Maru
ကျွန်မတို့ရဲ့ငယ်ဘဝကအမှတ်တရပုံရိပ်တွေထဲ ထိပ်ဆုံးထဲမှာ ကျောင်းတော်ကြီးထဲကကျောင်းသားဘဝကတော့မပါမဖြစ်ပါဘဲ။လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ် COVID တွေမဖြစ်သေးခင်ကာလက ကျွန်မ သတ္တမတန်းကျောင်းသူဘဝလေးပေါ့။ "ဆရာမ၏ဆုံးမစကားတစ်ခွန်း" ဆောင်းပါးမှာ စာဖတ်သူလေးတို့ ကျွန်မရဲ့အတန်းအကြောင်းကို အနည်းငယ်တီးခေါက်မိနေလောက်ကြပါပြီ။
ကျွန်မတို့သူငယ်ချင်းတွေဟာ ငယ်သူချင်းတွေပီပီ အချင်းချင်းဟန်ဆောင်မှုကင်းရှင်းလှပါတယ်။အတန်းက A ခန်း Bခန်းဆိုပြီး ၂ခန်းရှိပါတယ်။ကျွန်မတို့ သူငယ်ချင်းအုပ်စုကတော့ Aခန်းမှာပါ။ လူဦးရေကတော့ ၄၀ကျော်ရှိပါတယ်။ကျွန်မရဲ့အတန်းက လူမိုက်ကြီးများပေါများရာနဲ့ စော်ကြည်ဘဲများစုဝေးရာနေရာလေးပေါ့။
ကျွန်မရဲ့အသင်းကတော့ အလောင်းဘုရား(အနီသင်း)လေးပါ။သူငယ်ချင်းအခြင်းခြင်း မုန့်တွေလည်းဝယ်ကျွေးကြပါတယ်။ ဒါပေမယ့် မှတ်မှတ်ရရ ကျွန်မဘက်ကနေပြီးတော့ သူငယ်ချင်းတစ်ယောက်ထဲကိုသာ မုန့် ၁၀၀ဖိုးဝယ်ကျွေးဖူးပါတယ်။ အဲတုန်းက ပန်းသီးသေးသေးလေးတွေက တစ်လုံး ၁၀၀ပါ။နီရဲပြီး ချိုချိုလေးစားလို့ကောင်းပါတယ်။ မုန့်တူတူသွားဝယ်စားတဲ့ချိန်သူ့ကိုပန်းသီးတစ်လုံးဝယ်ကျွေးခဲ့ခြင်းပါပဲ။
ဆရာမတွေထဲမှာ မြန်မာဆရာမလေးကတော့ စာသင်အကောင်းဆုံးပါပဲ။ ဆရာမကို ချစ်၊ကြောက်၊ရိုသေ အင်္ဂါရပ် ၃ရပ်နဲ့အညီ ချစ်ခင်ကြပါတယ်။ ဆရာမက စာကျက်ဖို့အိမ်စာပေးတတ်ပြီး အတန်းချိန်ကြ အလွတ်ဆိုခိုင်းပါတယ်။စာရတဲ့သူတွေကို ပေးကစားပြီး မရတဲ့သူတွေကို စာဆက်ကျက်ခိုင်းပါတယ်။ ဆရာမကကျက်စာပေးတိုင်း ကျွန်မတို့သူငယ်ချင်းတွေဟာ ကျောင်းမှာပဲအတူတူ အသံပြဲများနဲ့ စာအော်ကျက်ကြပါတယ်။ ဒါကြောင့် ကျောင်းတွင်ပဲစာကရပြီးသား ဖြစ်နေလျက်ပါ။
ကျွန်မတို့ဆရာမဆီ စာဆိုပြီးတာနဲ့ အတန်းအနောက်ဘက်မာ ကစားကြပါတယ်။ စာမရတဲ့သူတွေကတော့ ကျွန်မတို့ကစားတာကို ငေးမောလျက် စာကျက်ကြရပါတယ်။ ကျွန်မတို့အများဆုံးကစားဖြစ်တဲ့ ကစားနည်းကတော့ ဥဖမ်းခြင်း(ဘောလုံးပစ်ကစားနည်း)၊ အတွဲလိုက်ခြင်း၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်ကစား နည်းတွေကိုအများဆုံးကစားကြပါတယ်။
