Author's Profile Photo

အက္ခရာ - Haruki

9/04/2024

ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာ

3 mins read
Life Style
Personal Development
18 Again
ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာ's photo

ဘဝမှာ ကိုယ်မဖြစ်ချင်တာတွေ အများကြီးလည်း ဖြစ်ခဲ့ဖူးပါလိမ့်မယ်။ ကိုယ်ဖြစ်ချင်တာတွေလည်း အများကြီး လွဲခဲ့ဖူးကြပါလိမ့်မယ်။ ငိုကြွေးရတဲ့ နေ့တွေလည်း အများကြီး ရှိခဲ့ဖူးမှာ ဖြစ်သလို ပျော်ရွှင်ရတဲ့ နေ့တွေလည်း အများကြီး ရှိခဲ့ကြမှာပါပဲ။

မတည်မြဲတဲ့ လောကကြီးမှာ တည်မြဲခြင်းတွေချည်း မလာနိုင်တာ သိပေမယ့် ကောင်းတာတွေချည်းပဲ လာချင်ကြတာ လူ့သဘာဝပဲ မဟုတ်လား။ ကျွန်တော်လည်း ပုထုဇဉ်လူသားတစ်ယောက်မို့ ကောင်းတာတွေချည်း လာစေ ချင်ခဲ့တာပါပဲ။ ကိုယ်ဖြစ်ချင်တာတွေချည်း တစိုက်မတ်မတ် ဖြစ်လာစေချင်ခဲ့တာပါပဲ။

ဒါပေမယ့် လောကဆိုတာ မာယာများလှပါတယ်။ သူဖြစ်ချင်တာတွေကို ဖြစ်ချလိုက်တဲ့အခါ၊ ကိုယ် ဖြစ်ချင်တာနဲ့ မတူညီတဲ့အခါ ကျွန်တော်တို့မှာ အလဲလဲ အပြိုပြိုပါပဲ။ ငိုကြွေးကြရတယ်၊ နာကျင်ကြရ တယ်။ ကျွန်တော်တို့ကို နာကျင်စေတဲ့ ပတ်ဝန်းကျင်ကနေ ထွက်ပြေးချင်ကြတယ်။

အဲ့ဒီလို ဘဝမှာကြုံလာတဲ့အခါ အဲ့ဒီအခက်အခဲကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ၊ အားကိုးရာ ဘာရှိမလဲဆိုတာမျိုးသာတွေးတတ်ကြပါတယ်။ တနည်းအားဖြင့်တော့ ကူညီမယ့်သူကို အဓိက ရှာတတ်ကြပါတယ်။

တကယ်တော့

ကျွန်တော်တို့ဘဝတွေမှာ အခက်အခဲဆိုတာ ဒီတစ်ကြိမ်သာကြုံတွေ့ကြရမှာမဟုတ်ပါဘူး။ မထင်မှတ်ထားတဲ့အခက်အခဲတွေရော ကြိုတွေးထားတဲ့အခက်အခဲတွေရော ကြုံတွေ့နိုင်ပါတယ်။ အဲဒါကြောင့် အခက်အခဲကြုံတိုင်း အားကိုးရာ၊ ကူညီမယ့်သူ့ကိုပဲ ရှာနေတော့မယ်ဆိုရင် တစ်သက်လုံး သူတပါးကိုချည်း အားကိုးနေရတော့မှာပါ။

ကိုယ်တိုင်ဖြေရှင်းဖို့ကြိုးစားမယ်ဆိုရင် ဒီတစ်ကြိမ်ဖြေရှင်းနိုင်ခဲ့ခြင်းသည် ကိုယ့်အတွက် ဒီတစ်ကြိမ်စွမ်းရည်တိုးတက်လာစေမှာပါပဲ။ နောက်ထပ် ပိုခက်တဲ့အခက်အခဲတွေရင်ဆိုင်ရတဲ့အခါမှာလည်း အခါခါ ဖြေရှင်းနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာပြီး ကိုယ့်ရဲ့စွမ်းရည်လည်းတိုးလာစေမှာပါ။

ဒါပေမယ့် အဲဒီ့လို ကြုံလာတဲ့အခက်အခဲတွေကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ဘဲ အခြားလူတစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ ဖြေရှင်းပေးမလားဆိုတဲ့ မျှော်လင့်ချက်မျိုးထားမိတဲ့အခါ ကိုယ့်ရဲ့လက်ရှိအချိန်တွေ အလကားကုန်သွားနိုင်ပါတယ်။

