ဇေယျ
လူတို့သည်ပိုက်ဆံကြေးငွေအသုံးအစွဲ၌ချွေတာခြင်း၊အစားအသောက်၌ခြိုးခြံချွေတာ၍ သုံးစွဲမှီဝဲခြင်း၊ အလုပ်အကိုင်အတွက် ကိုယ်လက်လှုပ်ရှားခြင်း၌မမောမပန်းစေခြင်းတည်းဟူသော မိမိတို့အားအင်ဗလကို ချွေတာခြင်းအစရှိသည်ဖြင့်လောကတွင် အရာရာ ဌာ နအသီးသီးတို့၌ လက်ကပင် ထိထိရောက်ရောက် အကယ်ချွေတာခြင်း မပြုကြသည့်တိုင်အောင် ဝန်နှင့်အားမြားနှင့် လေးဆိုဘိသကဲ့သို့ ကုန်တန်သရွေ့သာလျှင်ကုန်စေအပ်သည်။အရမ်းမဲ့ကုန်ဆုံးခြင်းမဖြစ်စေအပ်။ချွေတာသုံးစွဲအပ်၏ဟူသောအကြောင်းကိုသိရှိကြသူချည်းသာဖြစ်သောကြောင့် မည်သည့်အရာ၌မဆိုအနည်းနှင့်အများချွေတာခြင်းကိုအသုံးပြုလျက် ရှိကြပေသည်။
သို့သော် လူတို့သည် မကုန်တန်ဘဲလျက် ကုန်၍နေသောအချက်ကြီးတစ်ချက်ရှိချေသည်။ ထိုအချက်ကြီးမှာလည်း လူတို့တွင် အခြားအခြားသောချွေတာအပ်သော အရာတို့နှင့် နှိုင်းယှဉ်လျှင် အဖိုးအတန်ဆုံး အချက်ကြီး ဖြစ်သည်ဟု ဆိုရပေမည်။ သို့သော် ထိုအချက်ကြီးကိုမြင်လည်းမမြင်ရ။တိုးသည်လျော့သည်ကိုလည်းအထင်အရှားမသိရဖြစ်သောကြောင့် လူတို့ဓမ္မတာ မိမိတို့မမြင်မသိအပ်သောအရာကိုနစ်မြောစုံမက်ရမည်မသိဖြစ်သည့်အတိုင်းနှမြောစုံမက်ခြင်းမရှိဘဲ အဖိုးအနဂ္ဃ ထိုက်တန်သော အရာတို့ကို အကြောင်းမရှိ အကျိုးမမြင်အရမ်းမဲ့ သက်သက်နေ့စဉ်နှင့်အမျှဖြုန်းတီးလျက်နေမိတတ်ကြလေသည်။ဤသို့အဖိုးအနဂ္ဃထိုက်တန်လျက်လူတို့နေ့စဉ်အရမ်းမဲ့ဖြုန်းတီးနေသောအရာကားအခြားမဟုတ်မိမိတို့၏စိတ်ပင်ဖြစ်ချေသည်။
လူတို့၏ စိတ်သည် အဖိုးအနဂ္ဃ ထိုက်တန်သော အရာဖြစ်သည်။လောက၌စိတ်ထက်အဖိုးတန်သောအရာမရှိ။ စိတ်နှင့် ယှဉ်ပြိုင်လိုက်လျှင် လောက၌ အဖိုးအတိုက်ဆုံးဟုဆိုသော စိန်ကျောက်ရတနာ အစရှိသည်တို့သည်အောက်တန်းသို့ရောက်ရကြောင်းကိုလူတိုင်းပင်သိရှိပြီးဖြစ်ကြလေသည်။ သို့သော် အဖိုးတန်ခြင်း၌ အောက်တန်းသို့ရောက်ရသောစိန်ကျောက်ရတနာရွှေငွေဥစ္စာတို့ကို တစ်စွန်းတစ်စသုံးစွဲရန်ကိုပင် လွန်စွာ စီစစ်ချွေတာလျက် ကုန်ဆုံးမည် စိုးရိမ်လှသောကြောင့် မိမိအသက်နှင့် လဲလှယ်စောင့်ရှောက်ရန် အသင့်ရှိသောသူများသည်ထိုရွှေငွေစိန်ကျောက်တို့နှင့်နှိုင်းယှဉ်၍ပင်မရနိုင်လောက်အောင်အဖိုးအနဂ္ဃထိုက်တန်လှသော စိတ်ကိုမူကား ရက်ရက်ရောရော နှမြောစုံမက်ခြင်း တစ်စုံတစ်ရာမရှိဘဲ သုံးဖြုန်းလျက် ရှိနေတတ်ကြပေသည်။
