မောရိသျှ
“ဘာသာရေး” တွေကို တစုတစည်းတည်း ဖြစ်စေတာက “ဘုရား” မဟုတ်ပါဘူး၊ သေပြီးသည်နောက် ဘာဆက်ဖြစ်မယ်ဆိုတဲ့ယုံကြည်မှု ဖြစ်ပါတယ်။ ဗုဒ္ဓ ဘာ သာ ရဲ့ ယုံကြည်လက်ခံမှု အရ၊ လက်ရှိ ပစ္စုပ္ပန် ဘဝမှာ ကြုံတွေ့ဖြစ်ပျက်နေသမျှအရာတိုင်းဟာ၊ရှေ့ဘဝက ပြုခဲ့တဲ့ကောင်းမှုကံ၊ မကောင်းမှုကံတွေကြောင့် ဖြစ်ပါတယ်။
အကြောင်းပြုခဲ့သမျှကို အကျိုးအဖြစ် ခံစားရတာကို ဘဝကံအဖြစ် လက်ခံကြပါတယ်။ဘုရားတစ်ဆူတည်း ရှိကြောင်း လက်ခံတဲ့ ဘာသာတရားတွေမှာလည်း၊ ဗုဒ္ဓဘာသာတွေ နည်းတူ လက်ခံတဲ့အချက်က၊ ဘုရားကြိုက်တဲ့ကောင်းမှုကုသိုလ်တွေကိုလုပ်ရင်၊ သေလွန်ပြီးတဲ့နောက်၊ ကောင်းရာမွန်ရာကိုရောက်နိုင်မယ် ဆိုတာပါ။ ငရဲနဲ့ကောင်းကင်ဘုံနှစ်ခုအကြားလားရာတစ်ခုကို မျှော်ကိုးပြီး ကိုးကွယ် ယုံကြည်မှုကို တည် ဆောက် ထားတာ ဖြစ်တဲ့အတွက်၊ အဲဒီလို မျှော်ကိုးမှုနဲ့ ရှင်သန်ရတာကိုပဲ ဘဝ အဖြစ် လက်ခံကြတာပါ။
ဗုဒ္ဓအနေနဲ့နောက်ဘဝ ဖြစ်မှုကို လက်ခံပါတယ်။ ဘဝ တစ်ခုပြီး တစ်ခု အဆက်မပြတ် ဖြစ်ပျက်နေရတာကို ဘဝ သံသရာ အဖြစ် ဟောခဲ့ပါတယ်။အဲဒီလို အသောမသတ်နိုင်၊ အဆုံးမဲ့တဲ့ ဘဝ အစဉ်အဆက် ဖြစ်နေရတာက ဆင်းရဲမှုကြီး ဖြစ်ပြီး၊ ကောင်းတဲ့ဘဝမှာ ဖြစ်ပါစေ၊ ဆိုးတဲ့ ဘဝနဲ့ ကြုံရပါစေ၊ ဘဝ ကံ ရယ်လို့ ဖြစ်တိုင်း၊ ကံအကျိုးဆက်ကို ဆက်လက် ခံစားနေရသေးသရွေ့ မလွတ်လပ်ဘူးလို့ ဆုံးမခဲ့ပါတယ်။
အဲဒီလိုပဲ၊ ကောင်းမှုကုသိုလ်ကံကို မကောင်းမှု အကု သိုလ်ကံထက် များအောင် အားထုတ်ထားသူ အနေနဲ့ နောက်နောင်ဘဝများမှာ ကောင်းကျိုးတွေကို ပိုခံစားရနိုင်ကြောင်းနဲ့၊ အကုသိုလ်ကံဆိုတာက ချေဖျက်လို့ မရဘဲ၊ နည်းအောင် လုပ်ထားနိုင်မှ ခံစားရ သက်သာမယ့် အကြောင်း ပြောထားခဲ့ပါသေးတယ်။
တစ်ဘဝပြီး တစ်ဘဝ ဘယ်ကစလို့၊ ဘယ်မှာ ဆုံးမယ် မသိနိုင်တဲ့ အဖြစ်ကိုလည်း မသိမှု၊ အပြစ်၊ ဆင်းရဲမှု ဒုက္ခအဖြစ်ဟောကြားခဲ့ပါတယ်။ဘဝသံသရာအဆက်မပြတ်မှုကို အပြီးသတ်နိုင်ဖို့ အသိဉာဏ်ပညာ ယှဉ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကိုရအောင် ယူနိုင်ဖို့ လိုပါတယ်။
