Mg Thunya (ရှပ်ပုံသားလေး)
(၁)
"ကျွန်တော်နဲ့ လိုက်နေပါနော် အမေနော်”
အမေထံမှ စကားမပြန်။ လက်ထဲမှ ဆေးပေါ့လိပ်ကြီးကို အငွေ့တထောင်းထောင်းထသွားသည်အထိ မနားတမ်းဖွာပစ်လိုက်သည်ကိုသာ တွေ့လိုက်ရ၏။
"ဒီမြေးတွေအကြောင်းမတွေးမနေပါနဲ့။ အမေ့ ကျန်းမာရေးအတွက်ပဲ ဦးစားပေးစဥ်စားပါ။ အမေကျန်းမာရေးကောင်းရင် ဒီမြေးတွေနဲ့ဘယ်ချိန်တွေ့တွေ့ တွေ့လို့ရပါတယ်အမေရယ်”
အမေ ခပ်စူးစူးမျက်လုံးနှင့်တစ်ချက်ကြည့်လေသည်။ အမေ၏အကြည့်က -
” နင်ပြောရက်လှချည်လား”
ဟူ၍သာဖြစ်မည်ထင်သည်။
” ဒီမြေးတွေကို သူ့မိဘတွေဆီ အကျိုးအကြောင်းပြောပြပြီး ကျွန်တော် ပြန်ပို့လိုက်ပါ့မယ်အမေ။ သားသမီးဆိုတာ သူ့မိဘနဲ့သူပဲအတူရှိတာကောင်းပါတယ်။ နောက်ပြီး ခေတ်ကာလကလည်းဆိုးပါဘိသတဲ့နဲ့။ အမေက အသက်လည်းကြီးပြီ။ တစ်ခုခုဆို ဒီတောင်ပေါ်ရွာကဘေးမှာ ဆေးရုံဆေးခန်းမရှိနဲ့။ အရေးရယ်အကြောင်းရယ်ဆိုရင် အမေပင်ပန်မှာအမေ။ အမေကျွန်တော်နဲ့ မြို့ကိုပဲလိုက်နေပါနော် အမေနော်"
အမေထံမှ ဆေးလိပ်ငွေ့များသာ ဆက်၍ထွက်လျက်။
"အမေက ဆေးလိပ်ကို အဲသလိုကြီးသောက်နေလို့ကို ကျွန်တော်က စိတ်ပူနေရတာ"
သည်တစ်ကြိမ်စကားဆုံးသည့်အချိန်တွင်ကား အမေက ခပ်တိုတို ပြန်ပြောလေ၏။
"ငါ့အသက်နှစ်ဆယ် အရွယ်ကတည်းက သောက်လာတာ။ ခုဆို အသက်ခြောက်ဆယ်ကျော်ပြီ။ ဘာများဖြစ်ဖူးလို့လဲ"
အမေက စကားကို ထိုမျှဖြင့်ပင် ရပ်ထားလိုက်ကာ သူ့ဆေးလိပ်ကြီးကိုသာ အားစိုက်ဖွာပြန်လေသည်။ သည်လိုနှင့် ယောမောင် အနားရက်ရသော ခွင့်ရက်သာကုန်သွားသည်။ ယောမောင် အမေကိုမူ တော်ပေါ်ရွာကလေးမှ ခြေတစ်လှမ်းခွာအောင်ပင် နားမချနိုင်ခဲ့။
(၂)
တိုက်တိုက်ဆိုင်ဆိုင်ပင် ယောမောင် ရွာပြန်လာသည့်အချိန်က ယောဘုရားပွဲကာလနှင့်ကြုံကြိုက်ရ၍ စိတ်ကျေနပ်လျက်ရှိသည်။ ထိုသို့ကြုံကြိုက်ခိုက် မြို့မှာမွေး၍ မြို့၌ကြီးပြင်းခဲ့ကြရသော မြေးတို့အား ယောမောင်အမေက သူ့ဇာတိယောမြေယောဒေသ၏ သမိုင်းဝင် တန်ခိုးကြီးဘုရားတစ်ဆူအကြောင်း လက်ဆင့်ကမ်းပေးရသည်ကိုလည်း အမေက ဂုဏ်ယူမဆုံး တပြုံးပြုံးပြောပြလေ၏။
