတ်သည်အထိ မျိုသိပ်ထားရမှုတို့အား ဖွင့်ချကြသည်။ထိုအခါ စိတ်ရောကိုယ်ပါ ထိခိုက်မှုဖြစ်ကာ အများကိုလည်း စိတ်မသက်သာရာ ရောက်စေသည်။ ထိုကဲ့သို့စိတ်အခြေအနေ ရှိသောသူများသည် စိတ်ဖီစီးမှုများစွာပေးသော သင်ကြားရေးအလုပ်၊ ဖုန်းလိုင်းအော်ပရေတာအလုပ်၊ အသွင်ယူရသောအလုပ်ကဲ့သို့ အလုပ်မျိုးတို့ကို ရှောင်ရှားသင့်ကာ မိမိစိတ်ကိုအနားပေးသင့်သည်။
စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှု မကြာခဏ ဖြစ်ပွားကြိမ်နှုန်း များလာပါက မိမိယုံကြည်ရသော တစ်ယောက်ယောက်ကို ရင်ဖွင့်တိုင်ပင်ကာ မိမိ၏ အခက်ခဲများကို ပြောပြသင့်သည်။ ယုံကြည်ရသူမှာလည်း ယုံကြည်ထိုက်သူ ဖြစ်ဖို့လို၏။ မိမိ၏ယုံကြည်မှုကို နောင်တစ်ချိန် အလွဲသုံးစားလုပ်ကာ အောက်ဖဲလှန်ရန် ချောင်းနေမည့် အောက်တန်းကျသည့် စိတ်ဓာတ်ရှိသောသူ ဟုတ်မဟုတ် သေချာဆန်းစစ်သင့်သည်။ ထိုသို့မဟုတ်ပါက မိမိမှာ ယုံကြည်မှုပြဿနာကြောင့် တစ်ပူပေါ် နှစ်ပူဆင့်ပြီး မိမိစိတ်ပိုင်းဆိုင်ရာ ဝေဒနာတို့မှာ ပို၍ဆိုးလာနိုင်သည်။
မိမိ၏ ဘေးပတ်ဝန်ကျင်မှ ပြဿနာ၊ အပြောအဆိုတို့ကြောင့် မိမိမှာ မျိုသိပ်ထားရမှုတို့ကြောင့် မိမိသည် ပြောခွင့်မရှိသော်လည်း မိမိမှာ စိတ်မချမ်းမသာဖြစ်နေရရှာသည်။ ထိုအခါတွင် မိမိပါးစပ် ပိတ်နေရန်မလိုအပ်ပါ။ ယုံကြည်ရမည့်သူနှင့် တိုင်ပင်ကအခက်အခဲကို အကောင်းဆုံး ကျော်လွှားရန်သင့်သည်။ ၂၁ရာစု ရောက်နေပေပြီ။
မိမိကိုယ်ကို အဆုံးစီရင်မှုတို့ကို မပြုလုပ်သင့်။ မိမိကိုယ်တိုင် အဆုံးစီရင်နိုင်သည့် အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပေးခဲ့သည့် မိဘ၂ပါးအား ဦးထိပ်ပန်းဆင်လျက် မိဘ၂ပါးတို့၏ မျက်နှာအားမြင်ယောင်လျက် ခြေလှမ်း၁လှမ်းမမှားမှီ နောက်ဆုတ်သင့်သည်။ အခက်အခဲ ကျဥ်းထဲကျပ်ထဲ ရောက်မည့်လမ်းမှန်းသိ၍ မိမိလျှောက်ခဲ့ပါက ကျရောက်လာမည့်အခက်အခဲများကို မိမိမှာရင်ဆိုင်တတ်ရမည်။
တစ်ခါတစ်ရံ တချို့သော ပြဿနာတို့မှာမူ
