Lin Myaing

"မောင်.... ကိုယ့်ဘဝတော့ပျက်ပါပြီ"
သူ့ဆီကနေ ပထမဆုံးဝမ်းနည်းခြင်းအသံကို ကြားလိုက်ရ၍ ကျွန်တော် အတော်စိတ်ပူသွားသည်။
"ဘာဖြစ်လို့လဲ ချည်၊ မောင့်ကိုပြောပါအုံး"
ငိုကျွေးသံတွေနဲ့အတူ မိမိကိုယ်ကိုစိတ်ပျက်နွမ်းလျဟန်ဖြင့် သူမနှုတ်ခမ်းဖျားများ တုန်ရီလျက်ရှိ၏။
"ကိုယ့်အမှားတွေပါ မောင်ရယ်၊ မောင့်ကိုတကယ် တောင်းပန်ပါတယ် ကိုယ်တို့လမ်းခွဲရအောင်နော်"
ချည်ရဲ့ဖြူဖတ်နေသော ပါးမို့မို့ဆီသို့ မျက်ရည်များ တသွင်သွင်စီးကျလျက်ရှိ၏။
ထိုသို့ပြောပြီး ခေါင်းကိုအောက်ငုံ့ချလိုက်ကာ ချည်ဘေးနားက သူနဲ့တစ်ရုံးထဲလုပ်သူ၊ သူငယ်ချင်းလဲဖြစ်၊ ဆိုးတူကောင်းဖက်လည်းဖြစ်တဲ့ မော်မော်ကို သူမဖုန်းပေးလိုက်၏။
ကျွန်တော်လည်း လိုင်းမကောင်းသည့်ကြားက အသံကထစ်၊ ရုပ်ကဝါးနေသော ဖုန်းမျက်နှာပြင်ပေါ်ကို မျက်သေဖြစ်ကာ ကြောင်၍ကြည့်နေမိသည်။
တစ်ဖက်မှ မော်မော့်အသံကိုကြားရကာမှ
"မော်မော် ချည်ဖြူ ဘာဖြစ်တာလဲ၊ ပြောပါဦး၊ ငါတော်တော်စိတ်ပူနေလို့ပါ၊ အမြန်ပြောပါဦး" "ချည်ဖြူကို သူ့အရင်ကောင်လေးက ချည်ဖြူဆန္ဒမပါဘဲ အဓမ္မကျင့်သွားတယ်"
စက္ကန့်ပိုင်းမျှ ကျွန်တော့်နှလုံးခုန်သံများ ခေတ္တရပ်တန့်သွားပြီး ညကအိပ်ရေးပျက်ထားခြင်းကြောင့် ခေါင်းထဲတွင် မိုက်ခနဲဖြစ်သွားခဲ့သည်။ ကျွန်တော့်ဘေးနားတွင်ရှိသော ကုတင်တိုင်ကို အမြန်ဖမ်းဆုပ်ကာ ကုတင်ပေါ်သို့ဖြေးညှင်းစွာ ထိုင်ချလိုက်သည်။ မော်မော်မှ ကျွန်တော့်ကို အကြိမ်ရေများစွာ ခေါ်သံကိုကြားနေရသော်လည်း ပြန်လည်တုံ့ပြန်ဖြေကြားရန်ကိုပင် ဦးနှောက်ကမစေ ခိုင်းတော့။ ငါးမိနစ်အကြာမှ ကျွန်တော်နှလုံးခုန်သံများ ပုံမှန်မဟုတ်သည့်တိုင်အောင် မြန်ဆန်စွာလှုပ်ရှားရုန်းကန်လျက်ရှိသည်။ ထိုစဉ် အသိစိတ်ဝင်လာသည့်အတွက် တစ်ဖက်လူကို တုံ့ပြန်ရန်အသက်ကိုမှန်မှန်ရှုလိုက်သည်။
"အင်း ကြားတယ်မော်မော် ဆက်ပြောပါဦး၊ ခေါင်းထဲ နည်းနည်းဝေသွားလို့"