စိတ်ပိုင်း ဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်တဲ့ စွမ်းရည် အလိုက်၊ ဘဝ ဆင့်ကဲ ဖြစ်တာလည်း လျှော့သွားမှာဖြစ်ပါတယ်။ (ဥပမာ- ထေရဝါဒယုံကြည်မှုအရ-သောတာပန်အဆင့် တရားပေါက်မြောက်သွားခဲ့ရင် - နောက်ထပ် (၇) ဘဝပဲ ဖြစ်တော့မှာမျိုး) ဗုဒ္ဓရဲ့ ဓမ္မဟာ အရှိတရား၊ ပရမတ္ထ ဖြစ်တဲ့ အတွက်၊ သတ္တဝါတိုင်းနဲ့ သက်ဆိုင်ပါတယ်၊ ဖြစ်တည်ပျက်နေတဲ့ လောကရဲ့ တရားစစ်၊ တရားမှန် ဖြစ်တာကြောင့်၊ဗုဒ္ဓကိုယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဗုဒ္ဓရဲ့ ဓမ္မကို လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ၊ ဓမ္မက လမ်းညွှန်ထားတဲ့အတိုင်း အားလုံး ခံစားကြရမှာ ဖြစ်ပါတယ်။
ဆိုလိုတာက၊ဗုဒ္ဓရဲ့ ဓမ္မကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ဓမ္မမှာသင်ကြားပြသထားတဲ့ အတိုင်း လောကကြီးကဆက်လက်ဖြစ်တည်နေမှာမို့၊ သံသယစိတ်နဲ့ပဲ ဖြစ်ဖြစ်၊ မယုံသင်္ကာစိတ်နဲ့ပဲ ဖြစ်ဖြစ်၊ ဓမ္မ အပေါ် ဘယ်လိုတွေးတွေး၊ ကိုယ့်အပေါ် လောကကြီးရဲ့ သက်ရောက်မှုတွေက ဓမ္မက ပြဆိုထားတဲ့အတိုင်း ဖြစ်နေမှာပါ။
ဘာသာရေးယုံကြည်မှုကနောက်ဘဝဆက်ဖြစ်တဲ့ အချက်ကို အဆိုပြုထားပေမယ့်၊ နောက်ဘဝ ဆိုတာက ရှိ၏၊ မရှိ၏ အတည်ပြုလို့ မရပါဘူး။ အတည်ပြုစရာလည်း မလိုအပ်ပါဘူး။ အတည်ပြုနေဖို့လည်း မလိုတော့ပါဘူး။ အကြောင်းက နောက်ဘဝထက် လက်ရှိဘဝက ပိုပြီး အရေးကြီးတာကြောင့်ပါ။ သေပြီး ဘာဆက်ဖြစ်လဲ ဆိုတာထက်၊ မသေခင် ဘာလုပ်သင့်လဲ ဆိုတာပို အရေးပါတာမို့၊ ဦးစားပေးရပါမယ်။
