မောရိသျှ
စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် အသက်မွေးဝမ်းကြောင်းအလုပ်ပဲဖြစ်ဖြစ် တစ်ကနေစရတာက တကယ် မလွယ်ပါဘူး။ ပိုးစိုးပက်စက်ခက်ပါတယ်။ စိန်ခေါ်မှုတွေ အလွန်များသလို ဘယ်လောက်ပဲ လုပ်လုပ် မပြီးနိုင် မဆီးနိုင်တဲ့ အလုပ်တာဝန် ဝတ္တရားတွေ ဆက်နေတတ်ပါတယ်။ အဲဒီလို ခက်ခဲမှုတွေအကြားမှာ လူကို ထပ်ပြီး စိန်ခေါ်လာဦးမယ့် တာဝန်က လုပ်ငန်းဆိုင်ရာ ဖောက်သည်တွေ လက်တွဲဖော်တွေ တိုးလာအောင် လုပ်ဖို့နဲ့၊ လုပ်နေတဲ့ အလုပ်မှာ ပိုပြီး ထူးထူးချွန်ချွန် လုပ်နိုင်အောင် လေ့လာရတာတွေပါပဲ။
ပြောရရင် လုပ်စရာတွေ များလွန်းလို့ တန်းစီနေတာမျိုး။ ကလိမ်ကကျစ်ကလည်း ကျရသေးတယ်။ လိမ်တတ် လှည့်တတ်ရသေးတယ်။ လုပ်ငန်းတွင်ကျယ်လာအောင်ဆိုပြီး Content Marketing တွေ၊ အလားအလာရှိတဲ့ ဖောက်သည်တွေနဲ့ လိုက်တွေ့ရတာတွေ၊ အွန်လိုင်းမှာ အဆက်မပြတ် ပို့စ်တွေတင်ရတဲ့အပြင် ကိုယ့်လုပ်ငန်းနာမည် ရလာအောင် လုပ်ရတာတွေ နည်းလမ်းစုံကို ဘက်ပေါင်းစုံလုပ်နိုင်ဦးမှ တော်ရာကျတာ။
တကယ်လို့ ကိုယ့်လုပ်ငန်းကို ကြီးကြီးကျယ်ကျယ်ဖြစ်စေချင်ရင် ပိုလို့တောင် အလုပ်ရှုပ်ဦးမှာ။ တခြား လုပ်ငန်းတူတွေနဲ့ စပ်တူလုပ်ဖို့ ကမ်းလှမ်းရတာတွေ၊ ဖိတ်ကြားရတာတွေ၊ ပို့ရဖို့ရဦးမယ့်အပြင်၊ နည်းမဟာဗျူဟာကျကျ ကြော်ငြာတတ်ဦးမှ၊ လစဉ်သတ်မှတ်ထားတဲ့ ရောင်းအားရောက်နိုင်အောင် ထုတ်ရောင်းတတ်ဦးမှ၊ ဝန်ထမ်းကောင်း ရွေးတတ်ဦးမှ၊ လုပ်နေတဲ့ အလုပ်ကို ပိုးစိုးပက်စက် ရလဒ်ကောင်းထွက်အောင် လုပ်နိုင်မှ အဆင်ပြေတာဗျ။
ပြောမှလား ဒါတွေကို လူတိုင်းသိပြီးသားပဲ။ အဲတော့ လုပ်ငန်းအောင်မြင်ရေး လျို့ဝှက်ချက်ဆိုတာ တကယ်တမ်း မရှိဘူး။ ဒါပေမဲ့ ဘယ်သူမဆို ဘာပဲလုပ်လုပ် ရှောင်လို့ရရင် ရှောင်ချင်တယ်၊ တိမ်းလို့ရရင် တိမ်းချင်တယ်။ ဒါကို ဘယ်သူမှ မငြင်းနိုင်ဘူး။ ဘယ်လောက်ပဲ ထူးချွန်ပြောင်မြောက်နေပါစေ အချိန်ဆွဲလို့ရရင် အချိန်ဆွဲ လေးဖင့်ပြီး အိပဲ့ပဲ့နဲ့ နေနေကြမယ့်သူတွေကြီးပဲ။
