Noon (နွန်း)
"ဝလုံး ဝလုံး ဖိုးဝလုံး
ချစ်စရာလေး ဖိုးဝလုံး
ချိုချိုပြုံးတဲ့ ဝလုံးရယ်
ဝိုင်းဝိုင်းကလေးရေးပါတယ်"
ဒီကလေးကဗျာလေးကိုကြားဖူးကြမှာပါ။
ဟိုးငယ်ငယ်လေးတုန်းက မေမေဟာ ကလေးကို
ပေါင်ပေါ်တင်ပြီး လမင်းလေးကိုညွှန်ပြဖူးတယ်။ အဲဒါ ဝလုံးလေးလေ ဆိုပြီး ကလေးကဗျာလေးဆိုပြခဲ့ဖူးတာပေါ့။မူကြိုအရွယ်ရောက်တော့ ဝလုံးကလေးကို ရေးတတ်ဖို့ မေမေက ဖောင်တိန်လေးကိုယူ၊ကလေးလက်ကလေးကို ဆုပ်ကိုင်ပြီး တစ်လုံးချင်း ဝိုင်းရေးပြခဲ့တယ်။
မြန်မာစာရဲ့ ဗျည်းသုံးဆယ့်သုံးထဲမှာ
နှစ်ဆယ့်ကိုးလုံးမြောက်ဗျည်းဖြစ်တဲ့ ဝ လုံးလေးကို စသင်ခဲ့ကြရတယ်။ ဝလုံးလေးမှ မရေးတတ်သေးတဲ့ မြန်မာနိုင်ငံမှာမွေးဖွားတဲ့ ကလေးတွေဟာ သိပ်ကို ဖြူစင်လှတာ။ လမင်းလေးကို ကြည့်ပြီး လမင်းမှန်းမသိဘဲ ဝလုံးလေးလို့မှတ်မိအောင်သင်ခဲ့ရတဲ့အထိပေါ့။
အသက်အရွယ်ရောက်လာတော့ မြန်မာစာတွေ ရေးတတ်၊ဖတ်တတ်လာခဲ့တယ်။ မေမေသင်ပေးခဲ့တဲ့ ဝလုံးလေးကြောင့် မြန်မာစာကို သိလာခဲ့တာပေါ့။
ဖေဖေ၊မေမေတို့ရဲ့ ဝ လုံးလေးကနေ စရေးတတ်ခဲ့ပြီး က၊ခ၊ဂ၊ဃ၊င ဆိုတဲ့ ဗျည်းလေးတွေ ရေးတတ်လာခဲ့တာပေါ့။နောက်တော့ ဗျည်း၊သရ၊အသတ်၊ဗျည်းတွဲ၊သဒ္ဒါလေးတွေရေးတတ်လာတယ်။အသက်အရွယ်ရောက်လာတော့ မြန်မာစာတွေ ရေးတတ်၊ဖတ်တတ်လာခဲ့တယ်။ မေမေသင်ပေးခဲ့တဲ့ ဝလုံးလေးကြောင့် မြန်မာစာကို သိလာခဲ့တာပေါ့။ ဒါပေမဲ့ ဒီလို ရေးတတ်၊ဖတ်တတ်အောင်လုပ်ပေးခဲ့တဲ့ ကျေးဇူးကို မေ့ခဲ့ကြတယ်။
မေမေသင်ပေးခဲ့တဲ့ ဝ လုံးလေးကိုမှ သူတို့မမှတ်မိဘဲ။သူတို့စာတတ်တာ သူတို့စာလုပ်လို့ဆိုတဲ့ အတွေးတွေတွေးလာကြတယ်။ မေမေတွေ စာတွေနားမလည်၊မသိခဲ့ရင် ရယ်ပြုံးချင်ကြတယ်။ မရယ်ပါနဲ့။ စာရေးတတ်အောင် ဖေဖေ၊မေမေက ဝလုံးလေးနဲ့ သင်ပေးခဲ့တာပါ။
အဲဒီ ဝလုံးလေးဟာ ကျွန်မတို့ရဲ့ ဘဝ ဖြစ်လာခဲ့တယ်လေ။
