မမြင့်( Ma Myint )
🌸🌸🌸 စာရေးသူ ငယ်ငယ်တုန်းကပေါ့။
အလယ်တန်းရောက်တော့ ၁ နာရီ ကျော်လောက် လမ်း လျှောက်ပြီး သူများရွာမှာ ကျောင်းသွားတက်ရတယ်။ မနက် ၇ နာရီကျောင်းတက် ခေါင်းလောင်းထိုးပြီး ၁၁ နာရီမှာမှ ကျောင်းဆင်း ခေါင်းလောင်းထိုးတယ်။
ပြောရရင် ကျောင်းက အထက်တန်းကျောင်းဖြစ်ပြီးတော့ မူလတန်း ၊ အလယ်တန်း အကုန်ရှိတယ်။ တခြား ရွာက လယ်တန်း အထက်တန်း လာတက်တဲ့ ကျောင်းသူ၊ကျောင်းသားတွေရော ဆိုတော့ ကျောင်းသားများများနဲ့ နာမည်ရ စာသင်ကျောင်းကြီး တစ်ကျောင်းပေါ့။
စာသင်ကျောင်းနဲ့ စာသင်ကျောင်းရှိတဲ့ ရွာအကြားမှာ မိနစ် ၂၀ လောက် လမ်းလျှောက်ရတဲ့ ကွင်းပြင်ကြီး တစ်ခုကို ဖြတ်ရတယ်။ စာရေးသူရဲ့ ရွာကတော့ အဲ့ဒီရွာကမှ တစ်ဆင့် ဆက်သွားရတာပေါ့။
ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ အဖြူအစိမ်းဆင်တူလေးတွေနဲ့ အခန်းတိုင်းက ထွက်လာတဲ့ ကျောင်းသားကျောင်းသူတွေဆိုတာ မျက်စိအေးစရာပဲ။ မနက်ပိုင်းအတန်းက အလယ်တန်းတစ်ခုတည်းဆိုပေမယ့် အခန်းပေါင်းများစွာက ကျောင်းသူကျောင်းသားတွေ လူပေါင်း ထောင်နားနီးနီး။
ကျောင်းတံခါးဝက ထွက်လာပြီး ၅ မိနစ်လောက်လျှောက်ရင် ကွင်းပြင်ကို ဖြတ်ရတဲ့ လမ်းပေါ်မှာ မုန့်ဆိုင်လေး တစ်ဆိုင်ရှိတယ်။ အဲ့ဆိုင်လေးထဲက သီချင်းလေးဖွင့်ထားတယ်
🎼🎼 မင်းရဲ့ဆံနွယ်တွေ ... လေမှာ လွင့်နေတယ်...
ညင်သာစွာနမ်းရှိုက်ခွင့်ရချင်လည်း...
တကယ်ဆိုရင် ဝေးဝေးက လှမ်းကြည့်ပြီး..
ရင်ထဲ နူးညံ့အနမ်း... လွမ်းနေရုံလေးပဲ....🎼🎼🎼
အဲ့ဆိုင်လေးမှာ အထက်တန်းကျောင်းသားတစ်ယောက်ရှိတယ် ဆိုပဲ။ သူများတွေပြောတာကြားမိတာပါ။ စာရေးသူတော့ မြင်လည်း မမြင်ဖူးပါဘူး။
သူ့မှာလည်း မနက်ပိုင်း ကျောင်းဆင်းချိန် ကွက်တိ သီချင်းဖွင့်ရတာ လွယ်မှာတော့ မဟုတ်။
ဘာရယ် မဟုတ်ပါဘူး၊ အဲ့ဒီတုန်းက အဲ့ဒီသီချင်းသံကို ကြားတိုင်း ကိုယ်ကပဲ သီချင်းလေးထဲက မင်းသမီးလိုလို ဘာလိုလို ခံစားပြီး ဆံပင်ကို သပ်တင်ခဲ့ရသေးတယ်။
အဲ့ဒီတုန်းက စာရေးသူရဲ့ ဆံပင်က ပခုံးကျော်ကျော်လောက် အကောက်လိပ်ကလေး။
ဘယ်နိုင်ငံက ဝင်လို့ ဝင်စားမှန်းမသိ ဆံပင်က နဂိုကတည်းက နီကြောင်ကျား။ လေတစ်ချက်ဝှေ့ရင် အကုန် ကျွတ်ထွက်သွားအောင်အထိ ဆံပင် weight ကလည်း မရှိ။
ကျောင်းဆင်းချိန် လေပြေဆော့သွေးရင် ဖြည်းဖြည်းချင်း သပ်တင်ခဲ့ရတဲ့ ဆံပင်လေးပေါ့။
အဲ့ဒီသီချင်းသံလေးကို ကြားလိုက်တာနဲ့ လူက အော်တို လမ်းလျှောက်ပုံပြောင်းသွားတာနော်။
သူများအမြင်တော့ မသိဘူး၊ ကိုယ့်အထင်ကတော့ ကိုယ်က မင်းသမီးပဲ။ မင်းသမီးဆိုလို့ မျက်လုံးလှလားဆိုတော့လည်း ရယ်လိုက်ရင် မျက်လုံးပါပျောက်သွားတာ။
နှာတံလေးကလည်း ပြားသလားမမေးနဲ့၊ နှာခေါင်းရိုး ရှိ မရှိ မနည်း ကြည့်ယူရတယ်။
မျက်ခုံးမွှေး မျက်တောင်မွှေး များလိုက်တာ မြင်တောင် မမြင်ရဘူး။
သူများတွေလို ထူချင်လွန်းလို့ အိပ်ခါနီး သဘာဝအုန်းဆီ လူးအိပ်ရတာ အမော။
အိမ်က အမေက အားပေးရှာပါတယ်။
" သမီးရယ် အဖေရော အမေရော မထူတဲ့ကိစ္စကို သမီးက အုန်းဆီလူးရင် ထူလာပါ့မလား " တဲ့။
ရတယ်၊ ကိစ္စ မရှိဘူး။ လူးမှာပဲ။ ကြိုးစားရင် တစ်နေ့ဖြစ်မှာပဲလို့ ပြန်ပြောလိုက်တယ်။
ဒါနဲ့ ကျောင်းဆင်းချိန်လေး ပြန်ဆက်ရရင် အဲ့ဒီတုန်းက စာရေးသူ တိတ်တိတ်ကလေး လိုက်ကြည့်နေခဲ့ရတဲ့ အတန်းတူပေမယ့် အခန်း မတူတဲ့ ကောင်လေး တစ်ယောက်ရှိခဲ့ဖူးတယ်။
အမယ်... ကိုယ်က အမြင်တော့ ကောင်းသားပဲ၊ ခန့်ချောကြီးကိုမှ ...
