အက္ခရာ - Haruki
အချစ်ဆိုတာဘာလဲ။ What is love?
ဒါလေးနဲ့ပတ်သတ်ပြီး ဆရာဦးဘုန်း(ဓာတု)ရဲ့ ဟောပြောပွဲလေးတစ်ခုနားထောင်ဖူးတယ်။
အချစ်ဆိုတာဘာလဲလို့ လူ ၁၀၀ ကိုမေးမယ်ဆိုရင် အဖြေ ၁၀၀ ထွက်မယ်လို့ ကျွန်တော်ထင်ပါတယ်။
အပျိုကြီးတွေကို မေးမယ်ဆိုရင်
အချစ်ဆိုတာ အထီးကျန်ခြင်းကို မွေးဖွားမပေးတဲ့ နတ်မိမယ်လေးလို့ ပြောမှာပေါ့...။
အသဲကွဲသူကိုမေးမယ်...။
အချစ်ဆိုတာဘာလဲ။ အချစ်ဆိုတာ အလွန်ခါးသီးတဲ့ ဆေးခါးကြီးပဲ။
ဒီလိုပဲ ချစ်နေရက်နဲ့ ကိုယ့်ချစ်သူကို စိတ်မချ၊လက်မချ ဖြစ်နေသူကိုမေးမယ်။
အချစ်ဆိုတာဘာလဲ။ အချစ်ဆိုတာ ရေခဲတုံးလိုပဲ။ လက်ကလေးနဲ့ကိုင်ရင် အေးတယ်။ ရင်ဘက်ထဲလည်းရောက်ရော ပူလိုက်တာပေါ့။ စသဖြင့် သူတို့ရဲ့ Relationship နဲ့ပတ်သတ်ပြီး တွေ့ကြုံခံစားရမှုတွေကိုအခြေတည်ကာ အမျိုးမျိုးဖြေပါလိမ့်မယ်။
အချစ်မှာ အဓိပ္ပာယ်တွေအမျိုးမျိုးရှိမယ်လို့ ကျွန်တော်ကိုယ်တိုင်လည်းထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အချစ်ဆိုတဲ့အရာကို အဲ့ဒီလိုတွေအဓိပ္ပာယ်ဖွင့်ဆိုချင်တာမဟုတ်ပါဘူး။
ကျွန်တော်ပြောချင်တဲ့အချစ်တွေအများကြီးထဲမှာမှ အခုပြောပြပေးမယ့်အရာလေးက လောကကြီးထဲမှာ အချစ်နောက်မှာ ဘာလေးပေါင်းထည့်လိုက်ရင် ဘယ်လိုအဓိပ္ပာယ်ပြောင်းသွားမလဲဖြစ်ပါတယ်။
စဥ်းစားစရာသိပ်ကောင်းတယ်လေ...။ အချစ်ကို အချစ်မှာတင်ရပ်မထားဘူး။
၁။ Love is like coffee ☕️?
ကျွန်တော် ပထမဦးဆုံး အချစ်ကို Coffee နဲ့နှိုင်းချင်ပါတယ်။
ကျွန်တော်တို့ ကော်ဖီလို့ပြောလိုက်ရင် ပူမှအရသာရှိတာမဟုတ်ပါဘူး။ အေးစက်နေလည်း အရသာရှိနေဆဲပါ။ ( ရေခဲကော်ဖီဗူးတွေပေါ်နေတာ ကြာပြီမဟုတ်လား။ ) ဒါပေမယ့် ကော်ဖီထဲရောစပ်ထားတဲ့ ကော်ဖီမှုန့်တို့၊ သကြားတို့၊ နို့ဆီ၊နို့မှုန့် အချိုးအစားတွေအပေါ်မူတည်ပြီး အရသာတော့ ပြောင်းသွားမှာပေါ့။
ချစ်သူကိုသိပ်အလိုမလိုက်ပါနဲ့။ ထားသွားပါလိမ့်မယ်....။ အဲ့လိုပြောလို့လည်း မဖြစ်သေးပါဘူး။ နည်းနည်းလေးတော့ အလိုလိုက်ပေါ့။ ပစ်သွားမှာစိုးလို့....။ ဒီလိုပါပဲ.... ကော်ဖီမှာလည်း အမျိုးမျိူးအရသာရှိတယ်။ ပူသည်ဖြစ်စေ အေးသည်ဖြစ်စေ ကော်ဖီဟာအရသာရှိတယ်။ ဒါကြောင့် အချစ်ဟာ ကော်ဖီနဲ့တူတယ်လို့ပြောရင် လူတချို့လက်ခံမယ်လို့ထင်ပါတယ်။
နောက်တစ်ခုအနေနဲ့
၂။ Love is like candle ?️?
အချစ်ဟာ ဖယောင်းတိုင်လေးနဲ့တူတယ်။
ကိုယ့်ချစ်သူကို ကိုယ်က လမ်းပြရတယ်။ အလင်းပေးရတယ်။ အဲ့လိုနဲ့ တဖြည်းဖြည်း ကိုယ့်ဘဝဟာ အထီးကျန်ပြီး၊ တိုပြီး၊ အရည်ပျော်ပြီး ကျန်ခဲ့တယ်။ သူကတော့ နောက်ထပ်အလင်းရောင်တစ်ခုအောက်မှာ ကိုယ့်ကိုစွန့်ခွာပြီးသွားတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကျေနပ်ပါတယ်ပေါ့။
ဒီလိုပါပဲ....
၃။ Love is like apple ?❣️
အချစ်ဟာ ပန်သီးလေးနဲ့တူတယ်။
ကျွန်တော်တို့ပန်းသီးဝယ်တဲ့အခါ ဘယ်ပန်းသီးမဆို အနာအဆာလေးတွေ ၁ ခု ၂ ခုတော့ ပါစမြဲပါ။ ပန်းသီးတိုင်းမှာ အနာအဆာရှိတယ်။ ဒါကို ပန်သီးခွဲတဲ့သူတိုင်းသိပါတယ်။
အဲ့လို အနာအဆာပါတဲ့အခါ အနာအဆာပါတိုင်း ပန်းသီးလွှင့်ပစ်သလား၊ အနာအဆာလေးကိုဖယ်သလား။
ဟုတ်ပါတယ်...။ အနာအဆာလေးကိုဖယ်၊ အခွံလေးခွာ၊ ပြီးရင် လှီးစားတာပဲမဟုတ်လား။အနာအဆာကိုပုံကြီးချဲ့ပြီး ပြောနေရင်တော့ ပန်းသီးစားရမယ့်အရေးကနေ လွဲသွားမှာပေါ့။
အဲ့ဒီလိုမျိုးပါပဲ။
ဘဝမှာ ကိုယ့်ချစ်သူမှာ အပြစ်အနာအဆာရှိပေမယ့် ကောင်းတဲ့အပိုင်းကိုရွေးချယ်ကြည့်တတ်ဖို့အတွက် အချစ်ဟာ ပန်းသီးလေးနဲ့တူပါတယ်။
စာဖတ်သူလေးအတွက်ကရော အချစ်ဟာ ဘာနဲ့တူပါသလဲခင်ဗျာ။
ᏂᏗᏒᏬᏦᎥ ( April 11, 2024 . 6:44 PM )
Keep Reading