SarPhat Author
ကျွန်တော်တို့ freelance developer တွေမှာ တစ်ခါတစ်လေ project တွေမှာ အစကနေ ကိုယ်ရေးရတာမဟုတ်ပဲ၊ ရှေ့ developer အဆင့်ဆင့်ရေးထားတဲ့ project မျိုး ကိုင်ရတဲ့အခါတွေရှိတတ်ပါတယ်။
ပြဿနာက
- ဒီဟာပြင်ရမှာ၊ ဒီဟာလုပ်ချင်တာ ဘယ်လောက်ကျမှာလဲ ၊
- အချိန်ဘယ်လောက်ယူမှာလဲ ၊
- 100% လိုချင်တဲ့အတိုင်းရမှာလား ဆိုတာတွေပဲ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ ကိုယ့်ဆီရောက်လာရင် အရင်ဆုံး ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထဲကဆိုရင် အရင်ဆုံး project ကိုကြည့်လို့ရလားဆိုပြီး ၂ ရက်လောက် အချိန်ယူပြီး -
🟠 ဘာ language တွေ၊ ဘာ tools တွေ သုံးထားလဲ၊ ဘာ services တွေသုံးထားလဲ၊
🟠 Project Structure, Folder Structure တည်ဆောက်ပုံတွေ ဘယ်လိုရှိလဲ၊ စနစ်ကျရဲ့လား …
🟠 Database Structure ရော ဘယ်လိုတည်ဆောက်ထားလည်း စတာတွေကို Overall ကြည့်ပြီး မှ လက်ခံမလား၊ လက်မခံဘူးလား ဆုံးဖြတ်ပါတယ်။
ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထဲမှာ ရှိနေလို့ လက်ခံပြီဆိုရင်၊ အသေးစိတ် အချိန်နဲ့ ကျသင့်ငွေ ကို ပြန်တွက်ပြီး Invoice ထုတ်ပေးရပါမယ်၊ အဲ့လိုအချိန်တွက်တဲ့အခါမှာ Project အဟောင်းဖြစ်နေတဲ့အတွက် တစ်ချို့ ပြဿနာတွေကို လုပ်ရမဲ့ အချိန်ရဲ့ နှစ်ဆ/ သုံးဆ ပိုယူရပါမယ်၊ အချိန်မဟုတ်ရင် စျေး ပိုယူရပါမယ်။
ဘာလို့ ဒီလို လုပ်ရလဲဆိုရင် တစ်ချို့ ပြသနာတွေက လွယ်မယောင်နဲ့ခက် , တိမ်မယောင်နဲ့ နက်တတ်လို့ပါ၊ ဥပမာ — ( ပုံလေးမပေါ်လို့၊ အမျိုးအစားလေး ပြောင်းလိုက်ရင် သက်ဆိုင်ရာ Slide ပုံမပြောင်းလို့ ) ၊ ဒါမျိုးတွေပေါ့ ၊ သာမာန်အားဖြင့်တော့ ပုံမပေါ်တာက Link ချိတ်တာမဟုတ်လို့၊ ပုံကရှိမနေလို့၊ ဒီလောက်ပါပဲ၊ တကယ့်တကယ်ရှင်းတဲ့အခါမှာ ကိုယ်ထင်သလိုမဟုတ်ပဲ ပုံတွေ Size စုံထည့်ရမဲ့ Folder တွေရှိမနေတာ၊ Server တွေပါခွဲထားတာ ဒါမျိုးတွေဆိုရင် ရွာလည်ပါပြီ၊ ဆောက်ရမဲ့ Folder တွေက ဘာတွေလဲဆိုတာ တစ်ခုချင်း အမှိုက်ပုံထဲ အပ်ရှာသလိုရှာရပါတော့မယ်။
