Kyaw Soe Win
# အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်
လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )
မြန်မာ ရော့ကင်ရိုးလ် ဂီတ ( လူတွေမှားခေါ်ရင်း တွင်နေ သောအမည်က စတီရီယို ဂီတ ) စပေါ်လာတဲ့အခါ လူငယ်တွေအထူးသဘောကျအားပေးလို့ ရော့ကင်ရိုးလ် ဂီတ နယ်ပယ်ထဲ ဝင်လာသူအနုပညာရှင်တွေလည်း အထူးများခဲ့ပါတယ်။ အခုခေတ်မှာဒီလို လူစုလူဝေးနဲ့လက်ခံပြီးလှုပ်ရှားမှုဖြစ်တာကို trends ဖြစ်သွားပြီလို့ တွင် တွင်ကျယ်ကျယ်သုံးပါတယ်။
ဆံပင်ရှည်မယ် ၊ ဂစ်တာတီးမယ် ၊ လူငယ်ကြိုက် အထာနဲ့ပြောသော ဝေါဟာရတွေ စကားပြောရင်သုံးကြပါတယ်။ " ဇေပါတယ် " " မကြည်ဘူး " " ခေါက်ထားစမ်းပါ " " လိမ့်ကြမယ် " " စော်သွားရှိတ်မယ် " စသဖြင့် အများကြီးပါပဲ။ ပလေးဘွိုင်သန်းနိုင် ၊ စိုးပိုင် ၊ ဝေမိုး ၊ စိန်သစ် ၊ မင်းမင်းလတ် ၊ ဘိုဘိုဟန် စသူတွေရဲ့ သူတို့သီချင်းတွေထဲမှာ လူငယ်တွေကြိုက်တဲ့ ဝေါဟာရ တွေ ( အရပ်သုံးကတော့ လမ်းသရဲ ဝေါဟာရတွေ ) ပါနေတာတွေ့ရပါတယ်။ ဂစ်တာတွေ ၊ ဒရမ်ဆက်တွေ နဲ့ သီချင်းဆိုရင် ဒီလိုလုပ်ကြမယ်လို့ ခံယူထားကြတာကိုး ။ ဒါဟာ ပလေးဘွိုင်သန်းနိုင်တို့ မင်းမင်းလတ်တို့ရဲ့ trends ပဲပြောရပါမယ်။
တက္ကသိုလ် အေးမောင် ၊ ဂျင်မီဂျက် ၊ သိန်းတန်မြန်မာပြည် နဲ့ စိန်လွင်တို့သီချင်းတွေက သန်းနိုင် ၊ မင်းမင်းလတ်တို့ထက် စာသားချိုသာပြေပြစ်နေသလား တွေးမိတယ်။
အဆိုတော် လွှမ်းမိုး သီချင်းတချို့ကိုတော့ သူ့ရှေ့ကရှိခဲ့တဲ့ မြန်မာပြည်သိန်းတန်ရဲ့ Trends လို့ပြောရမှာပါ။ နောက်ပိုင်း လွှမ်းမိုး က သူ့ကိုယ်ပိုင်ဟန် " မိုးစက်တင်လေ " " ရင်တွင်းမေ " " အချစ်ရှုံးသမား ဒဿဂီရိ " " ကြယ်ကြွေညတိုင်း ဆုတောင်း ? " တို့နဲ့ လွှမ်းမိုးဟန် ဖြစ်သွားပါတယ်။ ဒီလို ကိုယ်ပိုင်ဟန်ရှိသွားပြန်တော့ အခုနောက်ပိုင်း ၅ နှစ် ၆ နှစ်လောက်အတွင်း လျှမ်းလျှမ်းတောက်လာသူ " မနော " ကို လွှမ်းမိုး Trends ထဲ ကျွန်တော်က ထည့်ချင်တာပါ။
ဂစ်တာ နဲ့ ဒရမ်နဲ့ ၊ အော်ဂင် ဆင်သီဆိုက်ဇာ နဲ့ လမ်းသူရဲ ဂီတအပြောခံရတဲ့နယ်ထဲကို ရှေးဂန္ထဝင် သီချင်းကြီးများထဲက စာသား တေးသွားတချို့ ယူလာပြီး ဂစ်တာနဲ့ တီးခတ်ကာ ပရိသတ်များစွာကို သိမ်းပိုက်ခဲ့တဲ့ " မင်းသားလေးလို လွမ်းပြမယ်" ကိုမင်းအောင် ကလည်း ရော့ကင်ရိုးလ်ဂီတ မဟုတ်ဘဲ သီးခြားသူ့မူ သူ့လိုင်းနဲ့ Trends ဖြစ်ခဲ့ပါတယ်။ အဆိုတော် အနိုင် ၊ အောင်သူ ၊ ပိုင်သက်ကျော် ၊ ဗညားဟန်၊ မင်းဂျွန်စိုး တို့ဟာ ကိုမင်းအောင်ရဲ့ ဂီတ လမ်းကြောင်းနောက် လိုက်ပါလာကြသူတွေပါ။