မေမေသင်ပေးခဲ့တဲ့ ဝ လုံးလေးဟာ သိပ်ကို အဓိပ္ပာယ်နက်နဲ ကျယ်ပြန့်တာပေါ့။
} ဝ ဆိုတာဟာ ပြည့်ဖြိုးသည်၊ကုံလုံသည်၊လုံလောက်သည်ကို ဖော်ညွှန်းတဲ့ စကားလုံးလေးပေါ့။
ကျွန်မတို့ ဘဝအတွက် မရှိမဖြစ် တွန်တွဲနေတဲ့
ဝ လုံးလေးဟာဆိုရင် ဝီရိယ၊ဝါယမ(ကြိုးစားအားထုတ်ခြင်း၊လုံ့လပြုခြင်းလေး)ပေါ့။ ဒါတင်မကသေးပါဘူး။ဝါဒဆိုတဲ့ ကိုယ်ပိုင်ခံယူချက်ကို လက်ကိုင်ထားရှိရမယ်လေ။ စာဖတ်နေသူတို့ရဲ့ဘေးပတ်ဝန်းကျင်မှာ အောင်မြင်နေသူဟာ ဝေယျာဝိစ္စ ဆိုတဲ့ ကိုယ့်အလုပ်ကို လုပ်ကြရတယ်။ ဒါ့အပြင် ဝါသနာ၊ဝသီဘော်(အလေ့အကျင့်) ကိုရှာဖွေဖော်ထုတ်ပြီး ကိုယ့်ကိုယ်ကို ဝိစိကိစ္ဆာ(မဆုံးဖြတ်နိုင်ခြင်း)မဖြစ်အောင် နေထိုင်ကြရတယ်လေ။
မအောင်မြင်သူတို့ဟာ အချိန်တွေကို
ဝစီကံ၊ဝစီဘေဒ ထိတိုင်းရှ ဆိုတဲ့အတိုင်း လူကွယ်ရာမှာ သူတစ်ပါးအကြောင်းပြောရင်းဖြုန်းပစ်ကြတာပေါ့။
ဝိဉာဏ်(အသက်)ရှိစဉ်မှာသူတစ်ပါးကို ဝိသမလောဘ(လွန်ကဲသောလောဘ) ရှိလာပြီး
ကိုယ့်ဘဝအတွက် လမ်းမှန်ကို မလျှောက်လမ်းဘဲ ဘုရား၏ ဆုံးမမှု၊ဝိပဿနာ(ရုပ်နာမ်နှစ်ပါးကို အနိစ္စ၊ဒုက္ခ၊အနတ္တဟုရှုမှတ်ဆင်ခြင်ခြင်း)ကို ဝိရောဓိ(ဆန့်ကျင်ခြင်း)ကာ
ဝိပတ္ထိတရား(ပျက်စီးခြင်းတရား) နဲ့အတူ
ဝိနာဘာဝ(သေကွဲကွဲခြင်း)ဖြစ်ကြရတယ်။
ဒါကြောင့် အသက်ရှိစဉ်မသေခင်ကိုဝေဿန္တရာ(အပေးအကမ်းရက်ရောသူ) တစ်ယောက်၊ဝံသာနုရက္ခိတ(မျိုးချစ်စိတ်ရှိသူ)တစ်ယောက်ဖြစ်အောင်ကြိုးစားရင်း ဘဝပန်းတိုင်ကို ဒုက္ခအခက်အခဲများစွာကနေ ရင်ဆိုင်ကျော်လွှားကြပါဆို့။
အပေါ်က စာတိုလေးဟာ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အသုံးပြုနက်နဲတဲ့ စကားလုံးတွေရဲ့
အဓိပ္ပာယ်နဲ့အတူတူ ဆုံးမစာပုံပြင်လေးတစ်ခုရေးပေးခဲ့တာပါ။
စာရေးသူရဲ့ဘဝမှာ မေမေဟာ ကျောင်းဆရာတစ်ယောက်ပမာပါပဲ။ ငယ်ငယ်တုန်းက ဝ လုံးလေးရေးသင်တာကို မှတ်မိသေးတယ်လေ။ နောက်တော့ စာလေးတွေ ရေးဖူးလာတယ်။ တတိယတန်းမှာကျူရှင်