လုပ်ရမယ့်အလုပ်ကိုလည်း သိတယ်၊ လုပ်ရမှာကိုလည်း သိတယ်၊ လုပ်လည်း လုပ်ချင်ပါတယ်၊ မလုပ်သေးတာပဲရှိတာ။ လုပ်ရမယ့်အလုပ်က ဒါ တကယ်လုပ်မိနေတာ တခြား၊ လိုင်းပေါ်တက်ပြီး ကုန်ပစ္စည်းတွေရဲ့ နောက်ဆုံးဈေးကွက်ကို ကြည့်ရမှာ၊ ဒါပေမဲ့ တကယ် ရောက်သွားမိတဲ့နေရာက အင်စတာဂရမ်၊ မဆုံးနိုင်တော့တဲ့ ဓါတ်ပုံတွေ တစ်ခုပြီးတစ်ခုကြည့်ရင်း ဘာလုပ်ဖို့ ရောက်သွားမှန်းတောင် မသိတော့တဲ့အဖြစ်မျိုး လူတိုင်း ဖြစ်ဖူးတယ်။ ကြုံဖူးတယ်။ လုပ်လည်း လုပ်ကြတယ်။ အစကတော့ Zara, H&M, Net-A-Porter, Mr. Porter စသဖြင့် နာမည်ကျော်တံဆိပ်ကြီးတွေရဲ ထုတ်ကုန်ဈေးကွက်သိချင်လို့ သွားတာ၊ အွန်လိုင်းမှာ ကိုယ်လိုချင်တာကို သွားရှာသလို ဖြစ်သွားတာမျိုး။ ဖြစ်တတ်ပါတယ်။
လူတိုင်း လုပ်တတ်တယ်။ လုပ်မိကြတယ်။ ကျွန်တော်လည်း ဖြစ်တာပဲ။ ဥပမာ - အခုဆိုရင် ကျွန်တော် စာအုပ်အသစ်တစ်အုပ် ရေးဖို့ ပြင်နေတာ၊ ဒါပေမဲ့ ခေါင်းစဉ်ရှာမတွေ့သေးလို့ ချာချာလည်နေပြီး အလုပ်စဖို့အရေး အချိန်ဆွဲနေတာ လနဲ့ချီနေပြီ။
အချိန်ဆွဲပြီး လက်ရှောင်နေတာ ကြာလာတော့ ကျွန်တော် မနေတတ်တော့ဘူး။ ပျင်းရမှာကိုတောင် ပျင်းလာပြီ။ အဲတော့ တော်ရုံမလုပ်ဖြစ်တဲ့ အလုပ်လေးတွေကို လိုက်လုပ်လိုက်တယ်။ အလုပ်ကြီး မလုပ်ချင်သေးရင် အလုပ်သေးလေးတွေနဲ့စတဲ့။ အဲဒီတော့ Reply မလုပ်ဖြစ်သေးတဲ့ email တွေကို လိုက်ဖတ်ပြီး အကျိုးသင့် အကြောင်းသင့် ဆင်ခြေပေး Reply လုပ်တယ်၊ မဖတ်ဖြစ်တဲ့ ဆောင်းပါးတွေကို အချိန်ပေးပြီး ဖတ်လိုက်တယ်၊ စိတ်ထဲ နည်းနည်း ငြီးငွေ့လာရင် ကော်ဖီလေးသောက်တယ်။
ဒါမှမဟုတ် အွန်လိုင်း ရှော့ပင်ထွက်လိုက်တယ်။ ဈေးခြင်းတောင်းထဲ အကုန်ထည့်ပြီးမှ မဝယ်ဖြစ်တာမျိုးလည်း ရှိတယ်။ စိတ်အာရုံကိုတော့ လုပ်ရမယ့် အလုပ်ကြီးကို လုပ်ကိုလုပ်ရဦးမယ့်အကြောင်း အမြဲအသိပေးထားရတယ်။ ချက်ချင်းကြီး မလုပ်ဖြစ်သေးရင်တောင် အလုပ်လုပ်ရမှာ မပျင်းသွားဖို့ အလုပ်လေးတွေ အစားထိုးလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လုပ်ချင်စိတ် ပေါက်လာအောင် အားပေးရတယ်။
လုပ်စရာရှိတာကို မလုပ်ချင်သေးရင်တောင် လုပ်ချင်စိတ်လေး ပေါက်နေအောင် တခြားလုပ်စရာရှိတာလေးတွေ လိုက်လုပ်ပြီး စိတ်ခွန်အားမွေးပါ။
#မောရိသျှ
Keep Reading