ပြင်းထန်စွာ တုန့်ပြန်မှုနှင့် ဖြေရှင်းမှ တော်ကာကြမည်။ သို့သော် မိမိကိုယ်ကို မထိခိုက်စေခြင်းနှင့် တခြားသောသူများ စိတ်သောက မရောက်စေသည့် နည်းလမ်းများနှင့် ဖြေရှင်းရမည်။ ဥပမာ မိမိကိုယ်ကိုမိမိကာကွယ်ရန်၊ မိမိ၏ မိသားစုနှင့် ချစ်ရသောသူတို့ကို ကာကွယ်ရန် နှင့် မိမိတိုင်းပြည်ကို ကာကွယ်ရန် လိုအပ်လာသည့်အခါ ပြင်းထန်စွာ တုန့်ပြန်ခြင်းကို ထိရောက်စွာအသုံးချရမည်။
စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှု ဖြစ်ပွားခြင်းကို လျှော့ချရန် ခရီးများများထွက်သင့်သည်။ မိမိမရောက်ဖူးသော အရပ်ဒေသမှ ရိုးရာယဥ်ကျေးမှုပုံစံ၊ စားသောက် နေထိုင်မှုပုံစံ၊ ဘာသာစကားတို့အား လေ့လာလျက် မိမိမှာ မိမိစိတ်ဖီစီးမှုများ ပြေလျော့နိုင်သည်။ အဆိုးမြင်သည့်စိတ်များ နည်းပါးနိုင်သည်။ မစားဖူးသည့် အစားအစာများကို စားသုံးခြင်းဖြင့်လည်း အရသာအာရုံကို စူးစိုက်ရင်း မိမိ၏စိတ်ကို ပေါ့ပါးလန်းဆန်းစေသည်။ ချို၊ ချဥ်၊ ငန်၊ စပ်၊ ခါး တို့မှာမိမိ၏ ဦးနှောက်ကို ရသမျိုးစုံ ပေးစွမ်းနိုင်သည့်အတွက် မိမိမှာ စိတ်ဖီစီးမှု အတော်ကို လျော့ကျစေနိုင်သည်။ မိမိမှာ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်ပါက မိမိ မရောက်ဖူးသော အရပ်ဒေသတို့မှ ဘုရားကျောင်းကန်၊ စေတီပုထိုးတို့ကို သွားရောက်ဖူးမြော် ကြည်ညိုခြင်းအားဖြင့် စိတ်ကြည်နူးမှုကို ရစေသည်။ မိမိမှာ ဇာတိ ကျေးလက်မြေနှင့် ဝေးကွာစွာ နေထိုင်နေရသူ ဖြစ်လျှင်လည်း မိမိ ဇာတိကျေးလက်မြေကို ပြဿနာများမှ ခေတ္တခဏ အနားယူအားဖြည့်ရန် ပြန်လည် သွားရောက်သင့်သည်။ မိမိမှာ ငွေကြေးမပြည့်စုံသောသူ ဆိုလျှင်လည်း အသေးစား လုပ်ဆောင်ချက်များဖြစ်သည့် တောင်တက်ခြင်း၊ မနက်အစော နှင့် ညနေပိုင်းအနှေးပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ဆိုရှယ်မီဒီယာအသုံးပြုမှု ခေတ္တခဏ ရပ်ဆိုင်းကာ မိမိချစ်ရသောသူတို့အား အချိန်ပေးဂရုစိုက်ပြီး နွေးထွေးစွာနေသင့်သည်။ ချစ်ရမည့်သူ မရှိပါက မိမိကိုယ်ကိုမိမိချစ်သင့်သည်။ဂရုစိုက်သင့်သည်။
