လရောင်ချို
ကျွန်မတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် နေ့စဉ်ပုံမှန် ဘုရားရှိခိုးသော အမှု ပြုလုပ်ကြသည်။ ဘုရားစင်တွင် ဆီမီး၊ ပန်း၊ ရေချမ်း၊ဆွမ်းများ ကပ်လှူပူဇော်၍ ခင်ပွန်းကြီးဆယ်ပါး အပါအဝင်၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တည်းဟူသော ဘုရားစာများရွတ်ဖတ်ပူဇော်ကြသည်။ ကျွန်မသည်လည်း ထိုနည်းအတိုင်းပါပဲ။ နောက်ဆုံးတွင် မေတ္တာပို့ အမျှဝေကြသည်။
ကျွန်မသည် လူမှန်းသိတတ်စအရွယ်တည်းက ဘုရားရှိခိုးသောအခါ မေတ္တာသုတ်၊ မေတ္တာပို့နည်း စသည်တို့ကို ရွတ်ဖတ် ပွားများလေ့ရှိသည်။ ထိုသို့ ရွတ်ဖတ်ရာတွင် ❝မင်းကွန်းဆရာတော်ကြီး၏မေတ္တာသုတ်လာ မေတ္တာပွားနည်း(၁၁)နည်း❞ ကို ရွတ်ဖတ်လေ့ရှိသည်။ ထိုမေတ္တာပွားနည်း(၁၁)နည်းထဲမှ
❝လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ❞ ဆိုတဲ့ စာကြောင်းကို နားမလည်ခဲ့ပါဘူး။
ဒါကြောင့် ကျွန်မ အဘိုးကိုမေးကြည့်တာပေါ့ ။ ❝ ဘိုးဘိုး လူအချင်းချင်းလှည့်ပတ်ခြင်း ဆိုတာ ဘာကိုပြောတာလဲ❞ လို့။
အဘိုးပြောတာက ❝လူအချင်းချင်းလှည့်ပတ်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် လိမ်တာ၊ ညာတာ၊ မလှိမ့်တစ်ပတ်လုပ်တာကို ပြောတာဖြစ်တယ်။❞
အဲ့ဒီအချိန်တုန်းက ကလေးဆိုတော့ အများကြီးမတွေးတတ်ခဲ့ဘူး။ အဘိုးပြောတာလေးတင် မှတ်ထားလိုက်တယ်။ တွေးတတ်၊ စဉ်းစားတတ်တဲ့အရွယ်ရောက်တော့ ဒီစကားကို နှစ်သက်လာခဲ့တယ်။
မှန်ပါပေတယ်။ ကျွန်မတို့ လူ့ပတ်ဝန်းကျင်အတွက် ထိုစကားလေးက အင်မတန်အကျိုးရှိလှပါတယ်။
လူယုံသတ်လို့သေတာတို့၊ နောက်ကျောဓားနဲ့ထိုးတာတို့၊ ချစ်သူအချင်းချင်းဖောက်ပြန်တာတို့ဟာ လူအချင်းချင်းလှည့်ပတ်ကြတာပါ။
ရင်းနှီးကြတဲ့ မိတ်ဆွေတွေ စီးပွားရေးလုပ်ကြတယ် ဆိုပါစို့။ အောင်မြင်နေတဲ့အချိန်မှာ
သူ့စီးပွားရေး ကိုယ်မနာလိုတွေ ဖြစ်ရင်း အကောက်ကြံပြီး တစ်ပါးသူ ဒုက္ခရောက်အောင် လုပ်ပစ်ကြတယ်။ အဲ့ဒါကို နောက်ကျောဓားနဲ့ထိုးတာလို့ခေါ်ပါတယ်။ ငွေအတွက်၊ ဂုဏ်အတွက် ၊ရာထူး အာဏာအတွက် ကောင်းတူဆိုးဖက်သူငယ်ချင်းတွေ ရန်သူဖြစ်သွားကြရတယ်။ ဒါဟာ လူအချင်းချင်းလှည့်ပတ်ခြင်းပါပဲ။
ဒါဆိုတစ်ခုမေးချင်တာက
ထိုသို့ ဖြစ်ရပ်များကြုံခဲ့ရတဲ့ လူကြီးမင်းများရှင်.. ဘယ်လိုအရာတွေကများ လူကြီးမင်းတို့ကို ထိုသို့ဖြစ်စေခဲ့တာပါလဲ။