"ညက ချည်ဖြူက သူ့သူငယ်ချင်းတွေကအတင်းခေါ်တာနဲ့ အသားကင်လုပ်စားပြီးဝိုင်သောက်ကြတယ်၊ သူ့သူငယ်ချင်းအိမ်မှာ ဝိုင်သောက်နေကြတုန်းပဲ သူ့အရင်ကောင်လေးတို့အုပ်စုက ရောက်လာကြတယ်တဲ့လေ၊ ဒါနဲ့ ချည်ဖြူက ထပြန်မယ်လုပ်တော့ သူငယ်ချင်းတွေဆုံတုန်း ပျော်ပျော်ပါးပါးနေရအောင်ဆိုပြီး ချည်ဖြူကိုအတင်း ဝိုင်းတားကြတယ်၊ ဒါနဲ့ ချည်ဖြူလည်း နာရီဝက်တစ်နာရီလောက်တော့ ခနနေပေးမယ်ဆိုပြီး ထိုင်ပြီးသောက်နေကြတုံး သူ့အရင်ကောင်လေးက ချည်ဖြူသောက်မယ့်ဝိုင်ထဲကို မသိအောင် ဝီစကီရောထားပြီးပေးတယ်တဲ့၊ ဒါကိုချည်ဖြူကမသိတော့ သောက်ရင်းသောက်ရင်း မူးပြီး နေရာမှာတင်အိပ်ပျော်သွားတာပဲတဲ့၊ ချည်ဖြူမနက် နှစ်နာရီလောက်အိပ်ရာနိုးလာတော့ သူ့အရင်ကောင်လေးကဘေးမှာရှိနေပြီး သူတို့နှစ်ယောက်လုံး ကုတင်ပေါ်မှာအတူရှိနေတာကို သတိပြုမိတယ်တဲ့၊ ဒါကိုချည်ဖြူက ချက်ချင်းထပြန်မယ်လုပ်တော့ ချည်ဖြူမိဘတွေကအိမ်ရှေ့ဧည့်ခန်းမှာ ရောက်နေတာကို တွေ့သွားတယ်။ ချည်ဖြူကို ဒေါသတကြီးနဲ့သူ့အမေက ငါတို့မိဘတွေသဘောတူထားလျက်နဲ့ ဘာလို့ဒီလိုလုပ်ရသလဲ၊ အိမ်ထောင်ပြုမယ်ဆိုလည်း နှစ်ဦးနှစ်ဖက်ဖွင့်ပြောပေါ့၊ ခုတော့ရှက်စရာတွေဖြစ်ကုန်တာပေါ့ ဆိုပြီးပြောတော့ ချည်ဖြူအရင်ကောင်လေးက ကျွန်တော်တို့မခွဲနိုင်လို့ ဒီလိုဖြစ်သွားတာပါဆိုပြီး ချည်ဖြူအမေကိုပြောတယ်၊ ချည်ဖြူကလည်းရှက်နေတော့ အဲ့ချိန်ထဲကပဲ မော်မော့်အိမ်ကိုရောက်လာတာ၊ ခုမနက်မိုးလင်းမှပဲ သူစိတ်ပြေလက်ပျောက်ဖြစ်အောင် ဘီလူးချောင်းဘက်ကိုထွက်လာရင်း သူ့ကိုအကျိုးအကြောင်းမေးနေတာ၊ သူကလည်းခုတငိုငိုတရယ်ရယ်နဲ့လေ ။ မော်လည်း သူ့ကိုဖြောင်းဖျပေးနေပါတယ်၊ ကိုမင်းလည်း စိတ်တအားမညစ်နဲ့နော်၊ စိတ်အေးအေးထားပြီး အဖြေရှာကြပေါ့နော်" ဆိုပြီး ပြောတော့
"မော်မော်ရေ ချည်ကို ဖုန်းပေးပေးပါဦး"
ချည်ဖြူ၏မျက်လုံးများ နီရဲနေ၏။ ကြည့်ပါအုံး တစ်သက်နဲ့တစ်ကိုယ် ခုလိုချည်ဖြူဒီလောက်ငိုတာ တစ်ခါမှ မတွေ့မိသေးတော့ ကျွန်တော် တော်တော်သနားသွား၏။ ထို့နောက်
