မောရိသျှ
သိဒ္ဓတ္ထမင်းသား ခမျာ သူ့ငယ်ဘဝ တစ်ခုလုံးကို၊ ရာသီ အလိုက် စံမြန်းရတဲ့ နန်းတော် သုံးခုက လွဲရင် ကျန်တဲ့နေရာ မရောက်ဖူးပါဘူး။ ဒါကလည်း ဖခင်ဖြစ်တဲ့ သုဒ္ဓေါဓနမင်းကြီးရဲ့ စေတနာဆိုးကြောင့်ပါ။ သားဖြစ်သူကို လောကမှာ ဖြစ်ပျက်နေတဲ့၊ ဆင်းရဲနုံချာမှုတွေ မမြင်မသိစေချင်လို့ပါ။ နန်းတွင်းထဲမှာ သာယာမှုတွေနဲ့အတူ၊ နန်းမွေနန်းလျာ ဆက်ဆံဖို့ အတွက် တာဝန်၊ ဝတ္တရား နားလည်ဖို့ ကလွဲရင်၊ ကျန်တာ မလိုအပ်တာကြောင့်လည်း၊ အကျယ်ချုပ်ထားသလိုနဲ့ သားဖြစ်သူ ငယ်ဘဝကို ပုံသွင်းခဲ့တာပါ။
ပိတ်လှောင်မှု ဒဏ်ကို ခံရဖန်များရင်၊ အကြံရတိုင်း ထွက်ပြေးဖို့ တွေးတတ်ကြတာသဘာဝမို့၊သိဒ္ဓတ္ထမင်းသား လည်း အရွယ်ရောက် လူပျိုပေါက်ဖြစ်လာတော့၊ နန်းပြင်ပ တခြား နေရာကို အလည်အပတ် ထွက်ချင်စိတ် ပြင်းပျလာခဲ့တယ်။ ပိတ်ပင်လေလေ၊ ဆိုးလေလေမို့၊ သုဒ္ဓေါဓန မင်းကြီးက သားဖြစ်သူ သွားချင်တဲ့ နေရာကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးပါတယ်။ ဒါပေမဲ့ သွားမယ့် နေရာတိုင်း၊ လမ်းတစ်လျှောက်က စလို့၊ ခရီးတစ်ခုလုံးမှာ အနိဋ္ဌာရုံ တစ်ခုလေးတောင်မှ မရှိအောင် ကြိုတင်ပြီး ရှင်းလင်းထားတတ်ပါတယ်။
မင်းသားလေးရဲ့ အမြင်မှာ အဆိုးဆိုလို့ ဘာတစ်ခုမှ မသိမမြင်ရအောင်ကို မင်းမိန့်နဲ့ ကြိုပြင်ဆင်ထားတတ် ပါတယ်။ အတင်းအကြပ် အမိန့်ထုတ်ပြီး တားဆီးပိတ်ပင်ထားတဲ့ထဲကမှ ဖြစ်ချင်တော့ မင်းသားခမျာ၊ ဥယျာဉ်ကို အသွား ခရီးလမ်းမှာ၊ အိုကြီးသူမ တစ်ယောက်၊ သေလုမြောပါး နာဖျားနေတဲ့သူ တစ်ယောက်၊ သေကောင်ပုပ် တစ်ခု နဲ့ ဥဒဟို သွားနေတဲ့ တောထွက် ရသေ့ကို တွေ့ဖြစ်အောင် တွေ့ခဲ့ပါတယ်။
မမြင်စဖူး အမြင်ထူးတော့၊ ဒီအမြင်နဲ့ပက်သက်ပြီး အမေးအမြန်းထူတော့တာပေ့ါ။ အသွားလမ်းမှာ အဆန်းတကြယ်တွေ မြင်ခဲ့ရတော့၊ အပြန်လမ်းမှာ ဘဝင်မကျနိုင်ဘဲ၊ စိတ်ထဲနှလုံးထဲ အောင့်သက်သက်ဖြစ်နေခဲ့တယ်။
တစ်ညတော့ ချုပ်တည်းထားလို့ မရတော့တဲ့ အဆုံးမှာ၊ နန်းတော်ထဲကနေ အပြီးပိုင် ထွက်ခွာခဲ့တယ်။ ခြောက်နှစ်တိတိ ခြေဦးတည့်ရာ လျှောက်သွားခဲ့ပြီး၊ ပညာသစ်၊ အသိသစ်၊ ဆရာသစ်၊ ဆရာဟောင်း၊ စုံတကာ လန်နေအောင် လှည့်ပတ်ပြီး လေ့လာကျင့်ကြံ၊ အားထုတ်ဆည်းပူးခဲ့တယ်။ မင်းသားလေး ဘဝမှာ လူ့စည်းစိမ် အတွက် အကောင်းတကာ့ အကောင်းဆုံးတွေကို ခံစားစံစားဖူးခဲ့သလို၊ ခြောက်နှစ်တာ ကာလအတွင်း လေ့လာဆည်းပူးခဲ့ရသမျှ အသိပညာအလိုက်၊ ကျင့်ကြံအားထုတ်ခဲ့တာ၊ လူသေမတတ် အဆိုးရွားဆုံး အကျင့်မျိုးတွေကိုတောင် မညည်းမညူ၊ ပင်ပန်ဆင်းရဲစွာနဲ့ မရရအောင် ကြိုးစား အားထုတ်ခဲ့ပါတယ်။