"ဒီဘုရားကြီးကို ဒီနယ်ကတော့ ယောဘုရားကြီးလို့ ခေါ်ကြတယ်။ ဘုရားဘွဲ့နာမည်အပြည့်အစုံက 'ကျောင်းကြီးရှင်ချစ်ဘုရား'တဲ့။ သီရိဓမ္မာသောကမင်းကြီး သာသနာပြုခဲ့တဲ့ စေတီပေါင်းရှစ်သောင်းလေးထောင်ထဲမှာ တစ်ဆူအပါအဝင်ပေါ့။ နောက် ခေတ်အဆက်ဆက်မှာလည်း ဘုရင်တွေ၊ ဆရာတော်ဘုရားကြီးတွေက ဒီဘုရားကြီးကို ပြုပြင်ထိန်းသိမ်း မွမ်းမံပူဇော်လာကြတာ ခုချိန်ထိပဲပေါ့"
ဘုရားကြီးအကြောင်းကို လုံးစေ့ပတ်စေ့ အချိန်အတော်ကြာပြောပြရသည့်တိုင် သူ့မှာ မမောနိုင်။
"ဘုရားပွဲတော်နေ့ကတော့ တန်ခူးလပြည့်နေ့ပေါ့။ အဲဒီနေ့မှာ ဟောဒီကျောက်ထုနယ်တစ်ဝိုက်က သံဃာတော်တွေကို ဆွမ်းဆန်စိမ်းလောင်းကြတယ်။ ဇာတ်ပွဲတွေကိုတော့ တန်ခူးလဆန်း ဆယ့်သုံးရက်ကနေ တန်ခူးလပြည့်ကျော် တစ်ရက်နေ့အထိ ကျင်းပကြတာပေါ့"
အမေက ယောမောင်တို့ငယ်စဥ်ကအကြောင်း ရှေးဟောင်းနှောင်းဖြစ်များကိုလည်း ပြောရင်းကြည်နူးကာနေလေသည်။ ထို့နောက် ဘုရားရင်ပြင်မှ အရပ်လေးမျက်နှာသို့ လက်ညှိုးတထိုးထိုးဖြင့် ယောဒေသ၊ ဆောမြို့နယ်၊ ကျောက်ထုဒေသအကြောင်းများကို ပြော၍ကောင်းဆဲ။
"ခုယောဘုရားကြီးတည်ထားတဲ့ ဟောဒီရွာလေးဟာ ဟိုတစ်ချိန်က မြို့တော်ဖြစ်ခဲ့ဖူးတယ်။ ယောမြို့တော်တဲ့။ ခုတော့ ရွာပဲပေါ့။ ဒါပေမယ့် ယောမြို့ရွာဆိုပြီးတော့ ရှားရှားပါးပါး ရွာနာမည်မှာ မြို့ပါနေတာ"
ပြောလည်းပြော ဘုရားစျေးပွဲတန်းကိုလည်း အတန်ကြာလျှောက်လိုက်ကြရသည်မို့ ဗိုက်ဆာသွားကြပုံရှိသည့် အမေက သူ့မြေးများနှင့် ယောမောင်သားတို့ကို မုန့်ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ကြတော့၏။
ဆိုင်ထဲ၌ ထိုင်မည်မှမကြံသေး။ ဘေးစားပွဲဝိုင်းမှ ဆေးလိပ်နံ့များက အမေကို နှာခေါင်းထဲသို့ တရစပ်ဝင်ရောက်နေရာယူလာကြလေတော့သည်။ အမေအာရုံ၌လည်း ဆေးလိပ်ဖွာချင်လာတာကြောင့် မြေးများကို မုန့်ဆိုင်ယောမောင်နှင့်အတူထားခဲ့ပြီး ခပ်လှမ်းလှမ်းသစ်ပင်အောက်တွင် ဆေးပေါလိပ်ကို အားပါရထိုင်ဖွာပြန်တော့သည်။
(၃)