အနှစ်ချုပ်ပြောရပါက စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှုတို့မှ ဖြစ်ပေါ်လာသော ပြင်းထန်စွာ တုန့်ပြန်မှုသည် မိမိ၏ဘဝ၊ အကျိုးစီးပွား၊ မိမိချစ်ရသူတို့အပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်စေသည်နှင့်အမျှ မိမိ၏ စိတ်ကိုလည်း မကောင်းသည့်လဘက်အခြမ်းသို့ တွန်းပို့သွားနိုင်သည်။ ယခုအခါ မျိုသိပ်မှုတို့ကိုဖြေလျော့နိုင်သည့် စိတ်ကုထုံးများ၊ Rage room များမှာ ကမ္ဘာပေါ်တွင် ပေါ်ပေါက်လာပြီဖြစ်သည်။ တစ်ခါတစ်ရံ မနာလိုမှု နာကျည်းမှုတို့မှာလည်း ပြင်းထန်သည့် တုန့်ပြန်မှုတို့ကို ဖြစ်ပေါ်စေသည်။ စိတ်ကို ပေါ့ပါးစေသည့် အရာများကို မလုပ်ဘဲ မိမိစိတ်အာရုံအား အဆုံးအစွန်ထိ တွန်းပို့နေသော လုပ်ရပ်တို့ဖြစ်သော မနာလိုမှု၊ နာကျည်းမှု၊ စိတ်ဖိစီးမှု နှင့် မျိုသိပ်မှုတို့ကိုသာ လုပ်ဆောင်နေမည် ဆိုလျှင် မိမိမှာ ချိန်ကိုက်ဗုံးတစ်လုံး ဖြစ်သွားနိုင်ပြီး မိမိအနီးအနားတွင် နေထိုင်သူတို့မှာ မိမိကိုစွန့်ခွာသွားနိုင်သည်။ ချိန်ကိုက်ဗုံးမိမိကိုလည်း လွတ်လပ်မှုမပေးတော့ဘဲ ထိန်းသိမ်းသွားနိုင်သည်။ ထိုသို့ဖြစ်ရာ ခေတ်စနစ်တိုးတက် ပြောင်းလဲလာသည်နှင့်အမျှ စိတ်ကိုပျော်ရွှင်စေသည့် အရာများမှာလည်း တိုးတက်ပြောင်းလဲလာချေပြီ ဖြစ်သည်။ မျိုသိပ်ထားရမှုတို့ကို အတွေ့အကြုံ လောင်စာအဖြစ်ပြောင်းလဲကာ မိမိဘဝ တိုးတက်ရန် တွန်းအားအဖြစ်လုပ်ဆောင်သင့်သည်။ မိမိစိတ်ခန္ဓာအား ပြင်းထန်စွာတုန့်ပြန်မှု၏ အသုံးချခြင်းကို မခံရဘဲ မိမိ၏ဘဝကိုကောင်းမွန်လာစေသော အထောက်အကူဖြစ်စေသော နေရာများတွင်သာ စိတ်ဓာတ်ခွန်အားနှင့်ပြင်းထန်စွာ တုန့်ပြန်မှုတို့ကို ပေါင်းစည်းပြီး မပြုလုပ်နိုင်သည့်အရာတို့ကို ဖြစ်မြောက်အောင်မြင်စွာ ပြုလုပ်ဆောင်ရွက်သင့်သည်။ ရုတ်တရက် ဖြစ်ပေါ်လာသော အရှိန်အဟုန်နှင့် မိမိ၏ ပင်ကိုယ်စွမ်းရည်တို့ပေါင်းစည်း လိုက်ပါက မိမိမှာ အာဃလူသား ဖြစ်သွားနိုင်ပေသည်။ ပြင်းထန်စွာ တုန့်ပြန်မှုကို အသုံးချသင့်သည့် နေရာတို့၌သာ အသုံးချပြီး မသုံးသင့်သော နေရာတို့၌ အသုံးမချသင့်ပါ။ မိမိဘဝကိုတိုးတက်စေသည့်အပြင် စိတ်ကို ကြည်နူးပျော်ရွှင်စေကာ ဘဝ၏ အောင်မြင်မှု လမ်းကြောင်းပေါ်သို့
ပျော်ပျော်ကြီး တတ်လှမ်းနိုင်ကြပါစေဟု တိုက်တွန်းရင်း စာရေးသူနိဂုံးချုပ်အပ်ပါသည်။
Keep Reading