အခုခေတ်ဆို ကြိတ်ကြွေနေတဲ့ crush ပေါ့။
စာသင်ခန်းက ဘေးချင်းကပ်ဆိုတော့ ကျောင်းဆင်းရင် သူနဲ့ကိုယ်က အမြဲတမ်းလိုလို မနီးမဝေး လျှောက်ဖြစ်ကြတယ်။ အမှန်တော့ ကိုယ်က ဖန်တီးရတာလည်း ပါတာပေါ့။
အဲ့ဒီအချိန်လေးမှာပဲ မုန့်ဆိုင်ထဲ သီချင်းသံလေးက ထွက်လာပြီ...
🎼🎼 မင်းရဲ့ဆံနွယ်တွေလေမှာ လွင့်နေတယ်...
ညင်သာစွာနမ်းရှိုက်ခွင့်ရချင်လည်း....
တကယ်ဆိုရင် ဝေးဝေးက လှမ်းကြည့်ပြီး..
ရင်ထဲ နူးညံ့အနမ်း... လွမ်းနေရုံလေးပဲ....🎼🎼🎼
အဲ့ဒီအချိန်မှာ ကိုယ်ကတော့ စပြီး သီချင်းထဲ စီးမျောခံစားနေပြီ။
အနောက်က သူတို့အုပ်စုက သီချင်းတွေတောင် လိုက်ဆိုလိုက်သေးတယ်။
မသိရင် သူက ကိုယ့်ကို စောင်းဆိုနေသလိုလို။
ဗိုက်ဆာတာတွေတောင် ဘယ်ပျောက်လို့ ပျောက်မှန်းမသိ။
ရွာထဲဝင်ဖြတ်လျှောက်တဲ့အထိလည်း သူနဲ့ လမ်းသင့်သေးတယ်။
အဲ့ဒီရွာလေးအဆုံး လမ်းဆုံမှာတော့ သူနဲ့ကိုယ် လမ်းမသင့်နိုင်တော့ဘူး။
သူလည်း သူနေရပ်ပြန်၊ ကိုယ်လည်း ကိုယ့်နေရပ်ပြန် တစ်ယောက် တစ်လမ်းစီ။
စာရေးသူ မှတ်မိပါသေးတယ်။
သူနဲ့ အမြဲ လမ်းဆုံမှာ လမ်းခွဲနေကျ အချိန်ကို။
၁၁ နာရီခွဲ ဝန်းကျင်လောက်ပေါ့။
ပြောရရင် အများကြီးရှိပါသေးတယ်။
ဒါက ဇာတ်ဝင်ခန်း တစ်ခန်းစာသာသာလေးပဲ ရှိသေးတယ်။
ဒါကတော့ crush ဆိုတဲ့ စကားလုံး ခေတ်မစားခင်ကတည်းက ဆံနီမလေးရဲ့ crush ကလေးပေါ့။
ဒါနဲ့ အဲ့တုန်းက မသိခဲ့တဲ့ အမှန်တရားတစ်ခုက
စာရေးသူရဲ့ ဆံပင်နီကြောင်ကျားက ဘယ်နိုင်ငံသူဝင်စားတာမှ မဟုတ်ဘဲ အရွယ်မတိုင်ခင် ဆံပင် စောစောစီးစီး ဖြူမယ့် လက္ခဏာ ဆိုတာပဲ။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတွေ ထွက်လာလို့ မနည်း ထိန်းသိမ်းနေရတယ်။ ကိုယ်က အလှမက်တာကိုး။
အခု ဆံပင်ဖြူ တစ်ချောင်းတွေ့တိုင်း ညည်းပြနေတဲ့ သမီးကို ကြည့်ပြီး အမေ အမြဲ ပြောတတ်တဲ့ စကားရှိတယ်။
" အဲ့ဒီတုန်းက နင့် မျက်ခုံးမှာ လူးခဲ့တဲ့ အုန်းဆီ တစ်ဝက်ကို ဆံပင်သာ လူးခဲ့လို့ရှိရင် အခုလို ဖြစ်ပါ့မလား " တဲ့ ။
........
# မမြင့်
Keep Reading