Thandaraung
မိုးစက်တွေ တဖွဲဖွဲကျတဲ့ ဇွန်လရဲ့ အစ နေ့ရက်မှာ သူမလေးကို ကျွန်တော်စတွေခဲ့တယ်။အဖြူအစိမ်းကို သပ်သပ်ရပ်ရပ်လေးဝတ်ဆင်လို့ သူ့ပါးက ရှင်မတောင်သနပ်ခါးနံ့လေးက ထူးခြားနေသလိုပါပဲ။ဆံပင်ကဂုတ်ဝဲ။ သွားထပ်လေးနဲ့ ပါးချိုင့် နက်နက်လေးတွေများပေါ်အောင်ပြုံးလိုက်ရင် ကမ္ဘာတစ်ခုလုံးတောင် တိတ်ဆိတ်သွားသလိုပါပဲဗျာ။အသက်(၁၆)နှစ်အရွယ် ၁၀တန်းကျောင်းသားတစ်ယောက်ရဲ့ ဖူးသစ်စရင်ခုန်သံလို့ဆိုရမလားပဲ။သူမလေးကို အဝေးကငေး ကြည့်နေရတာကိုက ရင်ထဲမှာနွေးနွေးလေး။ကျောင်းအပ်တဲ့နေ့ကတွေ့ခဲ့တဲ့ သူမလေးကို အတန်းစတတ်တဲ့နေ့မှာ ကျွန်တော် အပြေးအလွှားလေးရှာနေမိတယ်။ သိပ်မရှာလိုက်ရပါဘူး ကျွန်တော်ကမဟာဆောင် Bခန်း၊သူမလေးက Cခန်း အခန်းချင်းကပ်နေတော့ သူမလေးကို ကျွန်တော်မကြာမကြာ တွေ့ခွင့်ရပြီတော့။
ကျောင်းစတတ်တဲ့နေ့မှာပဲ သူငယ်ချင်းတွေကျေးဇူးနဲ့ သူမလေးရဲ့ နာမည်ကို သိခွင့်ရခဲ့တယ်။ "သက်ထက်မြတ်နိုး"တဲ့နာမည်လေးနဲ့လိုက်အောင် တကယ်ကိုမြတ်နိုးစရာကောင်းတဲ့ အမျိုးသမီးလေးပါ။ဘယ်သူတွေ ဘယ်လိုပဲခေါ်ခေါ် ကျွန်တော်ကတော့ သူမလေး လို့ပဲတိတ်တိတ်လေးခေါ်တယ်။
အိပ်ယာထပျင်းတဲ့ ကျွန်တော်က မနက်တိုင်းကျောင်းကိုစောစောသွားပြီး သူမလေးရဲ့ခုံပေါ်မှာ ပန်းနုရောင်နှင်းဆီပန်းလေးတစ်ပွင့်ကို မပျက်မကွပ် ထားပေးတတ်နေပြီ။ကျောင်းရှေ့က ခရေ ပင်အောက်မှာ သူမလေးအလာကို စောင့်ရတာကလည်း ကျွန်တော့်ရဲ့နေ့စဉ် ဖြတ်သန်းမှုတွေထဲတစ်ခုပါပဲ။ကျွန်တော့်ရဲ့ အချစ်တွေကရိုးစင်းပါတယ် ချစ်ရတဲ့သူမလေး အပြုံးကို မြင်နေရရင် ကျေနပ်နေတာမျိုး။ကျွန်တော့်ရဲ့ အားလပ်ချိန်တော်တော်များများကို Cခန်းမှာ ကုန်ဆုံးစေခဲ့တယ်။
ကျောင်းဖွင့်ပြီး ၃လလောက်အကြာမှာ ကျွန်တော်တို့ကျောင်းကိုကျောင်းသားသစ်တစ်ယောက်ရောက််လာတယ်။အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ ခံ့ညားတဲ့ရုပ်ရည်ရှိသူတစ်ယောက်ပါ။သူ့နာမည်က ထက်ဖြိုးသာ တဲ့။Cခန်းရှေ့မှာ မကြာခနဆုံဖြစ်ရင်း နောက်တော့ရင်းနှီးသွားတယ်။သူကလည်း ကျွန်တော့်ရဲ့ သူမလေးကို ချစ်သတဲ့ဗျာ။
