Kavi
ယနေ့ ၁၉. ၈. ၂၀၂၄ ရက်နေ့ (ဝါခေါင်လပြည့်နေ့ အခါသမယ) မှာ အသက်တစ်နှစ် ထပ်တိုးပြည့်ခဲ့ပါပြီ။
မွေးနေ့လေးမှာ ပျော်ခဲ့ရပေမယ့် အသက်တစ်နှစ် ထပ်ကြီးလာတော့ တွေးမိတာလေးတွေလည်း ရှိခဲ့ပါတယ်။
သိတတ်စအရွယ်ကနေ စလို့ အခုနေ့ အခုအချိန်ထိ ကံကြမ္မာ အကြောင်းကြောင့် တွေ့ဆုံခဲ့ရတဲ့ လူတွေလည်းရှိသလို ခွဲခွာခဲ့ရတဲ့ လူတွေလည်း ရှိခဲ့ပါတယ်။ ကိုယ့်အပေါ်မှာ စိတ်ရင်းနဲ့ ပေါင်းသင်းဆက်ဆံတဲ့ လူတွေနဲ့ကိုလည်း ကြုံတွေ့ခဲ့ရသလို အပေါ်ယံသာ ပေါင်းသင်းဆက်ဆံတဲ့ လူတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။
အားကြိုးမာန်တတ် ကြိုးစားခဲ့တဲ့ နေ့ရက်တွေလည်း ရှိခဲ့သလို အရာရာကို လွှတ်ချလိုက်ပြီး စိတ်လွတ်ကိုယ်လွတ် အနားယူချင်ခဲ့တဲ့ နေ့ရက်တွေလည်း ရှိခဲ့ပါတယ်။
အသက်ရှင်ခဲ့သမျှ ကာလ တစ်လျှောက်လုံး ကိုယ်လုပ်ခဲ့တဲ့ အရာတွေဟာ လူသားတွေ အသက်ရှင်နေထိုင်ဖို့ အထောက်အပံ့ ပေးနေတဲ့ မိခင်ကမ္ဘာမြေကြီးနဲ့ ပတ်ဝန်းကျင်အပေါ် အကျိုးရောပြုရဲ့လား။ ကိုယ့်ကို မွေးထုတ်ပေးခဲ့တဲ့၊ လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အနန္တော အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် မိခင်နဲ့ ဖခင်ကိုရော စိတ်ချမ်းသာအောင်၊ "ဒါ ငါတို့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ငါတို့ရဲ့ ရင်သွေးကွ"လို့ ဂုဏ်ယူနိုင်ရလောက်အောင် ထားခဲ့နိုင်ရဲ့လား။ ကိုယ့်ကို သိသင့်သိထိုက်တဲ့ အသိပညာ၊ အတတ်ပညာတွေကို သင်ကြားပြသပေးနေတဲ့ အနန္တော အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် ဆရာသမားတို့ ဂုဏ်ယူထိုက်တဲ့ တပည့်ကောင်းတစ်ဦးဖြစ်အောင် ကြိုးစားခဲ့ရဲ့လား။ ကိုယ့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေ အတွက်လည်း သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတစ်ဦး ပီသခဲ့ရဲ့လား။
ပြုလုပ်ခဲ့တဲ့ ကုသိုလ် ကောင်းမှု တွေလည်း ရှိသလို ကျူးလွန်မိခဲ့တဲ့ အကုသိုလ် မကောင်းမှု တွေလည်း ရှိခဲ့ပါတယ်။ လူဆိုတာ ရွှေတစ်နေ့ ငွေတစ်နေ့၊ မွေးတစ်နေ့ သေတစ်နေ့ပါ။ အသက်ရှင် နေထိုင်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ငါဆိုတဲ့ ဒီလူဟာ ဒီမြေ ဒီကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်ခဲ့တယ် ဆိုတဲ့ အမှတ်အသား ချန်ထားခဲ့နိုင်မှသာ နောင်လာနောင်သားတွေက မိမိတို့ကို အမှတ်ရနိုင်ပါလိမ့်မယ်။
