မောရိသျှ
ဓမ္မစကြာ တရားကြောင့် တောထွက်ဖော် ငါးဦးလုံး ဉာဏ်အလင်း ပွင့်လန်းဖို့ရာ အဖူးရင့်သန်ခဲ့ကြတယ်။ ဓမ္မစကြာ တရားကြောင့် အိပ်မက်ထဲ ကမ်းမမြင်လမ်းမမြင် လမ်းပျောက်နေခဲ့ရာက လမ်းစတွေ့ခဲ့ပြီး၊ ပန်းတိုင် အစစ်ကို သိခွင့် ရခဲ့ကြတယ်။ ဘဝ ဆိုတာက တပ်မက်မောစရာ ကောင်းသလောက်၊ လိုတာမရ၊ ရတာ မလို၊ အစိုးမရတဲ့အတွက် ဆင်းရဲမှုတွေ များပြီး၊ တဏှာ ဆိုတဲ့ အစွဲကြောင့် ဘဝ ရဲ့ အပြစ်ကို မြင်နိုင်ခဲ့ကြတယ်။ အခုလည်း ဗုဒ္ဓမြတ်စွာ ကြောင့် တဏှာဆိုတဲ့ အစွဲကနေ လွန်မြောက်နိုင်မယ့် ပန်းတိုင်ကို သိခွင့် ရခဲ့ကြတယ်၊ ဆင်းရဲမှု ဘဝကနေ လွန်မြောက်နိုင်မယ့် ပန်းတိုင်ကို အရောက်သွားဖို့ လမ်းမှန် ကိုလည်း သိခဲ့ကြပြီ။
ဗုဒ္ဓရဲ့ အကျယ်တဝင့် သင်ကြားမှုတွေနောက်မှာ ငါးဦးလုံး ဗုဒ္ဓနည်းတူ ဉာဏ်အလင်း အသိနိုးထသွားခဲ့ကြတယ်။ အစွဲကို ပယ်တတ်သွားကြတယ်။ အဆုံးသတ်မှု ဘဝပြီးပြတ်မှုရဲ့ အနှစ်သာရကို နားလည်သွားကြတယ်။ ဒီလို ဖြစ်တာက ဘာကိုးကွယ်မှုမှ မပါဘူး။ ဘာယုံကြည်မှုမှ မရှိဘူး။ ဘာသက်ဝင်မှုမှ မလိုအပ်ဘူး။
ဗုဒ္ဓပြောတဲ့ အမှန်တရားကို လက်ခံလိုက်မှုပဲ ရှိတယ်။ အဲဒီလို ရဲတင်းစွာ လက်ခံလိုက်ခြင်းနဲ့တင် ဗုဒ္ဓရဲ့ ဆန္ဒကို သိသွားပြီး၊ လမ်းမှန်အတိုင်း လျှောက်လှမ်းဖို့ စိတ်ပိုင်းဖြတ်နိုင်ခဲ့ကြတာပါ။ ရှိခိုးတာတွေ၊ ပူဇော်တာတွေ မပါလိုက်ပါဘူး။ လမ်းစစ်လမ်းမှန်ကို သင်ကြားပြသပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ အရိုအသေပေးတာလောက် ပဲ ရှိလိုက်တယ်။
ရိုးရိုးလေး နဲ့ ရှင်းရှင်းလေးပါပဲ။ တောထွက်ဖော် ငါးဦးလုံး ဗုဒ္ဓနည်းတူ အသိနိုးထသွားခဲ့ကြတယ်။ နှစ်ထောင်ချီ အစွဲကြီးနေခဲ့တဲ့ အသိလွဲတွေကို ထိုးဖောက်ပြီး၊ မသိဖူး၊ မကြားဖူး၊ မနာဖူး၊ မမြင်ဖူးတဲ့ အသိအမြင် ရှုထောင့် အသစ်ကို ရဲရဲတင်းတင်း လက်ခံပြီး၊ နာခံခဲ့ကြတယ်။ လက်ခံရဲကြတယ်။ လက်ခံလိုက်ကြသလို၊ ကျင့်ကြံ ရဲကြလို့သာ ငါးဦးလုံး အသိနိုးထသွားခဲ့တာပါ။