သစ်ရွက်လှုပ်ရင်တောင်ရင်ခုန်တတ်တဲ့အရွယ်မှာ မျက်ခုံးနက်နက် တောက်ပတဲ့မျက်ဝန်းအစုံနဲ့ ယောကျ်ားချင်းတောင် နှစ်ခါပြန်ကြည့်ရတဲ့
ထက်ဖြိုး ကိုကျွန်တော့်ရဲ့သူမလေးလဲ ရင်ခုန်ရှာမှာပေါ့။ကျွန်တော့်က ပိုင်ဆိုင်လိုတဲ့ အတ္တတွေနဲ့ချစ်ခဲ့သည်မှမဟုတ်ဘဲ။သူမလေးပျော်နေရင် ရပြီလေ။ပန်းနုရောင်နှင်းဆီလေးတွေတော့ သူမလေးမသိအောင်ပို့နေမိတုန်းပါပဲ။
မိုးတွေသည်းသည်းမည်းမည်းရွာတဲ့နေ့ကပေါ့ ထက်ဖြိုးကအားရဝမ်းသာကျွန်တော်ကိုပြောတယ်။ "သူငယ်ချင်းရေ ငါမြတ်နိုးဆီက အဖြေရပြီတဲ့။" ဘာကြောင့်လဲမသိဘူး ကျွန်တော်တကယ်ကိုပျော်နေခဲ့တယ်။ မနာလိုမှုတွေ၊ဝမ်းနည်းမှုတွေ မရှိဘူး။ကျွန်တော်ချစ်ရတဲ့သူငယ်ချင်းနဲ့ သူမလေးတို့အတွက် ကြည်နူးနေမိတယ်။
အဲ့ဒီနေ့ကစပြီး ကျွန်တော်စက္ကူကြယ်ပန်းလေးတွေချိုးပြီး ဖန်ပုလင်းထဲ မှာထည့်ထားတယ်။ သူတို့ရဲ့မင်္ဂလာလက်ဖွဲ့အတွက်ရည်စူးပြီးတော့ပေါ့ ။ကျွန်တော် ရူးများရူးနေသလားလို့ တခါတခါ ကိုယ့်ကိုယ်ကိုယ် သံသယဝင်မိတယ်။ဒါပေမဲ့ ကျွန်တော်မရူးပါဘူး ကျွန်တော်က မြတ်မြတ်နိုးနိုးလေးချစ်နေမိရုံပါ။
အဲ့ဒီနှစ်ရဲ့ကံ့ကော်တွေဖူးတဲ့ နွေဦး မနက်ခင်းလေးတစ်ခုမှာ သူတို့ လမ်းခွဲလိုက်ကြပြီတဲ့။
ဒီတစ်ခါဟန်မဆောင်နိုင်အောင်ကျွန်တော်မျက်ရည်ကျခဲ့ရတယ်။ ပုလင်းတစ်လုံး မပြည့်သေးတဲ့ ကျွန်တော်ရဲ့ စက္ကူကြယ်ပန်းလေးတွေလည်းငိုနေမလား။ကျွန်တော့်ရဲ့ သူမလေးရော အဆင်မှ ပြေပါလေစ...။မှတ်မှတ်ရရပါပဲ အဲ့ဒီနှစ်က ကျွန်တော်၁၀တန်းကျ တယ်။သူမလေးနဲ့ရော ထက်ဖြိုးနဲ့ပါ ခုထိမဆုံ ဖြစ်တော့ဘူး။ဒါပေမဲ့ နွေဦးကိုရောက်တိုင်း စက္ကူကြယ်ပန်းလေးတွေ လက်ဖွဲ့အဖြစ်ပေးချင်ကြောင်း ဘုရားမှာဆုတောင်းမိတုန်းပဲ။ ။
Keep Reading