အဆိုတော် အောင်သူ ရဲ့ သီချင်း - -
" အမှတ်တရ ရင်ထဲရှိတဲ့ သူနဲ့ဆုံတွေ့ခဲ့ရာ
တမာနံ့လေး သင်းသင်းမွှေးတဲ့
အညာမြေကို ပြန်သတိရနေတယ်
ဆည်းဆာ နေညိုချိန်မှာ ဧရာဝတီ မြစ်ကမ်းနံဘေးက ရွှေသောင်ယံ ကမ်းရဲ့ တစ်ဘက်မှာ
မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ
မေ့မရနိုင်ပါသည်
အခွင့်ရယ် သာတဲ့တစ်နေ့မှာ အရောက်တော့လာခဲ့ဦးမည် ရွှေညာသူရယ်
ကိုယ်လာရင် ကြိုမှာလားလို့အတည် ~ "
ဆိုရင် တမာပင်တွေအရိပ်အောက်က ပရိသတ်တွေ မကြိုက်စရာမှ မရှိဘဲကိုး ။ တေးသွားရော တေးစာသားရော က လှပနေတာမဟုတ်ပါလား။ နာမည်ကျော် ပိုးအိစံက ဒီသီချင်းကို ပြန်ဆိုပြန်တော့လည်း ပိုးအိစံ အသံက သိပ်လှလို့ တစ်မျိုးသာယာ လှပတာကိုလည်း တွေ့ရပါတယ်။ ဒါတွေအားလုံးဟာ ကိုမင်းအောင် ဖောက်ခဲ့တဲ့ဂီတလမ်းပေါ့။
၁၉၉၅ လောက်မှာ မြန်မာရော့ကင်ရိုးလ်ထဲကို အော်တာနေးတစ် Alternative ဂီတအမျိုးအစား အသံတွေကြားလာရပါပြီ။ အော်တာနေးတစ် ဂီတက ဘာလဲ။ ရှိနေတဲ့ ရော့ခ် ၊ ဟဲဗီးမက်တယ် ၊ folk ကျေးလက် ၊ ပေါ့ပ် စတဲ့ဂီတအမျိုးအစားတွေဟာ တစ်မျိုးစီအကန့်အသတ် ရှိတဲ့ ဂီတပုံသဏ္ဌာန်တွေဖြစ်ပါတယ်။ ဂီတပုံသဏ္ဌာန် ဂီတအမျိုးအစားတစ်ခုခုအပေါ် ထိန်းချုပ်နေမှုကို ဖောက်ထွက်လိုက်တဲ့ လွတ်လပ်ဂီတ အမျိုးအစားတစ်ခုဟာ အော်တာနေးတစ်ပါပဲ ။
ပရွက်ဆိတ်ကလေးများရဲ့ ရောင်စုံချောကလက် ၊ ဒိုးလုံး ၊ အယ်နောင်း စသူတွေဟာ အော်တာနေးတစ် လို့ခေါ်တဲ့ " အစဉ်အလာ ဂီတဟန် " မှ ဖောက်ထွက်သော လွပ်လပ်ခြင်းသီချင်းတွေ သီဆိုကြသူတွေပေါ့။ အော်တာနေးတစ် ဂီတ Trends ပေါ်လာတော့လည်း နှစ်သက်ကြသူ ၊ ဒီလမ်း ကြောင်းအတိုင်း လိုက်လျှောက်ကြသူတွေ ရှိတာပါပဲ။
အခုရောက်သလောက် ခဏရပ်ပြောရရင် သီချင်းနားထောင်သူ ပရိသတ်ဟာ သူနားထောင်တဲ့သီချင်းကို သူခံစားကြိုက်နှစ်သက်ဖို့သာ အဓိကပါ။ ပရိသတ်က ဂီတ ကို သရုပ်ခွဲ အမည်တပ် ခေါ်တတ်စရာ မလိုပါဘူး ။ သီချင်း နဲ့ ဂီတ ဟာလည်း ကောင်းဖို့ အနုပညာပြည့်ဝ ဖို့သာ လိုတာပါ။ ဘယ်အမျိုးအစားခွဲခြားသတ်မှတ်မှု စည်းထဲကို အတိအကျ ဝင်ဖို့တာဝန်မရှိပါဘူး။ တစ်နည်းအားဖြင့် ဂီတအမျိုးအစား သတ်မှတ်မှု ဘောင်ထဲမှာပဲ သီချင်းက ဘာမှမဖောက်ထွက်ဘဲ ကောင်းနေရင်လည်း ဖြစ်တာပါပဲခင်ဗျာ။ အတွေးရှင်းကြစေဖို့ပါ။
Keep Reading