ဒါပေမယ့် ညနေကာယချိန် ဆရာ မဝင်လို့ ကစားရင် English ဆရာမက မြက်ခေါ်နှုတ်ခိုင်းတတ်ပါတယ်။အဲ့အခါကြ ကျွန်မရဲ့ ပုံပြင်ပြောပွဲကြီး စတင်ပါတော့တယ်။မြက်တူတူနှုတ်ကြရင်း ကျွန်မက ဖတ်ထားတဲ့စာအုပ်တွေထဲကပုံပြင်တွေပြောပြ သူတို့က နားထောင်ကြပါတယ်။ တခါတလေ ပူးပူးကပ်ကပ် မြက်နှုတ်ရင်း ပြောပြနေရင်
ဆရာမက "ဟေ့ ဟိုအစု ဘာအတင်းတွေတုတ်နေကြတာလဲ" လို့မေးမြန်းတတ်ပါသေးတယ်။
နေ့လယ်ခင်းတွေဆို ထမင်းတူတူစုစားကြပါတယ်။ ကိုယ့်ဟင်းသူစား သူ့ဟင်းကိုယ်စား အတူတူပါပဲ။ အိမ်ပြန်ထမင်းစားတဲ့သူတွေ ပြန်ရောက်ရင် စတင်ကစားကြပါတယ်။ အဲတုန်းက တီဗီမှာ လွှင့်တဲ့ အစီစဉ်တွေဖြစ်တဲ့ Myanmar Idol(အဆိုပြိုင်ပွဲ)၊ Running Man(ကိုရီယားပြိုင်ပွဲ)တွေလိုအတုယူ ကစားကြပါတယ်။ အဲ့ဒီတုန်းကကျွန်မက ပြိုင်ပွဲဝင်အဆိုသမားလေးဖြစ်ပြီး သူငယ်ချင်းဖြစ်သူက ဒိုင် ကျန်သူတွေက ပရိတ်သတ်လေးတွေပေါ့ရှင်။ ဒါ့အပြင် စက္ကူလေးတွေ ဖွက်ပြီးတော့ ကစားကြပါတယ်။တစ်ကျောင်းလုံးမှာ ကစားအမက်ဆုံးအတန်းကိုပြပါဆိုရင် ကျွန်မတို့အတန်းကိုလက်ညှိးထိုးပြရမာအမှန်ပါပဲ။
ကျွန်မအတန်းက ယောကျာ်းလေးသူငယ်ချင်းတွေကတော့ ဖိုက်တာကြီးတွေပါပဲ။သူတို့အဆူ ခံရဆုံးပါပဲ။သူတို့ကအခြားသူတွေနဲ့ဖိုက်တာကြီး ဖြစ်ပေမယ့် ကျွန်မတို့ရဲ့ အနိုင်ကျင့်ခံလေးပါပဲ။ သူတို့မှာချစ်စဖွယ်အပြုအမူလေးတစ်ခုရှိပါတယ်။ ကျွန်မတစ်ခါက Bခန်းက လူတစ်ယောက်နဲ့ရန်ဖြစ်တာ သူတို့ကိုပြောပြတော့ ကျွန်မကိုဆွဲခေါ်သွားပြီး Bခန်းရှေ့ အဖွဲ့လိုက်သွားဖြဲခြင်းပါပဲ။ ဒီလို ကျွန်မတို့အတန်းက ရန်ဖြစ်ရင် သူတို့ကနောက်ရန်မစရဲအောင် အမြဲကာကွယ်ပေးတတ်ပါတယ်။သူတို့ကဖိုက်တာကြီးတွေဖြစ်ပေမယ့်လည်း အခြားတန်းကကောင်မလေးတွေရဲ့ crush ခြင်းခံရသောလူသားလေးတွေပေါ့ရှင်။
တခါတလေ ဆရာ/ဆရာမ တွေအစည်းဝေးထိုင်နေရတဲ့အချိန်ဆို ကျွန်မတို့ အတန်းမှ အဖွဲ့များက သူငယ်တန်းကနေ ၄တန်းထိကို ဆရာမတွေမလာခင်အထိ ကလေးတွေကိုထိန်းပေးတတ်ကြပါသေးတယ်။ကျွန်မနဲ့ သူငယ်ချင်းဖြစ်သူက တတိယတန်းကိုဝင်နေကြပါ။ အဲ့လိုအချိန်မှာ ကလေးလေးတွေပြောတတ်ကြပါတယ်။ အဲ့ကလေးလေးတွေ ပြောတဲ့စကားကို ကျွန်မခုထိမမေ့မလျော့ဘဲ အမှတ်ရသတိရဆဲပါပဲ။အဲ့စကားလေးကတော့