"အမေ့ကို ကျွန်တော် အတန်တန်ပြောပါတယ်။ အဲဒီဆေးလိပ်တွေကို မသောက်ပါနဲ့လို့။ ခုတော့ ဖြစ်ပြီမဟုတ်လား"
ဆေးလိပ်ကပေးသောအမောဝေဒနာကြောင့် အမေမှာ လိုက်မနေချင်သည့် မြို့အရပ်သို့ ရောက်လာခဲ့လေတော့သည်။
"ငါ နှစ်ဆယ့်တစ်နှစ်သမီးကတည်းက သောက်လာတာ။ ခုဆိုအသက်ခြောက်ဆယ်ကျော်ပြီလို့ ပြောဦးလေ"
အမေကို ကလေးတစ်ယောက်အား ဆူပူသကဲ့သို့ ယောမောင် တတွတ်တွတ်ပြောဆိုနေသည်။ အမေကမူ ဘာမှပြန်မပြော။ မသိ မကြားသကဲ့သို့သာနေလေသည်။
ထိုသို့ဖြင့် အမေသည် ရောဂါသက်သာသည်အထိ ဆေးကုသရန်လိုအပ်သဖြင့် ယောမောင်အိမ်တွင် ကာလအတန်ကြာ နေထိုင်ရလေတော့၏။ ယောမောင်ကလည်း အမေကို ကောင်းစွာဆေးကုပေး၊ ကောင်းစွာကျွေးမွေးပြုစု၍ ဂရုတစိုက်ပင်ထားလေသည်။
"ငါ့ကို ဆပ်ပြာကြမ်းနဲ့ သစ်ခေါက်သနပ်ခါး ဝယ်ခဲ့ဦးမောင်”
"ဘာလုပ်ဖို့လဲ အမေရဲ့"
"ကိုယ်လိမ်းဖို့ပေါ့ဟဲ့"
"အိမ်မှာ ဆပ်ပြာအမွေးခဲတွေ ပေါင်ဒါတွေ ဒီလောက်ပေါနေတာဗျာ။ ပေါက်ပေါက်ရှာရှာ ဆပ်ပြာကြမ်းနဲ့သစ်ခေါက်သနပ်ခါးဘယ်သွားရှာရမတုံး နောက်ပြီး အနံ့လည်းမွှေးတာမဟုတ်ဘဲနဲ့"
"ငါ့မှာ နင့်အမွှေးဆပ်ပြာနံ့တွေ ပေါင်ဒါတွေက ခေါင်းမူးပါတယ်အေ။ ငါဝယ်ခိုင်းတာသာဝယ်ခဲ့စမ်းပါ ”
အိမ်တွင် ဆပ်ပြာအမွှေးခဲများ ပေါင်ဒါ တံဆိပ်အမျိုးမျိုးရှိသည့်တိုင် အမေအတွက် ဆပ်ပြာကြမ်းတစ်ခဲ ဝယ်ပေးလိုက်ရလေတော့၏။ မဝယ်ပေးပါက အမေ စိတ်မချမ်းမသာဖြစ်ကာ ရွာပြန်ချင်စိတ်ဖြစ်သွားမည်ကိုလည်း ယောမောင် စိုးရိမ်ရသေးသည်။
ထိုသို့ ဆပ်ပြာကြမ်းမျှထိ ဂရုတစိုက်ရှိပေးသည့်တိုင် အမေ၏ ယောမြေချစ်စိတ်ကိုကား ပြောင်စင်အောင် ယောမောင် မလုပ်နိုင်ခဲ့။
"အဲလောက်ဆို ငါ တော်တော်ကြီးကောင်းသွားပါပြီဟယ်။ ဆေးလိပ်လည်း ထပ်မသောက်တော့ဘူး စိတ်ချ။ ငါ ယောကို လွမ်းလှပြီ။ ပြန်လို့မရသေးဘူးလား"
(၄)
"ဟယ် မောင်ထွန်းတောက်ကြီးပကားဟဲ့။ ဪ မတွေ့ရတာကိုကြာပဲကြာလှပါပြီအေ"
"ဟုတ်ပါ့ အရီးထွေးခင်ရေ။ ကျွန်တော့်လည်း အမေ ဆုံးပြီးကတည်းက မရောက်တော့
Unlock to read this premium article with 10 points.