ဘာသာရေးယုံကြည်မှုတွေကတော့ ကမ္ဘာကြီးကို လုံးတယ်လို့ ၊ လက်မခံသေးဘဲ၊ အပြားကြီးလို့ ပြောချင် ပြောပါလိမ့်မယ်၊ ကြယ်တာရာတွေကိုလည်း ကောင်းကင်နတ်နန်း ထုပိကာတွေလို့ ဆိုချင် ဆိုပါလိမ့်မယ်။ မှားတယ်လို့ ထောက်ပြနေလို့လည်း အကျိုးမရှိသလို၊ မှန်တယ်လို့ ထောက်ခံလိုက်လို့လည်း အကျိုးထူး မလာပါဘူး။ ဗုဒ္ဓကိုယ်တိုင်တောင်မှ လောကကြီးရဲ့ အကြောင်းကို ထွေရာလေးပါး အချိန်ကုန်ခံပြီး မဟောခဲ့တာကို သတိချပ်ပါ။
ပညာတတ် ပုဏ္ဏားတစ်ယောက်က လောက ရဲ့ အစ ဘာဖြစ်မလဲလို့၊ ဗုဒ္ဓကို မေးခဲ့ဖူးပါတယ်၊ ဗုဒ္ဓကတော့ ရိုးရိုးရှင်းရှင်းလေးပဲ၊ ပြန်ဖြေခဲ့တယ်၊ အဲတာကို သိတော့ရော၊ ဘာအကျိုးရှိမှာလဲတဲ့။ ဗုဒ္ဓ အနေနဲ့ မဖြေချင်လို့ မဖြေခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ်၊ သိလျက်နဲ့ မဖြေတာလည်း ဖြစ်ရင်ဖြစ်မယ်၊ မသိလို့ တစ်ဖက်လှည့်နဲ့ ပြောခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖြေခြင်း မဖြေခြင်းက အရေးမကြီးပါ။ ဗုဒ္ဓရဲ့ ဆန္ဒက ရှင်းပါတယ်။အရေးမပါတဲ့ အရာနဲ့ အချိန်ကုန်ခံနေစရာ မလိုပါဘူး။
ဒီကနေ့ခေတ်မှာစကြာဝဠာကြီးကိုနားလည်တာက အကျိုး တစ်စုံတစ်ရာ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမဲ့ ဗုဒ္ဓ လက်ထက်မှာတော့ စကြာဝဠာကြီး ကို နားလည်လို့ အကျိုး အထူးအထွေ မရှိခဲ့ပါဘူး။ အကြောင်းက အိန္ဒုမြစ်ဝှမ်းကနေ အခြေတည်ခဲ့တဲ့နှစ်ထောင်ချီ အတွေးအခေါ်များရဲ့ နောက်ဆုံး အန္တိမ မေးခွန်းက ဘဝသံသရာ ကနေ လွတ်မြောက်အောင် ဘယ်လို လုပ်မလဲ၊ ဆိုတာပါ၊ဗုဒ္ဓကိုယ်တိုင်လည်းအဲဒီအမေး အတွက် အဖြေကို ရှာခဲ့ရပါတယ်။ သမားရိုးကျ နည်းလမ်းတွေကိုလိုက်နာပြီးခြောက်နှစ်တိတိမျက်စိလည် လမ်းမှားခဲ့ရသလို၊ မသေရုံတမယ် အဆိုးရွားဆုံး ကျင့်စဉ်နဲ့ ဆင်း ရဲ ဒုက္ခရောက်ခဲ့ရတယ်။ နှစ်ထောင်ချီ အဖြေ မဲ့ခဲ့တဲ့ ပြဿနာကို အဖြေရခဲ့တော့မှ၊ သူအမြင်မှာ ဘာရယ်မဟုတ်တဲ့ စကြာဝဠာ အစ ဆိုတဲ့အမေးမျိုးက အဓိပ္ပါယ် မရှိပါဘူး။