သမားရိုးကျ ကျင့်ကြံနည်းတွေဖြစ်တဲ့ ခြေတပေါင်ထောင် ကျင့်စဉ်၊ လက်တစ်ဖက်ချိုး ကျင့်စဉ်၊ မီးပုံဝိုင်းလည် တရားတည်ကျင့်စဉ်၊ သစ်ပင်စည်အောက် အာဟာရရှောင် ကျင့်စဉ် စသဖြင့်၊ ကျင့်စဉ်တကာမှာ အမြင့်မြတ်ဆုံးလို့ ဆိုတဲ့ ဒုက္ကရ စရိယ ကျင့်စဉ်မျိုးကိုတောင် မကြောက်မရွံ့၊ မရရအောင် ကျင့်ကြံခဲ့ပါတယ်။
အကောင်းဆုံးကိုလည်း စံစားဖူးခဲ့သလို၊ အဆိုးဆုံးကိုလည်း ကျင့်ကြံ ခံစားခဲ့ဖူးပေမယ့်၊ သူ့စိတ်ထဲက ဘဝင်မကျနိုင်တဲ့ အမေးတွေ အတွက် အဖြေ မရခဲ့ပါဘူး။ ခြောက်နှစ်ပြည့်ဖို့ ရက်သတ္တပတ် အနည်းငယ် အကြာမှာ လယ်ကွင်းအကျော် ကောက်စိုက်သမ တစ်ယောက်ရဲ့ စောင်းကြိုးငြှိသံကြောင့်၊ အတိုးအလျှော့ အလောတော်မှ သံသာသာ၊ ညံနိုင်တာကို သံဝေဂရသွားပြီး၊ ကမ္မဋ္ဌာန်းတကာမှာ မူလ၊ ဝိပဿနာရဲ့ ပဓာန အာနပါန စီးဖြန်းလိုက်တော့မှ၊ စစ်မှန်တဲ့ အလယ်အလတ် လမ်းစဉ်ကို ရှာတွေ့သွားခဲ့တယ်။
အဲဒီနောက် ခြောက်နှစ်တာ စိတ်လေးလံခဲ့ရာက လွတ်ကျွတ်ခွင့် ရသွားပြီး၊ စိတ်လက်ပေါ့ပါးမှုကို ရနိုင်ခဲ့ တာကြောင့်၊ ပီတိစိတ်နဲ့ သန္နိဋ္ဌာန် တစ်ခု ချလိုက်တယ်။ စစ်မှန်တဲ့ အသိစစ်၊ လွန်မြောက်မှုကို မရမချင်း ငါ ဒီသစ်ပင်အောက်ကနေ မထတော့ဘူး။ ခိုင်မာတည်ကြည်တဲ့ စိတ်ဓါတ်၊ သာယာကြည်နူးဖို့ကောင်းတဲ့ သမာဓိ၊ ပြီးပြည့်စုံတဲ့ အခြေအနေတွေကြောင့်၊ တောထွက် တပသီ သိဒ္ဓတ္ထမင်းသားဟာ ဉာဏ်အလင်း ပွင့်လန်း သွားပြီး၊ ဂေါတမ ဗုဒ္ဓ အဖြစ် အသိနိုးထခွင့် ရခဲ့ပါတယ်။
သိဒ္ဓတ္ထမင်းသား ခံစားခဲ့ရတဲ့ စိတ်ပဋိပက္ခလိုပဲ၊ ဒီနေ့ခေတ်လူတိုင်း ကြုံတွေ့နေကြရတယ်။ “နန်းတော်” လိုမျိုး ရင်းနှီးပြီးသား သာယာမက်မောဖွယ်ရာတွေက တစ်ဘက်၊ လုံခြုံမှု၊ ဘေးကင်းမှု နဲ့ ပြည့်စုံမှု အာမခံချက် မရှိတဲ့ စိတ်ဆင်းရဲပင်ပန်းဖွယ်ရာတွေက တစ်ဘက်နဲ့၊ စိတ်နောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း၊ ကြောက်စိတ်ကို အလိုဆန္ဒ စွဲမက်စိတ်တွေနဲ့ ကန်ထုတ်နေကြရတယ်။