ရုပ်ဝတ္ထုကို အစွဲကြီးတာက အစွဲပျက်၊ အစွဲချွတ်ရတာ မခက်ခဲပါဘူး။ ဒါပေမယ့်၊ နှစ်ပေါင်းများစွာ စွဲမြဲနေတဲ့ အသိလွဲကြီးကို အစွဲချွတ်ဖို့ဆိုတာက လုံးဝ မလွယ်ပါဘူး။ အဲတာကြောင့်လည်း ဗုဒ္ဓ အနေနဲ့ တောထွက်ဖော် ငါးဦးလုံး အစွဲကျွတ်သွားအောင် ငါးရက်တိတိ ဟောခဲ့ရတယ်။
ဗုဒ္ဓအနေနဲ့ ဘယ်လောက်ပဲ ထူးချွန်ပြောင်မြောက်တဲ့ အသိထူးဉာဏ်ထူးပညာထူးတွေ ရှိပါစေဦး၊ လူငါးယောက်ကို သူ့ပြောသမျှ လက်သင့်ခံသွားဖို့ ငါး ရက်တိတိ အချိန်ယူခဲ့ရတယ်။ ခြောက်ရက်မြောက်နေ့ ရောက်တော့မှသာ သူတစ်ကယ် ပြောချင်တဲ့ ဓမ္မကို ပြောခွင့် ရတာပါ။ ဒါက ဘာကို ဆိုလိုနေတာလဲ ဆိုတော့ -
ရှေ့ ငါးရက်လုံးလုံး တောထွက်ဖော် ငါးဦးကို အစွဲချွတ်နေတာက - တကယ်တမ်း - သူတကယ် ပြောချင်တဲ့ ဓမ္မ နဲ့ ကြိုမိတ်ဆက်ပေးတာမျိုးပါ။ ဆိုတော့ - ဓမ္မစကြာတရား ဆိုတာက ဓမ္မမိတ်ဆက်တရားပါ။ ဒီတရားကိုမှ မသိနားမလည်ဘဲ၊ ကျန်တဲ့ ဓမ္မတွေကို လိုက်လေ့လာနေလို့ အကျိုးရှိမှာ မဟုတ်ပါဘူး။
ရိုးရှင်းပါတယ် ဆိုတဲ့ ဓမ္မစကြာ တရားကိုမှ သဘောမပေါက်ဘဲ၊ အသိနိုးထဖို့ မဖြစ်နိုင်ပါဘူး။ ဓမ္မစကြာ တရားနဲ့ မရင်းနှိးပါဘဲ၊ ဗုဒ္ဓဓမ္မတွေကို တတ်မြောက်သူပါလို့ ပြောလို့ မရပါ။ အဲဒီလိုပဲ ဓမ္မစကြာ တရားကို နားလည်သူဟာ ဓမ္မရဲ့ အရသာကို မြည်စမ်းပြီးသူ ဖြစ်တာကြောင့်၊ ဓမ္မရဲ့ အနှစ်သာရကို မှန်းဆနိုင်သူ ဖြစ်နေပြီး သားပါ။ ဓမ္မရဲ့ အနှစ်သာရကို မှန်းဆနိုင်သူ ဖြစ်နေပြီး ဖြစ်တာကြောင့် ဗုဒ္ဓရဲ့ ဓမ္မဟာ ကိုးကွယ်မှု၊ ယုံကြည်မှု၊ သက်ဝင်မှု တွေ မလိုအပ်ကြောင်းကိုလည်း သိပြီး ဖြစ်မှာ အသေအချာပါ။