"ချည် မောင်ပြောမယ် စိတ်အေးအေးထားပြီး နားထောင်နော်၊ ချည်ဖြူ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ မောင်နားလည်တယ်၊ ချည်ကြောင့် မောင့်စိတ်ထဲမှာ ဘာကိုမှ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူးနော်၊ တကယ်ပြောတာ၊ ချည်ဖြူသာ ဘဝကိုအရှုံးမပေးနဲ့၊ နှစ်ခါမရှုံးစေနဲ့ ၊ ချည်ဘက်မှာ အမှန်တရားရှိတဲ့အတွက် ချည်နိုင်အောင်လုပ်၊ ချည်ဘေးမှာ မောင်တစ်ယောက်လုံးရှိသေးတယ်ဆိုတာ ချည်မမေ့နဲ့နော်"
ကျွန်တော်ပြောစကားကို ချည်တစ်ယောက် ရှိုက်ကြီးတငင်ဖြင့်နားထောင်နေပြီး သူကျွန်တော့်ကို တုံ့ပြန်နေသည်မှာ သူ့ပါးပြင်ပေါ်က မျက်ရည်များသာဖြစ်ကြောင်း ကျွန်တော်သတိထားမိ၏။
" မောင်ရယ် ကိုယ့်ဘဝတော့ပျက်ပါပြီ၊ ခုသေသာသေလိုက်ချင်တော့တယ်"
"အို မဟုတ်တာတွေ မတွေးပါနဲ့လားချည်ရယ်၊ ချည် နှစ်ခါရှုံးသွားမှာပေါ့၊ ချည်မဟုတ်တာ ဘာမှမလုပ်ခဲ့ဘူးလေ၊ ချည်ရဲရဲကြီးရင်ဆိုင်ပလိုက်နော်၊ အိမ်ကိုလည်း အမှန်အတိုင်းသာပြောပြ"
"မေမေတို့ကလက်ခံမှာမဟုတ်ဘူး မောင်ရဲ့၊ ခုတောင် ဖုန်းဆက်တာကို အိမ်ပြန်မလာနဲ့ဆိုပြီး ပြောနေတယ် ၊မေမေလည်း တော်တော်စိတ်ဆိုးနေတယ်"
"ဒါဆို မောင်ပြောတဲ့အတိုင်းလုပ်၊ ခု ချည်စိတ်ကိုအေးအေးထား မနက်စာတစ်ခုခုဝင်အောင်စားလိုက်၊ ပြီးရင် မော်မော့်အိမ်မှာခနပြန်နေ၊ ဒီနေ့ ရုံးမတက်တော့နဲ့၊ ခွင့်ယူပြီး စိတ်အေးအေးထား၊ ခေါင်းအေးအေးထားပြီး ခနအိပ်လိုက်၊ အိပ်ရာနိုးရင် မောင့်ကိုဖုန်းခေါ်လိုက်နော်၊ ချည်အိပ်ရာနိုးမှ ဒီပြဿနာဘယ်လိုဖြေရှင်းကြမလဲဆိုတာ မောင်တို့အတူတူစဉ်းစားကြမယ်နော် ဟုတ်ပြီလား"
"အင်းပါ မောင်ရယ်၊ မောင်လည်းအရမ်းစိတ်မညစ်နဲ့နော်၊ ရုံးသွားဖို့ပြင်ရဦးမှာမလား၊ ကိုယ်တောင်းပန်ပါတယ် မောင်ရယ်"
"စိတ်ထဲမှာဘာမတွေးတော့နဲ့နော်၊ ကဲ ခု မော်မော့်အိမ်ကိုပြန်နားတော့၊ အိပ်ရာနိုးရင်ဖုန်းဆက်လိုက်မယ်၊ ချည်ကိုမောင်အရမ်းချစ်တယ်နော်"
အပိုင်း-၂ မျှော်.....
Keep Reading