အဲဒီလိုပဲ၊ လက်ရှိဘဝ၊ အခု ချက်ချင်း ၊ လက်ငင်းမုချ၊ ဘဝ သံသရာက လွတ်မြောက်လမ်းကို သိနိုင်နေမှတော့၊ နောက်နောင်ဘဝ ချမ်းသာရရေး သူ ဦးစားပေးမှာ မဟုတ်သလို၊ အရေးပေးပြီး၊ အလေးပေးနေမှာ မဟုတ်ပါဘူး။ ဗုဒ္ဓအနေနဲ့ အိန္ဒုမြစ်ဝှမ်း ယုံကြည်မှုဖြစ်တဲ့ ဘဝသံသရာ အယူအဆကို ငြင်းဆိုခြင်း မရှိပေမယ့်၊ အတိအလင်း လက်ခံခဲ့ခြင်းလည်း မရှိပါ။ အများလက်ခံနေတဲ့ အယူအဆကိုဆန့်ကျင်တာဟာ အင်မ
တန် မိုက်ရူးရဲဆန်ရာကျပါတယ်။ ခရစ်ယာန်လောကမှာလည်းထိုနည်းတူဖြစ်ခဲ့ပါသေးတယ်၊ ဉာဏ်အလင်း ခေတ်ရောက်တော့၊သမားရိုး ကျ ခရစ်ယာန် ယုံကြည်မှုကိုဆန့်ကျင်ပြီး၊ ရိုးရှင်းတဲ့သက်ဝင်မှုမျိုးနဲ့ ဂိုဏ်းဂဏ တွေ ကွဲတော့၊ အများရဲ့ ကဲ့ရဲ့မှုတွေကို နှစ်ပေါင်းများစွာ ခံခဲ့ကြရတယ်။ [John Calvin (1509-1564) (John Knox (1513-1572)] ဗုဒ္ဓရဲ့ ဓမ္မဟာ ရိုးရှင်းပါတယ်။ ဒါပေမဲ့ အဖြေအားလုံး မပေးနိုင်ပါဘူး။ ဗုဒ္ဓရဲ့ ဓမ္မဟာ စည်းကြပ်ပါတယ်။ ဒါပေမဲ့ လူသားတိုင်းကို လွတ်လပ်စွာသုံးသပ်ဆင်ခြင်ခွင့်ပေးထားပါတယ်။ ဗု ဒ္ဓရဲ့ ဓမ္မဟာ လေးနက်ပါတယ်။ ဒါပေမဲ့ ဘယ်သူမဆို နားလည်နိုင်ပြီး၊ ကျင့်သုံးနိုင်မယ့် လမ်းစဉ် ဖြစ်ပါတယ်။
ဘဝသံသရာ ဖြစ်စဉ်ကို လက်မခံရင် ဗုဒ္ဓဘာသာ မဖြစ်နိုင်ဘူးလို့လည်း ပြောတဲ့သူတွေ ရှိပါသေးတယ်။ သမားရိုး ကျ ရှေးရိုးစွဲ အမြင်လို့ ပြောရမှာပေါ့လေ။ စောဒက တက်ချင်စရာက၊ နောက်ဘဝ ဖြစ်တာမျိုးကို လက်မခံလိုက်လို့ ဘာဖြစ်သွားနိုင်လဲ။ ဗုဒ္ဓရဲ့ ဓမ္မကို ဆန့်ကျင်ရာ မကျပါဘူး။ ဗုဒ္ဓကိုယ်တော်တိုင် အတိအလင်း မှာကြားပြီးသားပါ။ ယုံချင်တိုင်း မယုံဖို့ မှာထားပါတယ်။ အစဉ်အဆက် လက်ခံလာတဲ့ အယူအ
ဆမို့ နောင်လာ နောက်သားတွေလည်း လက်ခံရမယ်လို့ မဆိုပါဘူး။ ဓမ္မကို အတင်းအကြပ် လက်ခံစရာ မလိုအပ်ပါ။ ကိုယ်တိုင် ကိုယ်ပိုင်စိတ် နဲ့ ဉာဏ်ကို ယှဉ်ပြီးမှသာ လက်ခံရမှာပါ။