အဲ့ဒါအပြင် ကိုယ်တိုင်အားစိုက်ထုတ်ကြိုးစားဖို့လည်း လျော့သွားပါတယ်။ ကိုယ်တိုင် ရသလောက်အားစိုက်ထုတ်ဖို့ အာရုံမရှိတော့ပါဘူး။ တကယ်လို့များ အခြားလူတစ်ယောက်က ဝင်ပြီးကူညီပေးလိုက်ခြင်းကို ခံလိုက်ရပြန်ရင်လည်း နောက်ထပ်သော အခက်အခဲတွေကြုံလာရင် အကူအညီရလိုရငြားမျှော်လင့်မိနေအုံးမှာပါပဲ။

အဲ့ဒီအခါ အခက်အခဲမှန်သမျှကို ရဲဝင့်စွာရင်ဆိုင်ဖြေရှင်းနိုင်တယ်ဆိုတဲ့ ကိုဟ့်ကိုယ်ကို ဆုံးရှုံးရပါလိမ့်မယ်။ အဓိကက ကျွန်တော်တို့ဘဝကို ကူညီဖေးမပေးမယ့်လူတွေကို မျှော်လင့်ဖို့မဟုတ်ဘဲ ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်မှ မကယ်တင်နိုင်ရင် ဘယ်သူကမှ ကျွန်တော်တို့ကိုကယ်တင်နိုင်မှာမဟုတ်ပါဘူး။ အခက်အခဲတွေ ဘယ်လောက်များများ ရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်ထားရှိတဲ့လူကသာ ဘယ်လောက်ကြီးမားတဲ့အခက်အခဲရှိပါစေ ကျော်ဖြတ်နိုင်တဲ့သတ္တိရှိမှာဖြစ်ပါတယ်။

ဒါကြောင့် Thomas Jefferson ပြောခဲ့တာပေါ့။

A person full of courage can make many changes.

စွမ်းသတ္တိအပြည့်နဲ့ လူတစ်ယောက်ဟာ အပြောင်းအလဲများစွာကို လုပ်နိုင်ပါတယ်တဲ့။

ဘယ်လိုအခက်အခဲမျိုးမဆို မရရအောင် ရင်ဆိုင်ကျော်ဖြတ်မယ်ဆိုတဲ့စိတ်ထားရှိတဲ့သူဟာ ဘယ်လိုအခက်အခဲမဆို မကြောက်မရွံ့နဲ့ ကျော်ဖြတ်ဖို့ အင်အားတွေရှိနေမှာပါပဲ။ အဲဒါကြောင့်လည်း ဘယ်လိုမျိုးအပြောင်းအလဲမဆို လက်ခံပြီး ကျော်ဖြတ်နိုင်မှာပါ။

ဘဝရဲ့အခက်အခဲတွေအတွက် မိမိကိုယ်တိုင်ကသာ အရေးကြီးတာဖြစ်ပါတယ်။

ကိုယ့်ကို ဘေးကနေ ဖေးမကူညီမယ့်သူတွေရှိဖို့ လုံးဝမလိုအပ်ဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အမြဲလိုလို ဘေးကနေဖေးမကူညီမယ့်လူကိုပဲ မျှော်လင့်ပြီး ကိုယ်တိုင်ဖြေရှင်းဖို့ မကြိုးစားလို့မရပါဘူးလို့ပြောချင်တာပါ။

ကိုယ့်ဘဝရဲ့အခက်အခဲမှန်သမျှကို ကူညီနိုင်မယ့်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ်တိုင်ကြိုးစားရမှာ ကိုယ့်တာဝန်ပါပဲ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ရာဖြစ်ပြီး မိမိကိုယ့်ကိုယ်အားကိုးဖို့ အရေးကြီးပါတယ်။

အဲဒီ့အတွက်ကြောင့် ဘဝရဲ့ လဲကျမှုတိုင်းမှာ၊ ဘဝရဲ့အဆင်မပြေမှုတိုင်းမှာ၊ ဘဝရဲ့အခက်အခဲတိုင်းမှာ ကိုယ့်ဘေးမှာ ဖေးမမယ့်သူ ဘယ်သူမှမရှိပါလားရယ်လို့ ဝမ်းနည်းအားမငယ်ပါနဲ့။

"မနေ့က လဲကျခဲ့တယ်ဆိုရင်.....ဒီနေ့တော့ မတ်တပ်ရပ်လိုက်ပါ" ဆိုတဲ့ စကားလိုပေါ့။ ကိုယ်လဲကျသွားတဲ့အခါ ထူပေးမယ့်သူမရှိတာ ဝမ်းနည်းစရာမဟုတ်ပါဘူး။ ကိုယ်လဲကျတဲ့အခါ ကိုယ့်ဟာကိုယ်ပြန်မထမိမှာကိုသာ စိုးရိမ်စရာပါ။