နေ့စဉ်နဲ့အမျှ ပြောင်းလဲမှု မသိသာတဲ့ ဖြစ်စဉ်၊ ဖြစ်ရပ်၊ ဘဝကြီးကို စိတ်ပျက်စွာနဲ့ စိတ်ကုန်နေကြရတဲ့ အချိန်တွေ ရှိသလို၊ အကြောင်းရှိလို့ တိုက် တိုက်ဆိုင်ဆိုင်ဖြစ်လာတဲ့ သာယာမှုလေးတွေကို ကြုံလာရတော့လည်း ဘဝအပေါ် တွယ်တာစိတ်တွေ တိုးလာရတာမျိုး ဖြစ်တတ်ပြန်တယ်။
ဘဝဆိုတာက ကိုယ်တိုင် ရွေးခြယ်လို့ ဖြစ်လာရမယ့်အစား၊ ဖြစ်သင့် ဖြစ်ထိုက်လို့ ဖြစ်ချင်တိုင်း ဖြစ်နေတာမျိုး၊ အကြောင်းရှိလို့ အကျိုးဆက် အနေနဲ့ မိခင်ရဲ့ သားအိမ်ကနေ ကျွတ်ထွက်လာရပြီး၊ လူရယ်လို့ ဖြစ်လာတာကြောင့်၊ အသိဉာဏ်ရှိတာမို့၊ အသက်ရှင်သန်မှု ဆိုတဲ့ ဘဝဆိုတာကို တန်ဖိုးထားနေကြရတယ်။
ဘယ်သူကမှတော့ ဘဝ ဆိုတာကို လိုချင်လွန်းလို့၊ တောင့်တလွန်းလို့ ရခဲ့တာ မဟုတ်ပါဘူး၊ အဲဒီလိုပဲ အသက်ရှင်သန်မှုကို မလိုလားတဲ့သူက ရှားပါတယ်။ မိဘတွေက သူတို့ကြောင့် ဖြစ်လာတဲ့ သားသမီးတွေကို ဘဝ အသက်ရှင်သန်မှုအတွက် ကြိုတင် ပြင်ဆင်ပေးတတ်ကြတယ်၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ လူမှု အခြေခံ နယ်ပယ် အသီးသီးက အသက်ရှင်သန်မှုအတွက် ဆိုင်ရာ ကဏ္ဍကနေ သက်ရောက်မှုတွေ ရှိစေပြီး၊ မသေခင် ကာလပတ်လုံး၊ စိန်ခေါ်မှု၊ ပဋိပက္ခ၊ ပြဿနာ၊ အကြပ်အတည်း၊ စတာတွေ ပေးတတ်ပါတယ်။
ဘဝ ဆိုတာက ဖြစ်တည်မှုအတွက် စီမံခန့်ခွဲနေရတဲ့ အလုပ်ဖြစ်လာတယ်။ ကိုယ့်အတွက် အကျိုးရှိမယ့် အရာကို လုပ်ကိုင်ဖို့ ဖြစ်လာတယ်။ တစနဲ့တစ ဘဝအတွက် လိုအပ်ချက်တွေကို အလိုနောက်လိုက်ပြီး၊ လိုတာထက် ပို လိုချင်လာတတ်ကြတယ်။ မရရင် တစ်မျိုး၊ ရရင် တစ်မျိုး၊ မလိုလောဘ၊ အလိုမာနတွေ မွေးမိလာ ကြတယ်။ ကျရှုံးမှု၊ အောင်မြင်မှု၊ ရနိုင်မှု၊ ပေးဆပ်မှုတွေက သူ့တန်ဖိုးနဲ့သူ ဖြစ်လာပြီး၊ ပူပန်သောက၊ ဗျာပါရ တွေ၊ စိတ်ဆင်းရဲမှု၊ ကိုယ်ဆင်းရဲမှုတွေက ဘဝ ရဲ့ ထုံးစံ၊ သဘာဝတွေ ဖြစ်လာတယ်။
စိတ်ဒုက္ခတွေကို ကြုံရဖန် များလာတော့၊ စိတ်သက် သာရာရဖို့အတွက် စိတ်ကို ပြောင်းလဲစေနိုင်တဲ့ ဆေးဝါး မှီဝဲခြင်းက ကျင့်သားထုံးစံ တစ်ခု ဖြစ်လာတယ်။ ဒါကလည်း မဆန်းပါဘူး။ ဒီနေ့ခေတ် လူမှုလောကကြီးကစိန်ခေါ်မှုများသလို၊ စိတ်လုံခြုံမှုမရှိသလောက် အားနည်းလွန်းတဲ့ ယုဂ်ဖြစ်နေတော့လည်း၊ စိတ်ပိုင်းဆိုင်ရာ အားနည်းနေကြတာမို့၊ ဆေးဝါးမှီဝဲပြီး စိတ်အားတင်းကြတာ အပြစ်ဆိုလို့ မရပါ။