ဘဝသံသရာ ဖြစ်စဉ်ဆိုတာက ဗုဒ္ဓဘာသာ ရှုထောင့်ကနေ ကြည့်လိုက်ရင်၊ မပြီးဆုံးနိုင်သေးတဲ့ ပြဿနာ တရပ် ရှိပါတယ်။ အဲတာကတော့၊ ဗုဒ္ဓဘာသာရဲ့ ဘဝသံသရာ လည်ပတ်ပုံက ဘဝ တစ်ခု ဟာ အဆုံးသတ်သွားခဲ့ရင်၊ရုပ်ရောနာမ်ပါချုပ်ပြီးပျက်စီးသွားပါတယ်။ အိန္ဒုမြစ်ဝှမ်း ယုံကြည်မှုလိုမျိုး သတ္တဝါတွေ ပျက်စီးသွားရင် အတ္တကျန် ရစ်တာမျိုး၊ဗုဒ္ဓဘာသာမှာ လက်မခံပါဘူး။ ဗုဒ္ဓဘာသာက အတ္တမ ဆိုတဲ့ ထာဝရ တည်ရှိမှုကိုဆန့်ကျင်ပါတယ်။ လုံးဝ လက်မခံပါဘူး။ ရုပ်ရောနာမ်ရော ပျက်စီးသွားရင်၊ ဘယ်လိုလုပ်ပြီး နောက်ဘဝက ထပ်ဖြစ်ရသေးတာလဲဆိုတဲ့စောဒကပါ။ ဗုဒ္ဓဘာသာနဲ့ဓမ္မအရဘဝ ကို ဖြစ်စေတာက ကံပါ။ ကံ ဆိုတာက စေတနာပါ။စေတနာနဲ့ ကံရဲ့ စေ့ဆော်မှုအရ၊ တပ်မက်တွယ်တာမှု တဏှာ အမြစ်မပြတ်သရွေ့၊ ကံအလိုက် ဘဝ ဖြစ်နေဦးမှာပါ။ ဘဝဖြစ်နေသရွေ့ ဆင်းရဲဒုက္ခတွင်းနက်ကနေ လွန်မြောက်နိုင်မှာ မဟုတ်ပါ။ ဒါက ဗုဒ္ဓဘာသာ နဲ့ ဓမ္မက ဖွင့်ဆိုတဲ့ ဘဝ ဖြစ်ပျက်ပုံပါ။
ဗုဒ္ဓဘာသာမှာ ဂိုဏ်းခွဲတွေ အများကြီး ရှိတဲ့ အတွက်၊ ဘဝ ဖြစ်ပျက်ပုံ သံသရာ အပေါ် ဖြေရှင်းချက် အမျိုးမျိုး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခု ယုတ္တိရှိခြင်း မရှိခြင်းအပေါ် အချင်းချင်း ဖြေရှင်းလို့ မပြီးပြတ်သေးပါဘူး။ ဒါပေမယ့် သေချာတဲ့ အချက်တစ်ခုက၊ ဗုဒ္ဓဘာသာတိုင်း ဘဝ သံသရာ ဆိုတဲ့ အယူအဆကို လက်သင့်ခံခြင်း ဖြစ်ပါတယ်။ ဒါကို “ကံ” လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။
ကံ ဆိုတာက အလုပ်၊ အလုပ်ဆိုတာက စေတနာပါ။ တပ်မက်မောမှုတဏှာရဲ့စေ့ဆော်မှု အလိုက် စေတနာ ဖြစ်လာရတဲ့အတွက်၊ လုပ်မိသမျှဟာ ကံပါပဲ။ အိန္ဒုမြစ်ဝှမ်းယုံကြည်မှုက ပြဋ္ဌာန်းတဲ့ “ကံ” သဘောတရားက၊ ဗုဒ္ဓဘာသာက ယုံကြည်တဲ့ “ကံ” သဘောတရားနဲ့ မတူပါဘူး။ဒါပေမဲ့ မတူညီတဲ့ အဆိုပါ ယုံကြည်မှုတွေရဲ့ တူညီတဲ့အ ချက်ကတော့ ဘဝ ဆိုတာက ကံကြောင့် ဖြစ်လာရတာပါ။ ဒါကြောင့်ဘဝဆိုတာက ကံရဲ့ အကျိုးဆက် ရလဒ် တစ်ခု ဖြစ်ပါတယ်။
#မောရိသျှ
⸻ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဓဓမ္မ - အဝိဇ္ဇာအမှောင်မှ လွန်မြောက်ကျင့်ကြံခြင်း
Keep Reading