Si Thu Aung
ဆယ်စုနှစ်တစ်ခုရဲ့ အကောင်းဆုံးစာအုပ်ကို ပြောပါဆိုရင် ဒီစာအုပ်လို့ပဲ ပြောရမှာပါ။ သမိုင်းစာအုပ်တော်တော်များများက အဲ့သမိုင်းကြောင်းနဲ့ဆိုင်တဲ့ အချက်အလက်တွေကို အဓိက ပေးတာပါ။ Yuval Noah Harari က သမိုင်းပညာရှင်ဖြစ်ပေမယ့် အချက်အလက်ဆိုတာထက် သူက သမိုင်းကြောင်းတွေက ရတဲ့ အချက်အလက်တွေကို မူတည်ပြီး အတွေးအခေါ်တွေ အမြဲထုတ်ပြတတ်ပါတယ်။ ဒီစာအုပ်မှာလည်း အတွေးအခေါ်တွေပါနေပါတယ်။ သူ့ သီအိုရီအရကတော့ လူတွေက သတင်းအချက်အလက်တွေလိုအပ်တယ်။ လူဗြိန်းတစ်ယောက်ရဲ့ သတင်းအချက်အလက်တွေအပေါ်အမြင်ကတော့ ရလာတဲ့သတင်းအချက်အလက်တွေက မှန်ကန်မှုရှိမရှိ ရှာဖွေပြီး အချက်အလက်တွေက မှန်ကန်နေရင် အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တွေချနိုင်မယ်။ ဒါ့အပြင် အဲ့ဒါတွေကို အကောင်အထည်ဖော်ဖို့ စွမ်းအားလည်း ရလာမယ်ပေ့ါ။ တကယ်သမိုင်းကြောင်းတလျောက်ကို ပြန်ကြည့်လိုက်ရင်တော့ သတင်းအချက်အလက်တွေတိုင်းမှန်ကန်မနေပေမယ့် အဲ့ဒါတွေကို အကောင်အထည်ဖော်ဖို့ စွမ်းအားတွေရနေတာကို သွားတွေ့ရတယ်။ အဲ့ဒါက order တွေကြောင့်ပါပဲ။ မှားယွင်းတဲ့သတင်းအချက်အလက်တွေကို order တွေနဲ့ လိုက်လျောညီထွေလုပ်လိုက်ရင် အဲ့ဒါတွေကို အကောင်အထည်ဖော်ဖို့ စွမ်းအားဆိုတာ ရလာပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ သတင်းအချက်အလက် မဟုတ်တဲ့အတွက် အမြော်အမြင်ဆိုတဲ့ Wisdom ဖြစ်တဲ့ ဆုံးဖြတ်ချက်တွေတော့ ရှိမနေဘူးပေါ့။ လူတွေက order တွေနောက်ရော ဘာလို့လိုက်ကြသလဲဆိုတဲ့ သမိုင်းကြောင်းတွေက ရှိနေပြန်ပါတယ်။ လူတွေရဲ့ ဦးနှောက်သဘောအရ မှန်ကန်မှုတွေကိုချည်း သဘောကျမနေပါဘူး။ မှန်ကန်မှု မရှိတဲ့ story ကိုလည်း လူတွေက သဘောကျတတ်ပါသေးတယ်။ story တွေပြောတဲ့အခါ reality ၃ မျိုး ရှိပါတယ်။ တောင်တန်းတွေ သစ်ပင်တွေ အစရှိတဲ့ တကယ်ရှိကြောင်း မြင်ဖူးတွေ့ဖူးကြတဲ့ objective reality။ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာ၊ နာကျင်မှုဆိုတဲ့ တကယ်ရှိပေမယ့် မမြင်ရတဲ့ subjective reality။ subjective reality က story ပြောနေသူတစ်ယောက်ထဲရဲ့ စိတ်ထဲမှာပဲ ရှိတယ်။ နားထောင်နေတဲ့သူတွေက သူနဲ့ ထပ်တူမခံစားနေရဘူး။ နောက်ဆုံး တစ်ခုကတော့ intersubjective reality လို့ခေါ်တဲ့ စိတ်ထဲမှာပဲ ရှိပေမယ့် အဲ့ဒါတွေက လူအများကြီးရဲ့စိတ်ထဲမှာကို ရှိနေတဲ့ အရာတွေဖြစ်တဲ့ ဥပဒေ၊ ဘုရားသခင်၊ တိုင်းပြည်၊ ငွေကြေး အစရှိတာတွေပဲ ဖြစ်တယ်။ လူတိုင်းရဲ့ စိတ်ထဲမှာ ငွေကြေးက ကိုယ်လိုချင်တဲ့အရာတွေနဲ့ လဲလှယ်လို့ရတဲ့အရာလို့ ယုံထားကြတယ်။ ငွေစက္ကူဆို သူက စာရွက်ပဲလေ။ ဘာတန်ဖိုးမှ မရှိဘူး။ ဒါပေမယ့်လူတွေရဲ့စိတ်ထဲမှာက တန်ဖိုးရှိတယ်လို့ ယုံထားပြီးသားဖြစ်နေတယ်။ ဥပမာ - လူတစ်ယောက်က လေယာဥ်ပျက်ကျပြီး ငွေကြေးမသုံးတဲ့ လူရိုင်းရွာတစ်ရွာကို ရောက်သွားတယ်ဆိုကြပါစို့။ သူနဲ့ အတူ ငွေအပြည့်ထည့်ထားတဲ့အိတ်တွေပါလာပြီး ဒီပိုက်ဆံတွေအကုန်ယူလိုက် ငါ့ကို အိမ်ပြန်ပို့ပေးဆိုရင် ဘယ်သူမှ လိုက်ပို့ပေးကြမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆို အဲ့ရွာက လူရိုင်းတွေက ငွေကြေးက တန်ဖိုးရှိတယ်လို့ ယူဆထားတဲ့ intersubjective ကွန်ယက်ထဲမှာ ရှိမနေလို့ပါပဲ။ ဘာသာရေးဆိုတာလည်း အဲ့လိုပါပဲ။ ခရစ်ယာန် ယုံကြည်ကိုးကွယ်တဲ့သူပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူပဲဖြစ်ဖြစ် အစ္စလာမ်ဘာသာကိုးကွယ်တဲ့သူပဲဖြစ်ဖြစ် ဘာသာတူတဲ့သူတွေဆို ပိုရင်းနှီးသလို ခံစားရပါတယ်။ ဘာလို့လဲဆို သူတို့ရဲ့ စိတ်ထဲမှာ intersubjective အရာက အတူတူပဲ ဖြစ်နေလို့ပါ။ အဲ့လို သူ့စိတ်ထဲမှာရော ကိုယ့်စိတ်ထဲမှာရော ယုံကြည်တဲ့အရာကတူနေရင် ပေါင်းစည်းပြီး စွမ်းအားဖြစ်လာစေပါတယ်။ ခရစ်ယာန်ဆို ဘုရားကျောင်းတည်မယ်။ အီဂျစ်ဖာရိုဘုရင်တွေလည်း သူတို့က နတ်ဘုရားဖြစ်တယ်ဆိုတဲ့ intersubjective တွေက လူတွေရဲ့စိတ်ထဲမှာ ရှိနေတော့ ပိရမစ်ကြီးတွေဆောက်နိုင်ကြတယ်။ နိုင်ငံဆိုလည်း ဒီလိုပါပဲ။ ငါတို့နိုင်ငံဆိုတဲ့ intersubjective က အဲ့နိုင်ငံသားတွေရဲ့စိတ်ထဲမှာ ရှိနေလို့ကို နိုင်ငံအဖြစ်တည်ထောင်ထားနိုင်တာပါ။ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ် မှန်ကန်တဲ့ သတင်းအချက်တွေဆိုတာထက် လူတွေသဘောကျလောက်စရာ story တွေကို ပြောလေ့ရှိကြပါတယ်။ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်လိုအရာမျိုး၊ သမ္မာကျမ်းစာထဲက Noah လှေကြီးဆိုတာမျိုးတွေဟာ ယုံချင်စရာမကောင်းပါဘူး။ ဒါပေမယ့် လူတွေက ယုံနေကြတာပဲမို့လား။ Yuval Noah Harari က ဘာသာမဲ့ဖြစ်တာကြောင့် ဘာသာတရားတွေရဲ့ မှန်ကန်မှုမရှိတဲ့ အချက်တွေကို ရေးပြပြီး သတင်းအချက်အလက်တွေက မမှန်ကန်ပေမယ့် ဘုရားဆိုတဲ့ order ကြောင့် လူတွေက ပေါင်းစည်းမိပြီး ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ စွမ်းအားတွေရလာပုံကို ရေးပြထားပါတယ်။ ကျနော်လည်းဘာသာမဲ့ဖြစ်တာကြောင့် အခုပြောတဲ့အရာတွေက တော်တော်ဖတ်လို့ကောင်းပေမယ့် ဘာသာတရားကိုင်းရှိုင်းတဲ့ သူတွေအတွက်ကတော့ ဖတ်ချင်စရာကောင်းချင်မှ ကောင်းမှာပါ။ ဘာသာရေးနဲ့ဆိုင်တဲ့ institution တွေနဲ့ သိပ္ပံနဲ့ဆိုင်တဲ့ institution တွေရဲ့ အဓိက ကွာခြားချက်ကတော့ self-correction mechanism လို့ခေါ်တဲ့ အမှားပြင်ဆင်ပြီး အမှန်ပြင်လာစေတဲ့ လမ်းကြောင်းပါပဲ။ ဘာသာရေးနဲ့ဆိုင်တဲ့ institution တွေက သူတို့ရဲ့ ဘာသာရေးကျမ်းစာအုပ်တွေက ဘုရားဟောဖြစ်တဲ့အတွက် မှားစရာအကြောင်းမရှိဆိုပြီး နှစ်တွေထောင်နဲ့ချီကြာနေပေမယ့် အမှားပြင်ဆင်မှုတွေမလုပ်ကြပါဘူး။ ဘာသာရေးနဲ့ဆိုင်တဲ့ ကျမ်းစာအုပ်တိုင်းက ဘုရားကိုယ်တိုင်ရေးခဲ့တာ တစ်ခုမှ မရှိပါဘူး။ လူတွေကပဲ ပြုစုထားတာပါ။ ဒါကို အမှားမပြင်ဆင်ပဲ နေကြတော့ ဘာသာရေးဆိုင်ရာ institution တွေက ပိုမိုကောင်းမွန်တိုးတက်လာတာမျိုးမရှိပဲ ရှေးရိုးစွဲတွေအဖြစ်ပဲ ကျန်ရှိနေကြပါတယ်။ သိပ္ပံနဲ့ဆိုင်တဲ့ institution တွေကတော့ သီအိုရီတစ်ခုထွက်ပြီးပေမယ့် အဲ့သီအိုရီတွေကို နောက်ပိုင်းမှာ တကယ်ရောမှန်ရဲ့လားဆိုပြီး သက်သေခိုင်ခိုင်လုံလုံနဲ့ ဝေဖန်ထောက်ပြနိုင်ရင် အမှားပြင်ဆင်မှုလုပ်တဲ့ self-correction mechanism ရှိတာကြောင့် ပိုမိုကောင်းမွန်တိုးတက်လာတာကိုတွေ့ရပါတယ်။ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်နဲ့ ကွာဟချက်ဆိုတာကလည်း ဒီမိုကရေစီမှာ self-correction mechanism အားကောင်းပြီး အာဏာရှင်စနစ်မှာတော့ self-correction mechanism အားနည်းပါတယ်။ self-correction mechanism အားကောင်းအောင်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ လိုအပ်ပါတယ်။ အခုနောက်ပိုင်း AI တွေကြီးစိုးလာတဲ့ အချိန်မှာတော့ အာဏာရှင်နိုင်ငံတွေမှာပါ self-correction mechanism ကိုအားကောင်းလာစေနိုင်ပါတယ်။ AI က chatbot တွေ ဖန်တီးပြီး အာဏာရှင်တွေကို ဝေဖန်ထောက်ပြနေရင် အာဏာရှင်တွေအနေနဲ့ chatbot ကို ဘယ်လိုဖမ်းပြီး