Swoon by Me
မနက်နိုးနိုးချင်း ဖုန်းကို ကောက်ယူ။ Facebook ဖွင့်ကြည့်လိုက်တော့ notifications တွေ။ ပို့စ်အသစ်တွေ၊ reels အသစ်တွေ ပေါ်လာတယ်။
အလုပ်နဲ့ ပတ်သက်ပြီး ဘာအီးမေးလ်သစ်တွေ ရောက်လာသလဲ ဝင်ကြည့်တော့ spam mails တွေ၊ socials တွေ၊ commercials တွေ။ အရင်ရက်တွေတုန်းက ဖွင့်မကြည့်ရသေးတဲ့ စာတွေ တပုံတပင်ကြီး။
ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်း အချိန်စက္ကန့်တိုင်း သတင်းတွေ၊ အချက်အလက်တွေနဲ့ ပစ်ပေါက်ခံခဲ့ကြရပြီး အတောမသတ်နိုင်လောက်အောင် ရှည်လျားများပြားတဲ့ အင်ဖိုမေးရှင်းနှင့် အင်တာတိန်းမန့်ကမ္ဘာထဲမှာ နှစ်မျောနေကြတယ်။
နည်းပညာသစ်တွေ၊ သတင်းအချက်အလက်သစ်တွေကြောင့် အကုန်လုံးက မြန်ဆန်ပြီး လူတွေရဲ့ စဥ်းစားပုံကအစ ပြုမူလှုပ်ရှားပုံအထိ အကုန်လုံးက လောလော လောလောဖြစ်လာတယ်။ ဒီလိုအခြေအနေမှာ မှန်မှန်ဖြစ်ဖို့ထက် မြန်မြန်ဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ လူတွေက စဥ်းစားလာကြတယ်။
နည်းပညာလောကမှာဆိုရင် ဆန်းသစ်မှုတစ်ခုကို ဘယ်သူက အရင်ဆုံးတီထွင်သလဲ။
စာနယ်ဇင်းနှင့် သတင်းလောကမှာလည်း သတင်းတစ်ပုဒ်ကို ဘယ်သူက အရင်ဆုံးချပြသလဲ။
စီးပွားရေးလောကမှာလည်း ထုတ်ကုန်တစ်ခုကို ဘယ်သူက အရင်းဆုံးမိတ်ဆက်သလဲ။
အဲလိုပဲ ပထမဆုံး မိတ်ဆက်တဲ့သူ၊ ပထမဆုံး ချပြတဲ့သူ၊ ပထမဆုံး တီထွင်တဲ့သူ ဘယ်သူလဲ ပြိုင်ဆိုင်ကြတယ်။
ဒီလိုအရမ်း မြန်ဆန်လွန်းပြီး ယှဥ်ပြိုင်မှု ရက်စက်တဲ့ ကမ္ဘာကြီးမှာ ကျနော်တို့ လူ တော်တော်များများက ပင်ပန်းလာကြတယ်။ ခြေကုန်လက်ပန်းကျလာကြတယ်။ ဝန်တွေ ပိလာကြတယ်။ စိတ်တွေ မွန်းကျပ်လာကြတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာကြတယ်။
ခင်ဗျားက အဲလိုလူတွေထဲက တစ်ယောက်ဆိုရင် ဒီအချက်တွေကို လုပ်ကြည့်လိုက်ပါ။
- အသက်ဝဝရှူဖို့ မမေ့ပါနဲ့။
- ခင်ဗျားရဲ့ စိတ်ကို အနားယူဖို့ ခွင့်ပေးလိုက်ပါ။
ကျနော်တို့ရဲ့ စိတ်က အနားယူတဲ့အခါ ကမ္ဘာကြီးကလည်း ရပ်တန့် အနားယူတယ်ဆိုပြီး ဇင်ဗုဒ္ဓဝါဒဆရာတော်နှင့် စာရေးဆရာတစ်ဦးက ရေးဖူးတယ်။
ကျနော်တို့ရဲ့ စိတ်ထဲမှာ တွေးမြင်ခံစားတဲ့အတိုင်း ပြင်ပကမ္ဘာကို ကျနော်တို့ တွေးမြင်ခံစားကြရတာဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ရဲ့ ကမ္ဘာက ပျော်စရာကောင်းလာအောင်၊ အေးချမ်းတဲ့ ကမ္ဘာဖြစ်လာအောင် ကျနော်တို့ရဲ့ စိတ်ကို အနားပေးကြရမှာ ဖြစ်တယ်။ ပြီးတော့ ကျနော်တို့ရဲ့ ခန္ဓာကိုယ်ကိုလည်း သက်တောင့်သက်သာဖြစ်အောင် အနားယူကြရမှာဖြစ်တယ်။ တခုခုကို အလောတကြီး မလုပ်ဘဲ ဖြေးဖြေးချင်း လုပ်ဆောင်တတ်အောင် သင်ယူကြရမှာဖြစ်တယ်။ အဲဒါမှ စိတ်ရော ကိုယ်ရော သက်သာရာရမှာဖြစ်တယ်။