ကိုယ့်သမိုင်းကို ကိုယ်ကိုတိုင် ဖန်တီးရေးဆွဲနိုင်တဲ့ လူသားတွေရဲ့ ရွေးချယ်မှုဟာ ဒီနေရာမှာ အလွန်အရေးကြီးပါတယ်။ လူတကာ အားကျအတုယူလောက်စရာ ဖြစ်အောင် ရေးမလား၊ လူတကာ ရှုံ့ချစရာ ဖြစ်အောင် ရေးမလား ဆိုတာကို ရွေးချယ်ရပါမယ်။
အသက်ရှင်ဖို့ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာချိန်မှာ 'ဒီကမ္ဘာပေါ်မှာ ငါရှင်သန်ခဲ့တယ်ဆိုတဲ့ အမှတ်အသားတွေ ချန်ထားရစ်ဖို့ အချိန်ရှိပါအုံးမလား' လို့ တွေးမိပါတယ်။ ကိုယ့်ရဲ့ အမှတ်အသားတွေ လုံလုံလောက်လောက် မချန်ထားမိခင်မှာ သေဆုံးသွားမှာကိုလည်း ကြောက်ရွံ့မိပါတယ်။
ကံ၊ ကံ၏အကျိုးကို ယုံကြည်သူ တစ်ဦးဖြစ်တာကြောင့် ကုသိုလ်အလုပ်တွေ စိတ်ကြိုက် မလုပ်လိုက်ရခင် သေဆုံးသွားကိုလည်း ကြောက်ရွံ့ပြီး သေဆုံးသွားပြီး နောင်ဖြစ်လာမယ့် ဘဝတွေမှာ လူပြန်ဖြစ်လာခဲ့ရင် ဗုဒ္ဓရဲ့ ဆုံးမမှု မထွန်ကားတဲ့ နေရာမှာ မကောင်းမှု အကုသိုလ် အလုပ်တွေ ကျူးလွန်မိမှာကိုလည်း ကြောက်ရွံ့မိပါတယ်။
ဆရာကြီး မင်းဆွေရဲ့ 'ကျွန်ုပ်တို့၏ တာဝန်' ဆောင်းပါးထဲကလို '"ဗုဒ္ဓဘာသာတရားတည်ရာ မြန်မာတို့၌ သာသနာ့ဘောင်သို့ မသွတ်သွင်းမီ၊ မရောက်မီ၊ ဘဝတစ်ပါး ပြောင်းသွားရမည်ကို အလွန်စိုးရိမ် တတ်၏။ ထိုကဲ့သို့ သာသနာ့ဘောင်သို့ မသွတ်သွင်းမီ၊ မရောက်မီ ဘဝတစ်ပါး ပြောင်းသွားရမည်ကို စိုးရိမ်သကဲ့သို့ တစ်ခုသော လောကအကျိုး မသယ်ပိုး နိုင်သေးသမျှ ဘဝတစ်ပါး ပြောင်းသွားရမည်ကိုလည်း စိုးရိမ်ပါ" ဟု ဆိုလိုက်က ကျွန်ုပ်စကားသည် လွန်သွားပါမည်လော' ဆိုသလို တွေးမိနေပါပြီ။
ပြန်လည် သုံးသပ်ကြည့်လိုက်ရင်တော့ မိဘ၊ ဆရာသမားတို့ အရှက်ရစရာ ဆန်ကုန်မြေလေးတစ်ယောက်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ယခုထက်ပိုပြီး ကြိုးစားရပါအုံးမယ်။
တစ်ဘဝလုံးအတွက် မွေးနေ့ဆုတောင်း အနေနဲ့ "ယနေ့ မွေးနေ့က စလို့ မိဘတို့ ဂုဏ်ယူအားထားရတဲ့ သမီးကောင်းတစ်ဦးပီသအောင်၊ ဆရာ၊ဆရာမတို့ ဂုဏ်ယူရတဲ့ တပည့်ကောင်းတစ်ဦး ပီသအောင်၊ မိတ်ဆွေ၊ သူငယ်ချင်းတို့ လေးစားဂုဏ်ယူရတဲ့ မိတ်ဆွေကောင်း တစ်ဦး ပီသအောင် ကြိုးစားနိုင်ပါစေ။ ဘဝမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေပဲ ချမှတ်နိုင်ပါစေ။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကို အဆုံးထိ ကိုယ်ကိုတိုင် လျှောက်လှမ်းနိုင်ပါစေ။ ကိုယ့်ရဲ့ အရည်အချင်းကို တန်ဖိုးထား အသိအမှတ် ပြုခံရပြီး လူမှန်နေရာမှန် ရောက်ပါစေ။" လို့များ တောင်းဆုပြုလိုက်ရင် လောဘကြီးရာ ကျသွားလေမလား...
Kavi(ကဝိ)
Keep Reading