စောမြတ်နွယ်
ကျွန်မကတော့ လူတွေပြုပြင်ဖန်တီးထားတဲ့ အလှတရားထက် သဘာဝအတိုင်းလှနေတဲ့ အရာတွေကို ပိုမြတ်နိုးတယ်။
တကယ်တော့ ကြည့်တတ် မြင်တတ် ခံစားတတ်မယ်ဆိုရင် ကျွန်မတို့ပတ်ဝန်းကျင်မှာ သဘာဝအတိုင်းလှနေတဲ့အရာတွေ အများကြီးပါ။
ကျွန်မအတွက်ကတော့ ညနေဘက် အိပ်တန်းပြန်တဲ့ငှက်ကလေးတွေကြည့်ရတာ အပြာရောင်မိုးကောင်းကင်ကြီးကို နောက်ခံထားပြီး ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနေတဲ့ တိမ်တွေကိုကြည့်ရတာ ညကောင်းကင်ယံမှာ တလက်လက်တောက်ပနေတဲ့ ကြယ်တွေကို ကြည့်ရတာ သိပ်သဘောကျတာပဲ။
ညနေဘက် နေရောင် ကွယ်ပျောက်ကာနီး ရွှေရောင်အနားကွပ်ထားတဲ့ တိမ်တွေရဲ့ မြင်ကွင်းဆို သိပ်လှတယ်။
တစ်ခါတစ်ရံ မြို့သွားတဲ့ရက် နေလုံးပျောက်ခါနီးအချိန်အိမ်အပြန်နောက်ကျတဲ့နေ့ တွေဆို လမ်းဘေးက လျှပ်စစ်ဓါတ်ကြိုးတွေပေါ်မှာ နားနေတဲ့ ငှက်ကလေးတွေပါ တွေ့ရသေးတာ။တကယ့် သဘာဝပန်းချီကားတစ်ချပ်ကို ကြည့်နေရတဲ့အတိုင်းပဲ။
ကျောင်းပိတ်ရက် အိမ်ပြန်လို့ တောလမ်းဘက်က ပြန်တဲ့အချိန်ဆို သဘာဝရှုခင်းတွေက ပိုလှသေးတယ်။
လမ်းဘေးဝဲယာမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေရှိတယ်။ မြက်ပင်လေးတွေ စထွက်စအချိန်ဆို မြေပြင်မှာ အစိမ်းရောင် ကမ္ဗလာခင်းထားတဲ့အလား တညီတည်း စိမ်းမြနေတာပဲ။
ဘိုဖြူဆိုထားတဲ့ " လင်းခေးအဝင် "ဆိုတဲ့ သီချင်းလေးထဲကလို " တောပန်းကလေးများနဲ့ လှချင်တိုင်း လှနေပါတယ်..... လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဖက်မှာ.... အဆင်းအတက် ခရီးဆက်လို့ ဖြတ်ကျော်မြင်ကွင်းရှေ့မှာ.....တောင်ပြာတန်းတွေ စီးလို့ကာ" ။
အဲ့သီချင်းလေးထဲကလိုပဲ ဆင်းလိုက်တက်လိုက် ကွေ့လိုက်ကောက်လိုက်နဲ့ တောင်ထိပ်ရောက်သွားတဲ့အချိန်ဆို
ဟိုးအဝေးကြီးက တောင်ပြာတန်းတွေပါ မြင်ရသေးတာ။နောက်ပြီး လမ်းလေးကကျတော့ မြေနီလမ်းလေး။
တောလမ်းက တစ်ခါပြန်တော့ လမ်းဘေးမှာ ပွင့်နေတဲ့ တောပန်းလေးတွေ တော်တော်လှတယ်။ ခရမ်းရောင်မှာ အဖြူရောင်အနားကွပ်နဲ့ ပွင့်ဖတ်ကကြီးတယ်။
ကျွန်မလဲ ပန်းလေးလှတာနဲ့ နည်းနည်းချိုးယူလာတာ။ အိမ်ရောက်တော့ ကြီးကြီးနဲ့ အမေက ဘုရားပန်းတင်ချင်လို့ လုနေကြသေးတယ်။
လမ်းမှာ စမ်းချောင်းလေးလည်း ရှိသေးတယ်။ တောအုန်းပင်လေးတွေဆို လှမှလှ။ ေနာက်ပြီး နွေဦးပေါက်တဲ့အချိန်ဆို လမ်းဘေးဝဲယာမှာ အင်ကြင်းပန်းတွေ တအားပွင့်တာ။ပန်းနံ့လေးတွေ သင်းလို့။
လူတိုင်းကတော့ ကျွန်မလို သတိထားမိရဲ့လားတော့ မသေချာဘူးပေါ့ရှင်။ကျွန်မကပဲ သဘာဝအလှတရားကို ချစ်တတ် ခံစားတတ်လို့များလားတော့ မသိဘူး။ဒါပေမယ့် မခံစားဘူးရင် ကျွန်မလို ခံစားကြည့်ပါ။
စိတ်ထဲမှာ ကြည်နူးမှု အေးချမ်းမှုလေး တစ်ခုခုတော့ ရသွားမှာ အသေအချာပါပဲ။
#စောမြတ်နွယ်
Keep Reading