ကိုခန့်
မင်းပင်ပန်းနေပြီလား သူငယ်ချင်း...
ဒါဆိုရင် ခဏနားပါ။
အောင်မြင်မှုမှာပဲ အမြဲနှစ်မြှုပ်ထားတတ်တဲ့ မင်းရဲ့စိတ်ကို မင်းအနားပေးရမယ်။
၂၄ နာရီပတ်လုံး မင်းစိတ်ကြိုက်ခိုင်းလာခဲ့တဲ့ မင်းရဲ့ခန္ဓာကိုယ်ကို မင်းအနားပေးရမယ်။
အစွမ်းကုန်ကြိုးစားရမယ်ဆိုတာ မှန်ပေမယ့်
မင်းရဲ့ကျန်းမာရေး ထိခိုက်သွားတဲ့အထိ...
မင်းမိသားစုဝင်တွေ၊ မင်းချစ်ရသူတွေကို အချိန်မပေးနိုင်လောက်တဲ့အထိ...
မင်းဝါသနာပါတဲ့အရာတွေကို စွန့်လွှတ်ရလောက်တဲ့အထိတော့...
ငါ မင်းကိုမကြိုးစားစေချင်ဘူး။
တို့တတွေရဲ့ လူ့ဘဝဆိုတာ အတော်ကိုတိုတောင်းလှတာ မင်းလည်းသိမှာပဲ။
တို့တတွေ...ငယ်စဥ်ကတည်းက ပညာရှာခဲ့တယ်၊ကျူရှင်တွေတက် စာတွေအပြိုင်ကျက်ပြီး တက္ကသိုလ်ဝင်တန်းမှာအမှတ်ကောင်းဖို့၊ ကိုယ်ရည်မှန်းထားတာတွေဖြစ်လာဖို့ပညာကို ကြိုးစားသင်ယူခဲ့ကြတယ်။
ဒီလိုနဲ့ ဘွဲ့ရလာတော့ လုပ်ငန်းခွင်ဝင်တယ်။
လုပ်ငန်းခွင်မှာ ရာထူးတိုးဖို့၊ကိုယ့်ရဲ့လုပ်ငန်းကို ထပ်တိုးချဲ့ဖို့ တို့တတွေဆက်ကြိုးစားရတယ်။
နောက်တစ်ခါ အိမ်ထောင်ကျလို့ သားတွေ၊ သမီးတွေရလာပြန်တော့လည်း အိမ်ထောင်ဦးစီးရဲ့တာဝန်ကျေရမယ်ဆိုပြီး တို့တတွေကြိုးစားကြရပြန်တာပဲမို့လား။
ဒါ့အပြင် သားတွေ၊သမီးတွေ အိမ်ထောင်ကျခဲ့ရင်တောင် တို့ကွယ်လွန်သွားရင် အမွေတွေချန်ရစ်ခဲ့နိုင်အောင် ကြိုးစားနေရပြန်တာပဲ...
နောက်ဆုံး ဘာမှမလုပ်နိုင်တော့တဲ့အရွယ်ရောက်မှ၊ ကျန်းမာရေးမကောင်းလို့ အိပ်ရာထဲဗုန်းဗုန်းလဲတော့မှသာ အနားပေးတတ်ကြတာ။
ဒီတော့မင်းစဥ်းစားကြည့် ...
မင်းဘဝတစ်လျှောက်မှာ
မင်းရှေ့ရေးအတွက်...
မိဘအတွက်...
ဇနီးနဲ့သားသမီးအတွက်...
မင်းရဲ့အလုပ်အတွက်...
အကောင်းဆုံးကြိုးစားခဲ့ပြီးပြီလေ။
ဒါကြောင့်မင်းကိုယ်တိုင်အတွက် အချိန်ပေးသင့်ပြီလို့ ငါထင်တယ်။
ဒါနဲ့ ငယ်ငယ်က မင်းအရမ်းသဘောကျပါတယ်ဆိုတဲ့ ဂီတာရော မင်းတီးဖြစ်ရဲ့လား...
မင်းအရမ်းဖတ်ချင်ပါတယ်ဆိုတဲ့ဝတ္ထုတွေရော ဖတ်ဖြစ်ရဲ့လား...
နောက်ပြီး အရမ်းသွားချင်ပါတယ်ဆိုတဲ့ ခရီးတွေရော ရောက်ပြီးပြီလား။
ဒါတွေအတွက် မင်းဘယ်တော့မှ အချိန်ပေးမှာလဲ...
မင်းတို့၊ငါတို့ဆိုတာ ငယ်တော့တဲ့အရွယ်တွေမဟုတ်ဘူးတော့သူငယ်ချင်း။
ဖြစ်သင့်တာတွေအတွက် အချိန်ပေးရင်းနဲ့ မင်းရဲ့ဝါသနာ ၊ မင်းချစ်မြတ်နိုးတဲ့အရာတွေကို စွန့်လွှတ်ခဲ့ရပေါင်းများနေပြီ...
တချို့တွေဆို ဖြစ်သင့်တာတွေလုပ်နေကြရင်း သူတို့တကယ်နှစ်သက်မြတ်နိုးတဲ့အရာတွေကိုတောင် မလုပ်ရသေးပဲ ဘဝနေဝင်သွားကြရတယ်...
ဒါကြောင့် ဘဝမှာ ဖြစ်သင့်တာတွေအတွက် ရုံးကန်ကြိုးစားနေစဥ်မှာ ကိုယ်ဖြစ်ချင်တာတွေ၊ကိုယ်မြတ်နိုးတဲ့အရာတွေအတွက်လည်း အချိန်ယူပြီး ကိုယ့်ကိုယ်ကိုယ် အနားပေးသင့်တယ်။
နောက်ပြီး အခုအချိန်မှာ မင်းရဲ့ဘဝဟာ မင်းရဲ့ကြိုးစားရုန်းကန်ခဲ့မှုတွေကြောင့် ထိုက်သင့်သလောက်အောင်မြင်နေပြီလေ...
မင်းရဲ့မိသားစုလည်း မပူမပင်၊မကြောင့်မကျရပ်တည်နေနိုင်ပြီပဲ...
ဒါကြောင့် မင်းချစ်တဲ့အရာတွေအတွက် အချိန်ကောင်းကောင်းပေးသင့်ပြီလို့ ငါထင်တယ်။
မင်းအရမ်းကြိုက်တဲ့ ရုပ်ရှင်တွေကို မိသားစုနဲ့အတူကြည့်ဖို့...
မင်းသွားချင်တဲ့နေရာကို ခရီးတွေထွက်ဖို့ ....
အချိန်ရှိတုန်း ငါတိုက်တွန်းချင်တယ်။
တကယ်တော့ မင်းချစ်မြတ်နိုးတဲ့အရာတွေအတွက် မင်းကိုယ်မင်းအချိန်ပေးဖို့ ထိုက်တန်ပါတယ်ကွာ...
အချိန်လည်းပေးစေချင်တယ်။
အခုဆိုရင်...
ဒီစာကိုရေးနေတဲ့ မင်းသူငယ်ချင်းငါတောင်မှ ပန်းချီဆွဲရင်း အတော်ကိုပျော်နေရပြီကွ...။
*****
ကိုခန့်
Keep Reading