ငွေအတွက်လား❓
ရာထူးအတွက်လား❓
ဘာအတွက်ဖြစ်ဖြစ် ထိုအရာတွေက တည်မြဲနေမည့် အရာတွေလား။ အဖြစ်အပျက် ဒွန့်တွဲနေတဲ့လောကကြီးမှာ စိတ်ထားလေးမှန်မှန်ထားပြီး ရိုးသားဖြောင့်မတ်စွာ နေထိုင်ကြဖို့ မစွမ်းကြတော့ဘူးလား။ လောဘစိတ်ထား၊မောဟစိတ်ထားများ ၊အတ္တများနဲ့မကြည့်ဘဲ မှန်ကန်တဲ့စိတ်ထားလေးနဲ့ ကြည့်မယ်ဆို စစ်ပွဲတွေ ၊ ပဋိပက္ခတွေ ဖြစ်လာမှာမဟုတ်ပါဘူး။
ချစ်သူတွေ၊ ဇနီးမောင်နှံဆက်ဆံရေးမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကိစ္စသေးသေးလေးကအစ လိမ်နေမယ်ဆိုရင် ဒီအိမ်ထောင်တစ်ခုက ဆက်တည်မြဲဖို့ခက်ခဲပါတယ်။ ယုံကြည်မှုဆိုတာ ခဏအတွင်းတည်ဆောက်လို့မရနိုင်လို့ပါ။
❝လူအရိုး သုဿန်သာရှိ❞ ဆိုတဲ့စကားကို လူကြီးတွေပြောနေတာကြားဖူးမှာပါ။ ထိုကဲ့သို့ပဲ ရိုးသားဖြောင့်မတ်တဲ့သူဆိုတာ လူ့လောကမှာ မရှိဘူးလို့ ပြောတာပါ။ ရှိပေမယ့်ရှားပါတယ်။ ထိုသို့ပြောတာလည်း လူတွေပဲ။ ထိုသို့ဖြစ်အောင်လုပ်တာလည်း ထိုလူတွေပါပဲ။
လူတစ်ယောက်က အများရှေ့မှာ ကိုယ့်အကြောင်းကို အမွှမ်းတင်တာတွေ၊ ရိုးသားကြောင်းတွေ ဘယ်လောက်ပြောပြော ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့စိတ်ထား၊ အကျင့်ကို ကိုယ်တိုင်အသိဆုံးပါ။ အဲ့ဒီလို စပရင်မျက်နှာလိုလူတွေရှိနေတာကြောင့် လောကကြီးမှာ ရိုးသားတဲ့သူတွေ နည်းတာပါ။ ဒါဟာလည်း လူအချင်းချင်း လှည့်ပတ်ပြောဆိုခြင်းပါပဲ။
လှည့်ပတ်ပြောဆိုတာ မကောင်းဘူးဆိုတာကို သိသင့်နေပါပြီ။ ဒီလို လိမ်လည်မှုတွေကိုသာ လူတစ်ယောက်ချင်းစီက ပြင်ကြမယ်ဆိုရင် ကျွန်မတို့ကမ္ဘာကြီးက အချစ်တွေနဲ့ ပြည့်နေပါလိမ့်မယ်။ ကိုယ်ချင်းစာတရားထားတတ်တဲ့နှလုံးသား၊ ဖြူစင်တဲ့စိတ်ထားလေးတွေနဲ့သာ ကျင့်ကြံနေထိုင်ကြမယ်ဆိုရင် ကျွန်မတို့ ဖြစ်ပျက်နေတဲ့ ဒုက္ခတွေရှိလာမှာ မဟုတ်ပါဘူး။
စိတ်ထားလေးဖြူစင်အောင်ထားတာဟာ ကိုယ့်အတွက်ပါပဲ။ ကိုယ့်ရဲ့စိတ်ဟာ အေးချမ်းနေရင် ရုပ်အသွင်ဟာလည်း အေးချမ်းနေပါလိမ့်မယ်။ စကားအပြောအဆိုများလည်း ယဉ်ကျေးလာပါလိမ့်မယ်။လူချစ်လူခင်လည်းပေါများလာပါလိမ့်မယ်။
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေရှင်။
စာရေးသူ-လရောင်ချို
15.9.2024(Sunday)
Keep Reading