ဒါပေမဲ့ စိတ်အားတင်းရုံလောက်ပဲ ဖြစ်ပြီး၊ စိတ်တန်ခိုး၊ စိတ်စွမ်းရည်မြှင့်တက်အောင် လုပ်တာ မဟုတ်တဲ့ အတွက်၊ ဆေးဝါးမှ မကူရင် လူမဖြစ်တော့သလို၊ ဘဝ အရှုံးပေးလိုက်ရတာမျိုး ဖြစ်လာပြန်တယ်။ နာကျင်မှု၊ ဝမ်းနည်းမှု၊ ကြေကွဲမှု၊ လွမ်းဆွတ်မှု၊ ပူပန်မှု၊ သောက၊ ဗျာပါရ၊ စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ အားလုံးအတွက် ဆေးဝါးလောက်နဲ့ မလုံလောက်တော့ဘူး။ မွမ်းကြပ်ဖို့ကောင်းတဲ့ အခြေအနေတွေကနေရုန်းထွက်ဖို့ ထွက်ပေါက် မဖြစ်မနေ လိုအပ်လာတယ်။
တစ်ချို့က ဘဝကို အရှုံးပေးလိုက်ပြီး၊ ကိုယ့်ဘဝကို အဆုံးစီရင်လိုက်ကြတယ်၊ တစ်ချို့ကျပြန်တော့ ဘဝကို ဆက်ပြီး ရှင်သန်ဖို့ အားမရှိတော့တာကြောင့်၊ ဖြစ်ချင်ရာဖြစ် ရေစုန်မျှောပစ်လိုက်ကြတယ်၊ တစ်ချို့ကျတော့ ဘဝရှင်သန်ဖို့အတွက် ဖြစ်လာသမျှ အကောင်းတွေးပြီး၊ မသေရင်ပြီးရော၊ လုပ်ချင်တိုင်း လုပ်တာမျိုး ဖြစ်သွားကြပြန်တယ်။ ရတာမလို၊ လိုတာမရ ဘဝမျိုးနဲ့ ရှင်သန်ရတဲ့ အပေါ် ကျင့်သားရလာခဲ့တဲ့ နောက်မှာ ဘဝဟာ အဓိပ္ပါယ် အလွန်ရှိတဲ့ အဓိပ္ပါယ်မဲ့ တည်ရှိမှု ဖြစ်လာတယ်။
ပိုင်ဆိုင်မှုတွေ၊ ရနိုင်မှုတွေ၊ ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေနဲ့ ဘဝကြီးက ကောင်းမွန်တဲ့ အနေအထား ရှိနေ ခဲ့ရင်တောင်၊ ဆန့်ကျင်ဘက် သဘောတရား ကြီးစိုးတဲ့ သဘာဝကြောင့် ကောင်းတာကြီးပဲ မဖြစ်သလို၊ ဆိုးတဲ့ အရာတွေကို ရင်ဆိုင်ဖို့ မကောင်းတဲ့ အရာနဲ့ ထိပ်တိုက် တွေ့ပြီး ဖြေရှင်းတာမျိုး ရှိလာတယ်၊ ကောင်းတဲ့ အရာနဲ့ ပြိုင်ဆိုင်ပြီး၊ အကောင်းနိုင်ဆုံး ဖြစ်အောင် ကြိုးစားကြတာတွေလည်း များလာတယ်။
ဒါတွေကို ဘဝ ရဲ့ ဆင်းရဲမှုလို့ ခေါ်ပါတယ်။ ဒီဆင်းရဲမှုတွေက ဘဝ အပေါ် စွဲလမ်းနေလို့ ဖြစ်တာပါ။ ဒီလို စွဲလမ်းမှုတွေကပဲ ဘဝကို သံသရာ သက်ဆိုးရှည်အောင် လုပ်နေတာ ဖြစ်ပါတယ်။ မသိချင် ယောင်ဆောင် နေလို့လည်း မရသလို၊ သိတဲ့အတိုင်း ပြောပြလိုက်လို့ ပြီးဆုံးနိုင်မယ့် ကိစ္စ မဟုတ်တာက ဗုဒ္ဓ ဓမ္မရဲ့ လေးနက်မှု ဖြစ်ပါတယ်။
ဘာပဲ ဖြစ်ဖြစ် ပြောင်းလဲမှုကိုပဲ အာရုံစိုက်နိုင်သူက အောင်နိုင်သူပါပဲ။
#မောရိသျှ
⸻ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဓဓမ္မ - အဝိဇ္ဇာအမှောင်မှ လွန်မြောက်ကျင့်ကြံခြင်း
Keep Reading