စာရေးသူ
အခုလူတော်တော်များများ အောင်မြင်မှုကိုခေါက်ဆွဲပြုတ်သလို မိုက်ခရိုဝေ့နဲ့ ဟင်းနွေးသလို တစ်ခဏအတွင်းရမယ့်အရာလို့ ထင်ကြတယ်။စိတ်မရှည်ကြတော့ဘူး။ အဲ့လိုမျိုး ထီပေါက် သူဌေးဖြစ် မျှော်လင့်ချက်မျိုးကို စွန့်ပစ်မယ်လို့ သင့်ကိုယ်သင်ကတိပေးလိုက်ပါ။ထီထိုး ချဲထိုးတာပဲ ဖြစ်ဖြစ် လောင်းကစားဂိမ်းဆော့တဲ့အခါမှာဖြစ်စေ လူတွေက အနိုင်ရတဲ့သူတစ်ယောက်ကိုပဲမြင်ကြတယ်။ရှုံးပြီးမွဲသွားတဲ့ လူသန်းပေါင်းများစွာကိုတော့ မမြင်ကြဘူး။လတ်စ်ဗီးဂတ် လောင်းကစားရုံတစ်ခုရဲ့ စက်တစ်ခုရှေ့မှာ အော်ကြီးဟစ်ကျယ် ခုန်ပေါက်ပျော်ရွှင်နေတဲ့လူဟာ သူ့ရဲ့နောက်ကွယ်မှာလည်း အကြိမ်ထောင်သောင်းမက ရှုံးနိမ့်မှုတွေရှိနေပါတယ်။ သင်္ချာနည်းဖြစ်တဲ့ ဖြစ်တန်စွမ်းအရတွက်ကြည့်မယ်ဆိုရင်လည်း လောင်းကစားဂိမ်းတွေမှာ သင်အနိုင်ရနိုင်ခြေက သုည ပါပဲ။
ဟားဗတ် တက္ကသိုလ်ရဲ့ စိတ်ပညာရှင် ဒေါက်တာဒန်နီရယ်ပြောတာက
ကျွန်တော်တို့သာ လောင်းကစားဂိမ်းဆော့တဲ့ လူတစ်ယောက်နှစ်ယောက်လောက်ကို တီဗီရှေ့မှာ ကျွန်တော်အမြဲတမ်းမနိုင်ပါဘူး ရှုံးလည်းရှုံးပါတယ် လို့ကြေငြာခိုင်းလိုက်ရင် လက်ရှိ ဆော့နေတဲ့သူတွေအကုန်လုံး တစ်ခါလှည့်ဖို့တောင် ဆယ်နှစ်နီးပါး တွေဝေသွားမှာဖြစ်ပါတယ် လို့ ပြောပါတယ်။
သင်သာ စုပေါင်းခြင်း ဥပဒေသကိုကောင်းကောင်းနားလည်နေရင် အဲ့လို ထီပေါက်သူဌေးဖြစ် အတွေးအမှားတွေရဲ့ လွမ်းမိုးတာခံရမှာမဟုတ်ပါဘူး။ အခုအောင်မြင်နေတဲ့ အားကစားသမားတွေကိုပဲသင်ကြည့်လိုက်ပါ။သူတို့အနေနဲ့ ပေါ့ပေါ့လေးနေပြီး ထိပ်ဆုံးကိုရောက်လာခဲ့ကြတယ်လို့ သင်ထင်ပါသလား။အကျိုးကြေကြေ အရည်ခမ်းခမ်း ထပ်ခါထပ်ခါ လေ့ကျင့်ပြီး ထိပ်ဆုံးကိုတက်လာခဲ့ကြတာဖြစ်တယ်။မနက်ဆို သူများထက်အရင်ထ လေ့ကျင့်ကြပြီး သူများပြန်ရင်တောင် ဆက်လေ့ကျင့်တဲ့သူမျိုးတွေဖြစ်တယ်။ ရှုံးနိမ့်မှုရဲ့ ခါးသီးမှုတွေ၊ အထီးကျန်ဆန်မှုတွေ၊ အရိုးထဲက ငိုကြွေးမှုတွေနဲ့ စိတ်ပျက်စရာတွေကို ကျော်ဖြတ်ပြီး နံပါတ်တစ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုယူခဲ့ကြသူတွေဖြစ်တယ်။
ဒီစာအုပ်ကိုသင်ဖတ်လို့ပြီးဆုံးသွားခဲ့ရင် သင့်အရိုးထဲ အသည်းထဲမှာ စွဲမြဲနေဖို့က စစ်မှန်တဲ့အောင်မြင်မှုကိုသွားတဲ့ လမ်းဆိုတာ...
"သင်ကိုယ်သင်ဘယ်သူလည်း မသိလောက်အောင် မသေချာမရေရာတဲ့ဝေဝါးမှုတွေ၊ နေ့စဉ်ထပ်ခါထပ်ခါလုပ်နေရတဲ့အတွက်စိတ်ပျက်ငြီးငွေ့စရာတွေ၊ လူအထင်မကြီးတဲ့အရာတွေကို လုပ်ပြီးမှရောက်မယ့် လမ်းဖြစ်တယ်။ "
သင်ဒါတွေကို ကျော်ဖြတ်ပြီးသွားမှသာ သင့်ဘ၀သင့်စတိုင်ကို ရရှိလာမှာဖြစ်တယ်။ စုပေါင်းခြင်းဥပဒေသ(The Compound Effect )ကအမြဲတမ်း အလုပ်လုပ်နေပါတယ်။သင်က သင့်ကောင်းကျိုးအတွက် အသုံးချမလား၊ အကျင့်ဆိုးတွေ အတွေးမှားတွေ စုပေါင်းတာကို လျစ်လျူရှုပြီး အဲ့တာတွေရဲ့ စုပေါင်းဆိုးကျိုးကိုခံယူမလား လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။
နောက်အပိုင်းများတွင်ဆက်လက်ဖော်ပြသွားပါအုံးမည်…
Keep Reading