မောင်တုတ်
လိမ္မော်ရောင်ကောင်းကင် နောက်ခံထားတဲ့
ရောင်စုံတဲ့ သက်တန့်လေး၊
နေဝင်ဆည်းဆာချိန် ထွက်ပေါ်လာတဲ့
ကျေးငှက်ကလေးရဲ့ သီချင်းသံ၊
ကန်ရေပြင်ဖွေးဖွေးလေးပေါ်က
အလွမ်းဓါတ်ခံလေညှင်းနဲ့၊
ပူလောင်မှုတွေ ပြည့်နှက်နေတဲ့
အရောင်မဲ့တဲ့ နှလုံးသားငယ်။
အပြာရောင်အိပ်မက် ကမ္ဘာငယ်လေးအတွင်း
ကိုယ်ဟာ မေ့ ကို အသည်းနင့်အောင်ချစ်ခဲ့တယ်၊
ချစ်ရသူအမျိုးသမီးမရှိတဲ့ မောင်ဟာ
အသက်ရှင်ဖို့ရာ အဓိပ္ပါယ်မဲ့၊
အတွေးတစ်စုံအတွင်း စိတ်အာရုံတို့ဟာ
ပုစ္ဆာတစ်ခုပမာ ရှုပ်ထွေးဆဲ၊
နှလုံးသားနုနုဟာလည်း လှပလို့မနေခဲ့။
ညမွှေးပန်းရနံ့ဟာ သန်းခေါင်ယံချိန်
သင်းပျံ့လို့ မွှေးကြိုင်၊
ထိုပန်းကလေးပန်ဆင်ထားတဲ့ မေ ရဲ့အလှဟာ
မောင့်အတွက် တစ်ခန်းရပ်အလွမ်း။
ကောင်းကင်ကြီးနဲ့ ကြယ်ပင်လယ်ပြင်ကြီးနဲ့အတူ
တောက်ပနေတဲ့ ရွှေရောင်လမင်းလေးဟာ
ပန်းချီဆန်ဆန် အသက်ဝင်ကာ
လှပလို့နေပေါ့။
စီးကရက်တစ်လိပ်ကို ဖွာရင်း၊
ကိုယ်ဟာ
မဟူရာညရဲ့အလှကို ခံစားရင်းပေါ့၊
ကောင်းကင်ကျယ်ကြီးကို ကြည့်ရင်း
ကိုယ်ဟာ ကြယ်ကလေးတွေကိုရေတွက်မယ်။
ညရဲ့အပြစ်ဒဏ်ဆန်းကြယ်မှုကို ခံစားယူရင်း
အတွေးကန္တာရထဲ မျောလွင့်မယ်
ဒီညဟာ
လှလှပပအထီးကျန်ဆန်တဲ့
ကဗျာဆန်ဆန် ညလယ်။
မောင်တုတ်#
Keep Reading