Chancellor
အခန်း(၆)။ ။ သစ်စေးပင်အသုံး
ရှင်နာဂသိန်၏ ပုံပြင်ဆေးကျမ်းတွင် သစ်စေးပင်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြထားသည်။
သစ်စေးပင်(Malanosrhoea Usitata)
ပုံသဏ္ဌာန်။ ။ ၎င်းသည် အပင်ကြီးမျိုးဖြစ်သည်။ အပွေးညိုပြာရောင်သန်းလျက် ဖြူ၏။ အညွန့်များ၌ ကတ္တီပါမွှေးရှိ၏။ အပွင့် အဝါနုရောင်ဖြစ်၍ အဆုပ်လိုက်ပွင့်၏။ ပွင့်ဖက်ငါးခုရှိ၏။ အသီးနီ၏။ အရွက်နှင့် အကြောမွှာများ ယှဉ်ပြိုင်၍ ထွက်၏။ လုံးပတ် ၅ ပေမှ ၆ ပေထိ ရှိ၍ ပင်စည်အမြင့် ၅၀ပေမှ ၆၀ ပေထိ မြင့်၏။
ဂုဏ်နှင့် စွမ်းရည်။ ။ အစေးသည် ပိုးတို့ကို ပယ်တက်၏ အရေပြားရောဂါတို့၌ အသုံးပြုရ၏။
သစ်စေး(အဖို)(Oleadioica)
ပုံသဏ္ဌာန်။ ။ ၎င်းသည် အပင်ငယ်မျိုးဖြစ်၏။ အခေါက်သည် ချော၏။ ပြာနှမ်းနှမ်းရှိ၏။နူးညံ့၏။ ၎င်း အရွက်သည် ၃ လက်မခွဲမှ ၆ လက်မမျှ ရှည်၍ ၁ လက်မ ခွဲမျှ အနံရှိ၏။ အပွင့်သည် ပြာသိုလ တပို့တွဲလများတွင် ပွင့်၍ တန်ခူးလ၊ ကဆုန်လများတွင် သီး၏။
ဂုဏ်နှင့်စွမ်းရည်။ ။ ၎င်းအခေါက်ကို အဖျားဖြတ်ဆေးအဖြစ် အသုံးပြုရ၏။ အရွက်ကို ကျိုသောက်မူ ဝမ်းဖောဝမ်းရောင် ရောဂါပျောက်၏။ (ပုံပြင်ဆေးကျမ်း)
သစ်စေး
သစ်စေးသည် မှန်စီရွှေချ လုပ်ငန်းများ၊ မံဘုရား ခေါ် သရိုး ဘုရားလုပ်ငန်း၊ ယွန်းလုပ်ငန်း၊ ဒေါင်းလန်းလုပ်ငန်း စသည့် လုပ်ငန်း အမျိုးမျိုးတို့အတွက် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းဖြစ်သည်။
ကျေးလက်နေ တောသူတောင်သားတို့အဖို့ကား သစ်စေးနှင့် ကင်းကွာ၍မရချေ။ သူတို့၏ နေ့စဉ်အသုံးအဆောင်ဖြစ်သော ဗိုင်းငင်ရာတွင် သုံးသည့်ရစ်၊ ပစ်တောင်း၊ တင်းတောင်း၊ ခွဲတောင်းစသည့် တောင်းပလုံးအမျိုးမျိုး၊ ဆန်ကော၊ ဆန်ခါ၊ ဗန်း၊ ဗန်ကုံး စသည့်ဝါးဖြင့်ယက်လုပ်ထားသော ပစ္စည်းများကို သစ်စေးဖြင့် သုပ်လိမ်းကာ အသုံးပြုကြရသည်။ အဆိုပါ နှီးဝါးဖြင့် ယက်လုပ်ထားသော ပစ္စည်းများသည်လည်း သစ်စေးသုပ်လိမ်းလိုက်မှသာ တောင့်တင်းခိုင်မာပြီး သုံးစွဲ၍ ကောင်းလာသည်။
ကျွန်ုပ်တို့ငယ်စဉ်က ရေထမ်းရာ ထန်းရေထမ်းရာ၌ သစ်စေးသုပ်ထားသော တောင်းကြီးများကို ကြိုးတပ်ပြီးထမ်းကြသည်ကို တွေ့ရသေးသည်။ ရေခပ်ရာတွင် ရေတွင်းထဲမှာ ရေကို ရေငင်ပုံးဖြင့် ငင်ကာ ခပ်ကြရသည်။ အအဆိုပါ ရေငင်ပုံးမှာ ဝါးဖြင့်ပြုလုပ်ထားပြီး အပြင်မှ သစ်စေး သို့မဟုတ် ပွဲလျက်ကို သုပ်လိမ်းထားသည်ကို တွေ့ရသည်။ တောင်းပလုံးများကို သစ်စေးသုပ်လိမ်းလိုက်သော် ရေလည်း လုံးသွားသကဲ့သို့ ပိုးစားလည်း သက်သာသွားသည်။
တောင်း၊ ပလုံး၊ ဆန်ကော၊ ဆန်ကာတို့ မတောင်တဆ ပေါက်သွားလျှင်ပင် ဖျင်အင်္ကျီစကို သစ်စေးသုပ်၍ ကပ်လိုက်လျှင် အပေါက်များအလွယ်တကူ ဖာပြီးသုံးနိုင်သဖြင့် သစ်စေးသည် တောင်သူတောင်သားတို့အတွက် အင်မတန် အသုံးဝင်လှသည်။ ကျွန်ုပ်တို့ ငယ်စဉ်ကအထိ အဖိုးအဖွားတို့မှာ အဝတ်အစား၊ ငွေကြေး ရွှေတိုငွေစ၊ စာအုပ်စာတမ်းတို့ကို ထန်းခေါက်ဖာ နှီးဖာများထဲ တွင် ထည့်ကာ သိမ်းဆည်းလေ့ရှိကြသည်။ ကျေးလက်နေ တောသူတောင်သားများမှာ ကလေးတစ်ယောက် မွေးဖွားလျှင် ထိုကလေး၏ မွေးရက်မွေးလ မွေးသက္ကရာဇ်တို့ကို ဇာတာဖွဲ့ကာ သိမ်းဆည်းမှတ်သားထားကြသည်။ ဇာတာများ သိမ်းသည့် ဇာတာခြင်းစသဖြင့် နှီးဖြင့် ယက်လုပ်ထား သော ဖာအမျိုးမျိုးကိုလည်း သစ်စေးဖြင့် သုပ်လိမ်းကာ အသုံးပြုကြသည်။
Keep Reading