ဒါတောင်မှလည်း ဗုဒ္ဓရဲ့ ဓမ္မကို ခုတုံးလုပ်ပြီး ဘာသာဝါဒ၊ အယူအဆ တစ်ခု အဖြစ် တည်ဆောက်ထားတာ အများကြီး ရှိပါသေးတယ်။ ဘယ်လောက်ထိ ဓမ္မဝါဒ အယူအဆ အဆောက်အဦကို တည်ဆောက်ထားလဲ ဆိုရင်၊ စစ်မှန်တဲ့ ပေါက်မြောက်မှု၊ တရားသိမှု၊ အသိနိုးထမှု၊ ဗုဒ္ဓ ဖြစ်မှုဟာ သာမည လူ့ဘဝနဲ့မရနိုင်ဘဲ၊ လူ့ဘဝ - လူ့သဘာဝထက် သာလွန်တဲ့ ဘဝမျိုး၊ သဘာဝမျိုး ရှိမှ ဖြစ်နိုင်တယ် ဆိုတာတွေ ဖြစ်ကုန်တယ်။
ဘုန်းကြီး၊ ရဟန်းဖြစ်မှ တစ်ချို့သော တရားတွေကို ကျင့်ကြံနိုင်တဲ့ ပုံစံမျိုး၊ ဓလေ့မျိုး၊ ထုံးတမ်းမျိုး၊ အစဉ်အလာမျိုး၊ သတ်မှတ်ချက်မျိုးတွေ ရှိလာတာက၊ ဓမ္မစကြာ အမြင်နဲ့ ဖီလာဖြစ်နေတယ်။ နဂိုမူလ အကြောင်း အရင်းကို အရင်းစစ်ကြည့်လိုက်ရင်၊ ဗုဒ္ဓ နဲ့ တောထွက်ဖော် ငါးဦးလုံး တောထွက်ခဲ့ကြတာက - လူ့ဘဝကို စက်ဆုပ်လို့ထက်၊ အလုပ်မရှုပ်၊ အလုပ်ရှင်းပြီး၊ ရိုးရှင်းတဲ့ ဘဝမျိုး၊ နေထိုင်မှုမျိုးနဲ့ဆိုရင်၊ သူတို့ သိချင်တဲ့ ဘဝ စက်ကွင်းကနေ လွတ်မြောက်နိုင်မယ့်လမ်း အမြန်တွေ့နိုင်မှာပဲလို့ ယူဆခဲ့ကြလို့ပါ။
ဆိုလိုတာက တောထွက်ရဟန်း ဘဝ က လူ့ဘဝထက် စာရင်၊ အလုပ်မရှုပ်ဘဲ၊ ရိုးရှင်းနေလို့၊ လမ်းစစ်လမ်းမှန် ရှာတဲ့ နေရာမှာ စိတ်နှစ်ထားဖို့ ပိုလွယ်နိုင်တာကြောင့်ပါ။ ဒီကနေ့ခေတ် “ဘာသာအယူဝါဒ” “ကိုးကွယ်ယုံကြည်မှု” တွေက ယူဆထားသလိုမျိုး လုံးဝ မဟုတ်ပါဘူး။ ဗုဒ္ဓ အနေနဲ့ ဓမ္မကို မြန်မြန် သိနိုင်ဖို့ တောထွက် ခဲ့ပေမယ့်၊ ဗုဒ္ဓဘာသာက ဓမ္မကို သိဖို့ တောထွက်မှ ရမယ်ဆိုတာမျိုး ယူဆတာက အင်မတန် ဆင်ခြင်ဖို့ ကောင်းတဲ့ ပြဿနာပါ။