မတက်သည်အထိ စာရေးတတ်ဖို့ သင်ပေး၊ကြည့်ရှုပေးခဲ့တယ်။
ပဉ္စမတန်းအရွယ်အထိ မေမေဟာ နွန်းကိုစာလုပ်ကူပေးခဲ့တယ်။တကယ်ပြောရရင် နွန်းက စာလုပ်ရမှာ တော်တော်လေးကို ကြောက်ခဲ့တဲ့သူပေါ့။ မေမေ့နားကိုစာဆိုတိုင်း နွန်းက အမြဲမျက်ရည်ခြူပြီးငိုတဲ့ကလေးပေါ့။ ဒါပေမဲ့ ဖေဖေ၊ မေမေရဲ့ကျေးဇူးကြောင့် နွန်း ဒီအရွယ်မှု စာရေးတတ်လာခဲ့တယ်။ စာဖတ်မှာ ဒုတိယရေးခဲ့တဲ့ ဆောင်းပါးဖြစ်တဲ့ သူ(မ)ပြောတဲ့ အမွေ ဆိုတာဟာလည်း နွန်းကို လမ်းညွှန်ပေးခဲ့တဲ့ ဘဝအကြောင်းလေးပေါ့။
ငယ်ငယ်တုန်းက စာလုပ်ရမှာ သိပ်ကြောက်ခဲ့တဲ့ ကလေးမလေးက အခုတော့ စာဖတ်မှာ ကိုယ်ပိုင်စာလေးတွေရေးသားလာခဲ့တယ်။ဒီလိုစာလေးတွေ ရေးသားရင်းနဲ့လည်း မိဘတွေဆီမှာ ရင်ဖွင့်ချင်တာလေးတွေကို ဆောင်းပါးအဖြစ် ထုတ်ဖော်ခဲ့တယ်။
ရင်ဖွင့်စာလေးတွေ အရေးများလာတယ်။
တစ်နေ့ တူမလေးကို နွန်းရဲ့မမက သူ့ကို ဝ လုံးတွေပဲ ရေးခိုင်းတယ်ဆိုတာ ပြောပြတော့ ဒီဆောင်းပါးလေးရေးဖို့ စိတ်ကူးမိခဲ့တယ်။
နောက်ဆုံးမှာ နွန်းပြောချင်တာက
မေမေတို့ရဲ့ ဝ လုံးလေးဟာ ကျွန်မတို့ရဲ့ ဘဝကို ခွဲခြားသိမြင်တတ်ဖို့ သင်ယူပေးခဲ့တယ်။
~~ဝိဉာဏ်ရှိစဉ် ဝိပတ္တိတရားသိသော်ကား
ဝါဒထား ဝစီနှုတ်၍
ဝိသမလောဘ လျော့ချရအောင်
မဟုတ်စကား ဝိရောဓိကို
ဝိပဿနာ တရားတော်နှင့်
ဝီရိယထား ကြိုးစားကြရမည်လား။ ~~
ဆိုတဲ့ကိုယ်ရေးကဗျာလေးနဲ့ မေမေရဲ့ဝ လုံးဟာ
အရာရာကို သင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊
ကျေးဇူးကြီးမားလှပါကြောင်း ရင်ဖွင့်ရင်း
မေမေသင်ပေးတဲ့ ဝလုံးလေးရဲ့ ဆောင်းပါးကို ဖတ်ရှူပေးကြတဲ့အတွက်
နွန်း မှကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။
23.Aug.2024 (6:48PM)
Keep Reading