"မမကချစ်စရာလေး ကိုကိုရီးက မမလောက်လည်းချစ်ဖို့မကောင်းဘူး"ဆိုတဲ့စကားလေးပါပဲရှင်။ဒီလိုနဲ့ တတိယတန်းက ကလေးလေးတွေနဲ့ နေ့လယ်ပိုင်းဘောလုံးတူတူကန်တာတွေ ပြေးခြင်းလိုက်ခြင်းကစားတာတွေ တူတူပုန်းတမ်းကစားတာတွေပါ ကလေးတွေနဲ့ ဆော့ဖြစ်ခဲ့တယ်။
ကရင်ပြည်နယ်ဘားအံဘောလုံးအသင်းက တိုင်းဒေသကြီးတို့ ဘောလုံးကစားပွဲတို့မှာ ဘောလုံးကန်လို့အနိုင်ရရှိရင် ကျွန်မတို့ကျောင်းသားကျောင်းတွေက နှင်းဆီပန်းလေးတွေနဲ့ ထွက်ကြိုဂုဏ်ပြုတတ်ကြသေးတယ်။ အများအားဖြင့် သင်္ချာချိန်မှာ အတန်းရပ်ပြီး ကြိုဆိုရတာများတဲ့အတွက် ကျွန်မတို့ပိုပျော်ရွှင်တတ်ကြပါသေးတယ်။
ကျွန်မရဲ့ကျောင်းကတော့ ကရင်ပြည်နယ် ဘားအံမြို့မှာရှိတဲ့ အ.ထ.က(ခွဲ)၃အထက်တန်းကျောင်းလေးပဲဖြစ်ပါတယ်ရှင်။ကျွန်မရဲ့ ဇာတိချက်မြှပ်ရာဒေသလေးလည်း ဖြစ်ပါတယ်။ကျွန်မရဲ့ နာမည်ရင်းလေးကတော့ "မော်မော်ခိုင်" ပဲဖြစ်ပါတယ်။
ဒီလိုနဲ့ နောက်ဆုံးစာမေးပွဲဖြေကြတော့ အတန်းတွေရောပြီးလှည့်ဖြေကြရပါတယ်။ဖြေကြရင်း သူငယ်ချင်းက စာပြပါလို့တောင်းလို့ပြခဲ့ရသေးတယ်။ ကျွန်မသိပ္ပံမေးခွန်းတစ်ခုမှာ စဉ်းစားနေတာမြင်တော့ သူကအဖြေကိုတန်းပြောပြလို့ ထည့်ဖြေလိုက်ရပါသေးတယ်။ဒီလိုနဲ့နှုတ်ဆက်ပွဲတွေလုပ်ကြပြီး အော်တိုရေးကြထိုးကြနဲ့ခွဲခွာခဲ့ကြပါတယ်။
အဲဒီချိန်မှာမသိခဲ့တာက နောက်တခါပြန်မဆုံတော့ဘူးဆိုတာကိုပေါ့။ကျွန်မကလည်း မြို့ပြောင်းခဲ့တယ်။ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်အားလုံးမရတော့တဲ့ထိပေါ့။ တကယ်လို့ ပြန်ဆုံခွင့်ရမယ်ဆိုရင်တော့ အားလုံးနဲ့ပြန်ဆုံခွင့်ရချင်ပါသေးတယ်။
သတိရလွမ်းဆွတ်ခြင်းများစွာဖြင့်....
သာယာသောနေ့လေးဖြစ်ပါစေရှင်❤️
စာဖတ်သူလေးများအားအစဥ်လေးစားကျေးဇူးတင်လျက်...
ဆရာမ၏ဆုံးမစကားတစ်ခွန်း
https://www.sarphat.com/articles/20329
September.19.2024.Thurs(21:2)
Maru(မာရု)
Keep Reading