SarPhat Author
Foodpanda ဘယ်လိုဖြစ်ပေါ်ခဲ့လဲ။ ဘယ်ကနေ စတင်ခဲ့လဲ။ လေ့လာကြည့်မယ်။
မနက်ဆို အိမ်ယာထနောက်ကျတိုင်း မုန့်မှာစားနေကျ App တစ်ခုဆို Foodpanda ကိုပဲ ပြရမယ်ထင်တယ်ဗျို့။ အရင်ကလို လှည်းတန်းထိ တကူးတကသွားပြီး မုန့်ဝယ်စားစရာ မလိုတော့ဘူး။ အိမ်မှာပဲ ကိုယ်ကြိုက်တဲ့ မုန့်တွေကို မှာစားနိုင်တယ်။
ဒါဆို ဒီလို ကျွန်တော်တို့ နေ့စဉ်ဘဝကို ပိုမိုအဆင်ပြေချောမွေ့အောင် ဖော်ဆောင်လာပေးတဲ့ Tech Startup တစ်ခုအဖြစ် Foodpanda ဘယ်လို စတင်ခဲ့လဲ။
၂၀၁၂ ခုနှစ်မှာတော့ FoodPanda ကို Ralf Wenzel နှင့် Benjamin Bauer အတူ ပူးပေါင်းပြီး Rocket Internet ဆိုတဲ့ Incubator Company တစ်ခုမှစတင်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ Rocket Internet ရဲ့အကြောင်းလေး အနည်းအကျဉ်းရှင်းပြပေးချင်ပါတယ်။ Rocket Internet က နိုင်ငံတကာမှာ အောင်မြင်ပြီးသား Startup တွေ၊ Business Model တွေကို အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသစ်တစ်ခုအနေနဲ့ ပြန်လည်စတင်တဲ့ Incubator Company တစ်ခုဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ အခြားနိုင်ငံမှာ အောင်မြင်ရင် ဒီနိုင်ငံမှာ Copy ကူးပြီး ပြန်လုပ်တယ်။ ဒါပါပဲ။
၂၀၁၂ ခုနှစ်ပတ်ချာလည်လောက်မှာတော့ ဒီ Incubator Company က ဉရောပဘက် Market ကနေ ခြေဆန့်ပြီး Southeast Asia ဘက်ကို တစ်ဖြည်းဖြည်း လှည့်လာပါတယ်။ ဒီလိုနဲ့ Tech Startup (၃) ခုကို
စတင်ပြီးတော့ Launce ပြုလုပ်ခဲ့ပါတယ်။
👉 Zappos လို ဖိနပ်ရောင်းချတဲ့ Company ကို စုတုပြုပြီး Zalora ကို စတင်၊
👉 eBay လို Marketplace ကို စုတုပြုပြီး Lazada ကို စတင်၊
👉 ထို့နည်းတူစွာပဲ အမေရိကန် Food Ordering & Delivery Platform တစ်ခုဖြစ်တဲ့ grubhub ကို စုတုပြုပြီး Foodpanda ကို တစ်ပြိုင်တည်းစတင်ပြီးတော့ ၂၀၁၂ ခုနှစ်မှာ စင်ကာပူနိုင်ငံမှာ Launce ပြုလုပ်ခဲ့ပါတယ်။
Foodpanda ကို တော့ စင်ကာပူနိုင်ငံအပြင် မလေးရှား၊ အိန္ဒိယနိုင်ငံများမှာ စတင်မိတ်ဆက်ခဲ့ပြီးနောက် (၁) နှစ်အတွင်းမှာပဲ စားသောက်ဆိုင် (၁) သောင်းခွဲအထိ ချိတ်ဆက်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ နိုင်ငံပေါင်း (၂၃) နိုင်ငံအထိ တိုးချဲ့နိုင်ခဲ့ပါတယ်။
ဒီလိုအောင်မြင်မှုကြောင့်ပဲ Investor ၊ Venture Capital အများစုထံကနေ Funding တော်တော်များများကို တောက်လျှောက်ရရှိခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ Funding တွေရှာတယ်။ ပြီးရင် Local Small Delivery Startup တွေကို ဝယ်တယ်။ ပြန်ရောင်းတယ်။ တိုးချဲ့တယ်။ ဒီအကြောင်းတွေက ရှည်လို့ ကျွန်တော် ကျော်လိုက်ပါမယ်။
အသေးစိတ်ကို ဒီ Link လေးက သွားဖတ်နိုင်ပါတယ်။ https://shorturl.at/nuCJM
နောက်ဆုံးမှာတော့ 2016 ခုနှစ်မှာ၊ စောနက Rocket Internet Incubator ကပဲ Invest လုပ်ထားတဲ့ Delivery Hero ဆိုတဲ့ Company က Foodpanda ကို 500 Millions နဲ့ဝယ်ယူခဲ့ပါတယ်။ 2017 ခုနှစ်မှာတော့ အရင် Brand ကာလာ Logo ကို လိမ္မော်ရောင်ကနေ၊ ပန်းရောင်ကို အဖြစ် Rebranding ပြန်လုပ်ခဲ့ပြီးတော့ 2018, 2019 မှာတော့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုအထိ လုပ်ငန်းတိုးချဲ့နိုင်ခဲ့ပေမဲ့ တစ်ဖက်မှာလည်း ဘရုနိုင်းရော၊ အင်ဒီုနီးရှား Market ကနေ လှည့်ထွက်ခဲ့ရပါတယ်။
သို့သော်လည်း ဒီလိုအခက်အခဲများစွာအကြားကပဲ Foodpanda အနေဖြင့် အခုဆို ဝန်ထမ်းပေါင်း (၃) ထောင်ကျော်၊ မြို့ (၄၀၀) ကျော်နဲ့ နိုင်ငံ (၁၁) နိုင်ငံအထိ အသုံးပြုသူများအတွက် အကျိုးရှိစေခဲ့တဲ့ Startup လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ Startup Founder တွေအနေနဲ့ ဘာတွေ သင်ယူလို့ရမလဲ။
(၁) အိုင်ဒီယာတူပေမဲ့ Market မတူရင် အရင်က ဘယ်လောက်အောင်မြင်ခဲ့၊ Market အသစ်မှာတော့ အသစ်ကနေပြန်စတင်ရမှာကို သတိပြုလာတယ်။
(၂) Startup တစ်ခုအောင်မြင်မှုရဲ့နောက်ကွယ်မှာ ကျွန်တော်တို့ မသိခဲ့ရတဲ့ Investment တွေ၊ အရှုံးတွေ အများကြီး ပါဝင်နေကြောင်း ပိုသိလာတယ်။
(၃) Startup Founder တစ်ယောက်အနေနဲ့ Finance နှင့် Legal ပိုင်းတွေကိုလည်း တီးမိ၊ခေါက်မိရှိဖို့ လိုအပ်ကြောင်း လေ့လာလိုက်ရပါတယ်။
သူငယ်ချင်းတို့ရော ဘာတွေလေ့လာခဲ့လိုက်ရလဲ။ ဘယ်သူတွေ ဘာပဲပြောပြော Foodpanda က ကျွန်တော့်နေ့စဉ်ဘဝမှာ အတော်လေးအသုံးဝင်တဲ့ Startup တစ်ခုအဖြစ် ပါဝင်နေဦးမှာပါပဲ။ အခြား Innovation တစ်ခုမထွက်ပေါ်လာခင်အထိပေါ့။
Keep Reading