အသိနိုးထမှုဟာ ဘယ်လို နေထိုင်မှုမျိုးမဆို ရနိုင်တဲ့အရာပါ။ ပိတ်ပင်ထားမှု မရှိပါ။ အတားအဆီး၊ အကန့်အသတ် မရှိပါ။ လူနေမှု သဘာဝ တစ်ခုနဲ့ လူအုပ်စု တစ်ခုကပဲ ရနိုင်တဲ့ အရာမဟုတ်သလို၊ လိင်သဘာဝ တစ်မျိုးတည်းကပဲ ရနိုင်တဲ့ အရာမဟုတ်ပါဘူး။ အသိနိုးထမှုကို လူလည်း ရနိုင်သလို၊ တောထွက်သူတွေလည်း ရအောင် လုပ်လို့ရပါတယ်၊ ယောက်ကျားအတွက်ပဲ မဟုတ်သလို၊ မိန်းမများလည်း ရအောင် ကျင့်ကြံနိုင်ပါတယ်။ ဓမ္မဟာ ရိုးရှင်းပါတယ်။ ကန့်သတ်ချက် လုံးဝ မရှိပါဘူး။ လွတ်မြောက်လမ်းကို ပေးနိုင်တဲ့ အမှန်တရား အနေနဲ့ သတ်မှတ်ချက် စည်းဘောင်တွေ ရှိနေတယ်ဆိုတာက ယုတ္တိ လုံးဝ မရှိပါ။
အသိနိုးထဖို့ အချိန်သတ်မှတ်ချက် မရှိသလို၊ အနာဂတ် ရောက်မှ ဖြစ်နိုင်တဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။ စက္ကန့် တစ်ခုအတွင်း ဖြစ်ပျက်နေတဲ့ စိတ်အခြေအနေအလိုက် စက္ကန့်ပိုင်းအတွင်း ချက်ချင်း လက်ငင်း အသိနိုးထနိုင်တဲ့ အခြေခံ တရားပေါက်မြောက်မှု ဖြစ်နိုင်ပါတယ်။
အရှင်းဆုံး ပြောရရင်၊ ဓမ္မဟာ လွတ်လပ်တဲ့ လွန်မြောက်မှု လမ်းစဉ်ဖြစ်ပါတယ်။ ဓမ္မဟာ သတ်မှတ်မှု မရှိတဲ့ အမှန်တရား စံဖြစ်ပါတယ်။ ဓမ္မဟာ ကန့်သတ်ချက် မရှိတဲ့ ပေါင်းကူးတံတား ဖြစ်ပါတယ်။ ဓမ္မဟာ အင်မတန် ရိုးရှင်းသလောက်၊ အင်မတန် လေးနက်တဲ့ သွန်သင်မှုတွေ ဖြစ်ပါတယ်။
ဓမ္မကို သိတဲ့သူ မရှိသလို၊ မသိတဲ့လူလည်း မရှိပါဘူး။ ဓမ္မဟာ အပြောင်းအလဲ မရှိတဲ့ ပြောင်းလဲမှု ဖြစ်စဉ်ကြီး ဖြစ်ပါတယ်။ အသိနိုးထမှု ဆိုတာက ဓမ္မရဲ့ ပန်းတိုင်ဖြစ်ပြီး၊ လွန်မြောက်မှု အစစ်ဟာ အနီးဆုံးသော နေရာမှာ ရှိနေပြီးဖြစ်တဲ့ တံခါးတစ်ချပ် ဖြစ်ပါတယ်။ အားထုတ်မှု တစ်ရပ်နဲ့ ထက်သန်တဲ့ ဇောနဲ့သာလျှင် ရယူနိုင်မှာပါ။ ဒါကြောင့် အသိနိုးထခြင်းဟာ နီးတာလည်း မဟုတ်၊ ဝေးတာလည်း မဟုတ်ဘဲ၊ ရလွယ်သလောက်၊ ခက်ခဲနိုင်မယ့် အလုပ်ကိစ္စ တစ်ရပ်ပါ။
#မောရိသျှ
⸻ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဓဓမ္မ - အဝိဇ္ဇာအမှောင်မှ လွန်မြောက်ကျင့်ကြံခြင်း
Keep Reading