SarPhat Author
လူငယ်များသိထားသင့်တဲ့ Singapore နိုင်ငံရှိ နည်းပညာနယ်ပယ်မှ အလုပ်အကိုင်အခွင့်အလမ်းများ
Singapore နိုင်ငံမှာဆိုရင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှိနေတာဖြစ်လို့ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းအတွက် နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်ချင်တဲ့ မြန်မာနိုင်ငံမှ နည်းပညာ လူငယ်များစွာ ရှိကြမယ်ဆိုတာ ယုံကြည်ပါတယ်။
ဒါကြောင့်မို့လို့ Singapore နိုင်ငံမှာ ဘယ်လိုနည်းပညာနယ်ပယ်တွေ အများဆုံး လိုအပ်နေလဲဆိုတာကို နည်းပညာလူငယ်များ သိရှိစေနိုင်ဖို့အတွက် မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
ဒါဆို ဘယ်လိုနည်းပညာနယ်ပယ်တွေ ပါဝင်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။
(1) Data Scientist
Singapore နိုင်ငံမှာဆိုရင် ဖွံ့ဖြိုးတိုးတက်နေတဲ့လုပ်ငန်းများစွာ ရှိနေတာကြောင့် တစ်ဖက်မှာဆိုရင် ဒေတာတွေကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်မယ့် ဒေတာသိပ္ပံပညာရှင်များရဲ့ လိုအပ်ချက်က တဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်။ Singapore မှာရှိတဲ့ ကုမ္ပဏီများက သူတို့မှာရှိတဲ့ အချက်အလက်အားလုံးကို နားလည်သဘောပေါက်ပြီး ကူညီပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်များကို ရှာဖွေနေကြပါတယ်။ ဒါကြောင့်မို့ လစာမြင့်ပြီး လိုအပ်ချက်များတဲ့ အလုပ်တစ်ခုကို ရှာဖွေနေတယ်ဆိုရင် Data Scientist တစ်ယောက်ဖြစ်ဖို့က အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ။
(2) Cybersecurity Specialist
နည်းပညာများ စဉ်ဆက်မပြတ် တိုးတက်လာတာနှင့်အမျှ ဆိုက်ဘာ ခြိမ်းခြောက်မှုများဟာဆိုရင် မကြာခဏ ဖြစ်ပေါ်လျက်ရှိတာကြောင့် Singapore နိုင်ငံရှိ လုပ်ငန်းအဖွဲ့အစည်းများရဲ့ စနစ်များ၊ ဒေတာနှင့် ကွန်ရက်များကို ပြောင်းလဲကြီးထွားနေတဲ့ ခြိမ်းခြောက်မှုများထံမှ ကာကွယ်နိုင်ဖို့ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများကို များစွာလိုအပ်နေပါတယ်။ ဒါ့ကြောင့်မို့ Cybersecurity က 2023 ခုနှစ်တွင် အလိုအပ်ဆုံး နည်းပညာဆိုင်ရာ နယ်ပယ်များထဲမှ တစ်ခုဖြစ်ပြီး ပိုမိုကြီးထွားလာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ကိုယ်က စိတ်လှုပ်ရှားစရာကောင်းပြီး စိန်ခေါ်များတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုကို ရှာဖွေနေမယ်ဆိုရင် Cybersecurity Specialist က အကောင်းဆုံးနယ်ပယ်တစ်ခု ဖြစ်နိုင်ပါတယ်။
(3) Data Analyst
ခုလက်ရှိ ကုမ္ပဏီများဟာဆိုရင် ဒေတာအချက်အလက်တွေကို အသုံးပြုပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်များကို လုပ်ဆောင်နေတာကြောင့် Singapore တွင် ဒေတာခွဲခြမ်းစိတ်ဖြာသူများဟာဆိုရင် လိုအပ်ချက်မြင့်မားနေပါတယ်။ ကိုယ့်အနေနဲ့ ခွဲခြမ်းစိတ်ဖြာမှု၊ အသေးစိတ်ကို အာရုံစိုက်ပြီးလုပ်ဆောင်နိုင်စွမ်းနှင့် Excel ကို သေချာကျွမ်းကျင်မှုရှိမယ်ဆိုရင် Data Analyst က ကိုယ်နှင့်အဆင်ပြေမယ့် အလုပ်ဖြစ်နိုင်ပါတယ်။
(4) Artificial Intelligence Analyst
Singapore နိုင်ငံရှိ ကုမ္ပဏီများက လုပ်ငန်းလည်ပတ်မှုအတွက် ဉာဏ်ရည်တုနှင့် Machine Learning ဆီသို့ တဖြေးဖြေး ကူးပြောင်းနေတာဖြစ်လို့ AI နယ်ပယ်တွင် ကျွမ်းကျင်တဲ့ပညာရှင်များ လိုအပ်မှုမှာ ကြီးထွားနေတာဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ပိုမိုရေပန်းစားလာမယ့် လိုအပ်ချက်ရှိတဲ့ နည်းပညာအလုပ်တစ်ခုကို ရှာဖွေနေမယ်ဆိုရင် Artificial Intelligence Analyst က ထည့်သွင်းစဉ်းစားသင့်တဲ့ အခန်းကဏ္ဍတစ်ခု အပါအဝင်ဖြစ်ပါတယ်။
(5) Software Developer
ယနေ့လို ဒစ်ဂျစ်တယ်ခေတ်တွင် တီထွင်ဆန်းသစ်မှုများကို ပုံဖော်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ဆော့ဖ်ဝဲများကို ဖန်တီးထိန်းသိမ်းဖို့ Singapore နိုင်ငံရှိ အမျိုးမျိုးသော ကုမ္ပဏီများက အရည်အချင်းပြည့်မှီတဲ့ Software Developer များကို ရှာဖွေနေကြပါတယ်။ ကိုယ်က Code ရေးရတာကို သဘောကျသူတစ်ယောက်ဆိုရင် ကိုယ့်ရဲ့ကျွမ်းကျင်မှုများကို လူနေမှုဘဝအတွက် အပြန်အလှန်အကျိုးပြုတဲ့ ဝဘ်ဆိုဒ်များ တည်ဆောက်ခြင်းမှ မိုဘိုင်းအက်ပ်များ ဖန်တီးခြင်းအထိ အသုံးချနိုင်မယ့် အခွင့်အလမ်းများကို ရရှိစေမှာဖြစ်ပါတယ်။
အခုဆိုရင်တော့ Singapore နိုင်ငံမှာ ဘယ်လိုနည်းပညာနယ်ပယ်တွေကို အများဆုံး လိုအပ်နေလဲဆိုတာကို သိရှိသွားကြပြီဖြစ်လို့ နည်းပညာလူငယ်များရဲ့ အသက်မွေးဝမ်းကျောင်းအတွက် တစ်စုံတစ်ရာ အကျိုးပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။
Keep Reading