ထောင်ချမလဲ။(ဒါကြောင့် အာဏာရှင်တွေတော်တော်များများက AI ကို စိတ်ဝင်စားနေကြပြီး AI ကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ကြံစည်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။) ဒါပေမယ့်လည်း AI တွေက အကောင်းတွေချည်း လုပ်မယ်လို့ ယူဆမရဘူး။ ကမ္ဘာမှာ ပေါ်ပေါက်ခဲ့သမျှ တီထွင်ဖန်တီးမှုတွေ အားလုံးက tools တွေအနေနဲ့ပဲ ပေါ်ပေါက်ခဲ့တာပါ။ ဓား၊ သေနတ်၊ နျူးကလီးယားဆိုတဲ့ လက်နက်တွေကလည်း သူတို့ကိုယ်တိုင် သတ်ဖြတ်မှုတွေ မလုပ်နိုင်ကြပါဘူး။ ဒါပေမယ့် AI ဆိုတာ tool တစ်ခုမဟုတ်ပါဘူး။ သူကိုယ်တိုင် သင်ယူနိုင် ဆုံးဖြတ်နိုင် လုပ်ဆောင်နိုင် တီထွင်ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်တာကြောင့် AI က agent တစ်ယောက်ဖြစ်နေပါတယ်။ နျူးကလီးယားလက်နက်ကို AI က ကမ္ဘာတစ်ခုလုံး ကြဲချလိုက်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချပြီး လုပ်ဆောင်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ AI ကို ဖန်တီးထားတဲ့ algorithm တွေက အရေးကြီးလာပါတယ်။ ရခိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်စဥ်မှာဆိုရင် Facebook AI ရဲ့ algorithm က လူမျိုးမုန်းတီးရေးပို့စ်တွေကို လူကြိုက်များတဲ့အတွက် ပျံ့နှံ့မှုမြန်အောင် လုပ်ဆောင်ပေးတာကြောင့် ဒီဖြစ်စဥ်က ပိုမိုဆိုးဝါးခဲ့တာပါ။ နောက်ပိုင်းအရာရာကို AI က ထိန်းချုပ်လာခဲ့ရင် အဲ့ AI ရဲ့ algorithm မှာ self-correction mechanism ကောင်းကောင်းပါမလာခဲ့ရင် မဟုတ်တာ မမှန်တာတွေ လုပ်ဆောင်နေတဲ့ AI ကို ကျနော်တို့ ဘယ်လိုထိန်းကြမလဲ။ နောက်ပိုင်း AI က ကောင်းကောင်းကြီး လူတွေကို ဘယ်လိုလိမ်ရမလဲဆိုတာပါ သိလာခဲ့ရင် ကျနော်တို့အနာဂတ်ကြီးက မတွေးရဲစရာပါပဲ။ Yuval Noah Harari က ဒီစာအုပ်ကို Nexus လို့ သုံးထားတာက link ဆိုတဲ့အဓိပ္ပာယ်လို့ပဲ ယူဆပါတယ်။ လူတွေရဲ့ intersubjective ထဲက တူညီတဲ့ အရာတွေကြောင့် လူတွေချိတ်ဆက်မိကြတာကို ဆိုလိုချင်တာပါ။ ဒီစာအုပ်က တွေးစရာတွေ တော်တော်များများ ဖြစ်ပေါ်လာစေမှာ အမှန်ပါပဲ။ Yuval Noah Harari ရဲ့ စာဖတ်အား တွေးခေါ်နိုင်မှုစွမ်းအားတွေကို ထင်သာစေတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။
Keep Reading