ကိုယ့်စွမ်းရည်သည်သာအရေးအကြီးဆုံးဖြစ်ပြီး ဘယ်လိုအခက်အခဲပြဿနာမဆို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့ ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ ဇွဲလုံ့လသာအရေးအကြီးဆုံး၊ ကိုယ့်ဘဝအတွက် ကိုယ့်ရဲ့အကောင်းဆုံးဖြတ်သန်းမယ်ဆိုတဲ့စိတ်ကသာ အရေးကြီးဆုံးမလို့ မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်ပါတယ်။

အဲဒီ့အတွက် စာဖတ်သူလေး လုံးဝလုံးဝ လဲကျ အရှုံးပေးလို့မဖြစ်ပါဘူးနော်။ အဲဒါအပြင် ကိုယ့်ကိုကူညီပေးမယ့်သူထက် ကျွန်တော်တို့ကို ကျွန်တော်တို့ဘယ်လိုကူညီနိုင်မလဲဆိုတာသာ စဉ်းစားရမှာဖြစ်ပါတယ်။

အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ရာအဖြစ်မှတ်ယူပြီး ကိုယ့်ဘဝအတွက် ဘာဖြစ်ဖြစ်အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ဖို့ ကိုယ်တစ်ယောက်လုံးရှိတယ်ဆိုတဲ့စိတ်သာမွေးပြီး ဘဝကို ရင်ဆိုင်ဖြတ်သန်းဖို့ တိုက်တွန်းလိုက်ပြီး ကျွန်တော်ထာဝရအောက်မေ့သတိရနေတဲ့ ဆရာတော်အရှင်စန္ဒိမာရဲ့ စာစုလေးတစ်ပုဒ်နဲ့ ဆောင်းပါးလေးကို အဆုံးသတ်ပါရစေခင်ဗျာ။

ကိုယ့်ဘဝမှာ ကိုယ်သာအဓိကပါ

* ကိုယ့်ဘဝကို ကိုယ်တိုင်ပြုပြင်ပါ၊ ကိုယ်တိုင်မပြုပြင်ရင် ကိုယ့်ဘဝက ပျက်စီးသွာမှာပါ။

* ကိုယ့်ဘဝကို ကိုယ်တိုင်ပြောင်းလဲပါ။ ကိုယ်တိုင်မပြောင်းလဲရင် ကိုယ့်ဘဝက တိုးတက်မှုနဲ့ဝေးသွားမှာပါ။

* ကိုယ့်ဘဝကို ကိုယ်တိုင်ထိန်းကျောင်းပါ ။ကိုယ်တိုင်မထိန်းကျောင်းရင် ကိုယ့်ဘဝက တန်ဖိုးမဲ့သွားမှာပါ။

* ကိုယ့်ဘဝကို ကိုယ်တိုင်ဆုံးမပါ။ ကိုယ်တိုင်မဆုံးမရင် ကိုယ့်ဘဝက ဆင်းဆင်းရဲရဲဖြစ်သွားမှာပါ ။

* ကိုယ့်ဘဝကို ကိုယ်တိုင်ကြိုးစားပါ။ ကိုယ်တိုင်မကြိုးစားရင် ကိုယ့်ဘဝက ကျရှုံးသွားမှာပါ။

* ကိုယ့်ဘဝကို ကိုယ်တိုင်အားကိုးပါ။ ကိုယ့်ကိုယ်ကိုယ်အားမကိုးရင် ကိုယ့်ဘဝက စိတ်ချအားကိုးရမယ့်သူမရှိပါ။

* ကိုယ့်ဘဝကို ကိုယ်တိုင်နားလည်ပါ။ ကိုယ်တိုင်နားမလည်ရင် ကိုယ့်ဘဝက ခံစားမှုပြည့်နှက်နေမှာပါ။

* ကိုယ့်ဘဝကို ကိုယ်တိုင်ဦးဆောင်ပါ။ ကိုယ်တိုင်ဦးမဆောင်ရင် ကိုယ့်ဘဝက ဖရိုဖရဲဖြစ်သွားမှာပါ။

* ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးတည်ဆောက်ပါ ။ ကိုယ်တိုင်ဖန်တီးမတည်ဆောက်ရင် ကိုယ့်ဘဝက မတွေးဝံ့စရာပါ။

ᏂᏗᏒᏬᏦᎥ ( April 9,2024 . 4:20 PM )


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)