“အမျိုးအစားလေးပြောင်းရင် သက်ဆိုင်ရာ Slide ပုံတွေမပြောင်းတာ” ဆိုရင်လည်း သာမာန်ဆိုရင် Url လွဲနေလို့ဖြစ်မယ်၊ Ajax ရေးတာလွဲနေလို့ဖြစ်မယ်၊ ဒီလောက်ပါပဲ၊ တကယ့်တကယ်နဖူးတွေ့ဒူးတွေ့ တွေ့တဲ့အခါ ထင်သလိုမဟုတ်ပဲ Html ရေးတဲ့ပုံစံတွေကို ရှေ့က တခြား Developer ကပြောင်းထားတော့ javascript selector တွေမမိတာ၊ အဲ့ဒါကို ရှေ့က တခြား Developer တစ်ယောက်က တခြား Slider Plugin ထပ်ပြောင်းထားတာ၊ အဲ့ဒီ plugin က support မပေးတော့တာ documentation တွေပါမရှိတော့တာ ၊ 😂 ဒါဆိုရင်တော့ သေချာပါပြီ၊ ရွာလည်တာရိုးရိုးမဟုတ်တော့ဘူး ဒဗလည်တွေ ချာချာ လည်တော့မှာဖြစ်ပါတယ် ။
100% လိုချင်တဲ့အတိုင်းရမှာလားဆိုရင်တော့ စတင်တည်ဆောက်စဥ်က Scope အရ တည်ဆောက်ထားတဲ့ Database Infrastructure, Project Structure ထက် ကျော်လွန်တဲ့ဟာ တွေဆိုရင် လိုချင်တဲ့အတိုင်း အပြည့်အဝရမှာမဟုတ်ပါဘူး၊
အဲ့ဒီလုပ်ရမဲ့ဟာက မဖြစ်မနေလုပ်ရမှာဆိုရင်လည်း တစ်ချို့ Infrastructure တွေဖျက်ပစ်ပြီး လုပ်ရမဲ့ အပိုင်းအတွက် ကိုက်မဲ့ Infrastructure တစ်ခု ထပ်တည်ဆောက်ရပါမယ်၊ အဲ့လိုအပိုင်းလိုက်ဖြတ်ထုတ်လို့မှ အဆင်မပြေရင် Project တစ်ခုလုံးအတွက် လက်ရှိရောက်ပြီးသား Scope အတိုင်း Infrastructure ပြန်ချရပါမယ်၊ ဒါကြောင့်မို့လို့ Project အပ်တဲ့ Boss တွေအနေနဲ့လည်း စလုပ်မဲ့ Scope ကို သေချာသတ်မှတ်၊ နောင်မှာ ဘယ်လိုရည်ရွယ်ထားတယ် ဘယ်လိုဖြစ်သွားမယ်ဆိုတာပါ ဆွေးနွေးပြီး Development Skillset ကောင်းတဲ့ Developer တွေဆီ အပ်သင့်ပါတယ်။
Project အဟောင်းကိုင်ရတယ်ဆိုတာ ကုဒ်ရေးတတ်တဲ့ ပညာတစ်ခုတည်း ထုတ်သုံးရတာမဟုတ်ပါဘူး၊ ငယ်ငယ်ကဖတ်ဖူးတဲ့ စုံထောက်မောင်စံရှားတို့ ဆားပုလင်းနှင်းမောင်တို့ စာအုပ်ထဲက စုံထောက်ပညာတွေပါထုတ်သုံးရတာဖြစ်လို့ အချိန်နဲ့ကျသင့်ငွေကို ကိုယ်တွက်ထားတာထက် နှစ်ဆ၊ သုံးဆ ပိုတွက်မှ Cover ဖြစ်မှာဖြစ်ပါတယ်။ ကိုယ့်လက်ထဲရောက်လာပြီဆိုရင်လည်း Version Control ကို သေချာလုပ်ထားရပါမယ်၊ ဖြစ်နိုင်ရင် တစ်ချို့ ကိုယ်ထိလိုက်တဲ့နေရာတွေမှာ ကိုယ်မလုပ်ရခင် အခြေအနေနဲ့ လုပ်ပြီးအခြေအနေကိုပါ Screen Record ယူထားသင့်ပါတယ်။
ကျေးဇူးပါ Developer တိုင်း တိုင်ပတ်ခြင်းမှ ကင်းဝေးကြပါစေ(V)…
Keep Reading