လူတွေဟာ ပထမဆုံးလူ၊ ရှေ့ဦးလူဖြစ်ချကြတယ်။ သူများထက်အရင် အခွင့်အရေးကို ပိုပြီး ရချင်ကြတယ်။ စွန့်ဦးတီထွင်သူတွေဟာ အိုင်ဒီယာတစ်ခု၊ ဒါမှမဟုတ် ထုတ်ကုန်တစ်ခုကြောင့် အောင်မြင်ကြီးပွားလာနိုင်ကြတယ်။ နယ်မြေစူးစမ်းရှာဖွေရေးသမားတွေက နယ်မြေသစ်တွေကို ရှာတွေ့ပြီး ကိုယ်ပိုင်နယ်မြေတွေကို သတ်မှတ်ပိုင်ဆိုင်နိုင်ကြတယ်။ အဲဒါကြောင့်လည်းပဲ English စကားပုံမှာ The early bird catches the bird ဆိုပြီး ဆိုကြတယ်။ သူများတွေထက် အရင်ဦးအောင် နေရာတစ်ခုခုကို သွားတယ်၊ အလုပ်တစ်ခုခုကို လုပ်တယ်ဆိုရင် ကျေနပ်ကြတယ်။ အဲဒါက ကောင်းတဲ့ အရာပါပဲ။
ဒါပေမယ့် တခါတလေမှာ ရှေ့ဆုံးကလူထက် နောက်ကျမှာ လာတဲ့ လူက ပိုပြီး အခွင့်သာတတ်တယ်။ ပြီးတော့ လောလော လောလောနဲ့ လုပ်တာထက် တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ရင် ပိုပြီး ကြာရှည်ခံတတ်တယ်။ ဘာကြောင့်လဲဆိုတော့ နောက်ကျမှလာတဲ့သူတွေက အရင်လူတွေဆီကနေ သင်ယူနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်။ စွန့်ဦးတီထွင်သူတွေ ဘာကြောင့် ရှုံးနိမ့်ရသလဲ၊ နည်းပညာကုမ္ပဏီတွေ ဘာကြောင့် ပြိုကွဲသွားသလဲ စသဖြင့် သူတို့က သင်ခန်းစာယူပြီး အဲဒီအမှားမျိုး ထပ်မလုပ်မိအောင် သတိထားလာနိုင်တယ်။ ရှေ့က အဖြစ်အပျက်တွေကို ကြည့်ပြီး ဆောင်ရန် ရှောင်ရန် သင်ခန်းစာတွေကို သင်ယူနိုင်ကြတယ်။
ခေတ်သစ်ကမ္ဘာကို နည်းပညာ၊ သတင်းအချက်အလက်၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ရာသီဥတုပြောင်းလဲမှုတို့က ပြောင်းလဲပစ်ခဲ့ပြီး ဆက်သွယ်ရေးကအစ ထုတ်လုပ်ရေးနှင့် ဆုံးဖြတ်ချက်ချမှုအပိုင်းအဆုံး အကုန်လုံးက မြန်ဆန်လာခဲ့တယ်။ ဒါပေမယ့် ဒီလိုမျိုး မြန်ဆန်လွန်းတဲ့ ပြောင်းလဲမှုကမ္ဘာထဲမှာ နှစ်မွန်းမသွားဘဲ ခေတ်ကြီးရဲ့ တိုးတက်မှုကို ဘေးလူတစ်ယောက်လို အေးအေးချမ်းချမ်းနဲ့ စောင့်ကြည့်တတ်ဖို့လည်း အရေးကြီးတယ်။ တနည်းအားဖြင့်၊ ပြင်ပကျေနပ်မှုကိုပဲ လိုက်စားပြီး အတွင်းပိုင်းအေးချမ်းမှုကို ပျောက်ဆုံးမသွားဖို့ အရေးကြီးတယ်။
ပြီးတော့ အပေါ်မှာ ပြောခဲ့သလိုပဲ တခါတလေမှာ နောက်ကျမှ လာတဲ့လူက အရှေ့ဆုံးကလူထက် ပိုပြီး ကံကောင်းတတ်တယ်။ အဲတော့ နားနားပြီး လျှောက်ပါ။ အရမ်းကြီးလည်း မလောပါနဲ့။
✍️
Swoon By Me
Image credits
Keep Reading