ဤသို့ နှမြောစုံမက်အပ်သည်ကို မသိရှိဘဲ ရက်ရက်ရောရောပေါပေါကြီးသုံးဖြုန်းနေကြခြင်းမှာစိတ်သည်ရွှေငွေစိန်ကျောက်ကဲ့သို့ပင် ကုန်ခမ်းတတ်ကြောင်း၊မိမိတို့သုံးဖြုန်းခြင်းအားဖြင့်ယုတ်လျော့သွားကြောင်းတို့ကိုမမြင်မသိကြရှာသောကြောင့်ဖြစ်ပေသည်။ စင်စစ်စိတ်သည်လည်း တိုးတက်ခြင်း ကုန်ခမ်းခြင်း ရှိကြောင်းကိုသိပေအပ်သည်။ တစ်နေ့လုံးလုံး လူမှုကိစ္စတို့ကိုဆောင်ရွက်နေရပြီးသည့်အခါစိတ်နှလုံးညှိုး
နွမ်းပင်ပန်းလျက် တစ်ညမျှလောက် ကောင်းစွာ အိပ်ပျော်ရပြီးနောက်နံနက်ထစောစောတွင် စိတ်ရွှင်လန်းပြည့်တင်းလျက် အကြံသစ် ဉာဏ်သစ်များပြည့်လျှမ်းနေခြင်းတို့သည် စိတ်၌ အင်အားတိုးတက်ခြင်း ယုတ်လျော့ခြင်းများရှိကြောင်းလက္ခဏာများ ဖြစ်ချေသည်။
ဥစ္စာပစ္စည်းအင်အား၊ ကိုယ်ကာယအင်အား၊ စပါးဆန်ရေအင်အားစသည်တို့မှာ စင်စစ်အခါခပ်သိမ်းမသုံးမစွဲဘဲ တိုက်တာကျီကြဖြင့် ပိတ်ဆို့သိုလှောင်ထားရန်မဟုတ်။အခါကာလအားလျော်စွာကုန်သင့်သရွေ့ကုန်အောင် သုံးစွဲကြရန် ဖြစ်သကဲ့သို့ စိတ်အင်အားမှာလည်း အလိုက်အထိုက် သုံးစွဲရန်ပင် ဖြစ်ချေသည်။သို့သော် အကြောင်းမဲ့ စိတ်ပူပန်ခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်း၊ အရေးမဟုတ်သည်ကို အရေးလုပ်လျက်စိတ်၌တအုံနွေးနွေး တဆွေးမြည့်မြည့် ဖြစ်ခြင်းအားဖြင့် အကျိုးမရှိသည်နေရာတွင် အလဟဿသုံးဖြုန်းပစ်ရန်မဟုတ်ချေ။ ဤသို့ သုံးဖြုန်းပစ်ပါက စပါးဆန်ရေကိုအလဟဿအကြောင်းမဲ့ဖြုန်းတီးပစ်သောသူသည်အချိန်တန်သောအခါစားရမဲ့သောက်ရမဲ့ဖြစ်ရသကဲ့သို့ အကယ်အရေးတကြီးအခါနှင့် ကြုံကြိုက်သောအခါ စိတ်အားနည်းပါးသောကြောင့်အသုံးမပြုနိုင်ရှိမည်ကို ကောင်းစွာ သတိမူအပ်ပေသည်။
#ဇေယျ
#အရေးကြီးဆုံးချွေတာသင့်သောအချက်
Keep Reading