မောရိသျှ
ကျွန်တော်ဆို ကိုယ့်ကိုယ်ကိုယ် “လုပ်စရာရှိတာ အခုပဲလုပ်လိုက်နော် နက်ဖြန်အထိ အချိန်မရွေ့လိုက်နဲ့” ဆိုပြီးတော့ အမြဲတမ်း အသိပေးရတယ်။ အချိန်ဆွဲတဲ့ အကျင့်ဆိုးကြီး ရှိနေတော့ လုပ်စရာရှိရင် ချက်ချင်း မလုပ်ဖြစ်ဘဲ အချိန်ရွေ့မိတာများတယ်။ မလုပ်ဖြစ်တာမပြောနဲ့ အချိန်ရွေ့တတ်တာတောင် အကျင့်လို ဖြစ်နေပြီ။ ပြီးခဲ့တဲ့ သုံးနှစ်တုန်းကဆိုရင် ပိုဆိုးသေးတယ်။ အခုကမှ တော်သေးတယ်။
အရင်တုန်းကဆို ကျွန်တော် အတော်လေးကို ပျင်းတာ။ အဓိက ပဓာန မခွဲဘူး။ စိတ်ပါမှ လုပ်မယ်ဆိုတဲ့ စိတ်နဲ့ စိတ်ရှိတိုင်း အကျင့်ပျက်တာမှ ဟိုဘက်တောင် လွန်သေးတယ်။ ဒါပေမဲ့ ကြာလာတော့ ပျင်းရမှာကို ပျင်းလာပြီး ပျင်းရဲ့ အပြစ်ကို မြင်လာတယ်ဗျ။
လုပ်စရာရှိတာတွေ မလုပ်ဘဲ အချိန်ဆွဲဖန်များလာတော့ မပြီးပြတ်တဲ့ အလုပ်ကြွေးတွေကြောင့် မပျော်နိုင်တော့ဘူး။ စိတ်ဖိအားများလာတယ်။ လုပ်စရာတွေ များလွန်းတော့ လူလည်း ဂါသွားတယ်။ လုပ်ရမယ့် အလုပ် ပြီးအောင် လုပ်ပြီးပေမယ့်လည်း အလုပ်ဖိအားတွေရဲ့ အငွေ့အသက်တွေက မကုန်သေးတော့ မပျော်နိုင်ဘူး။ အမြဲလိုလို စိတ်ပင်ပန်းခဲ့ရတယ်။ နောက်မှ တဖြည်းဖြည်းချင်း ကိုယ့်ဘဝဖြစ်စဉ်ကို ပြန်သင်္ခန်းစာယူနိုင်တော့မှ အချိန်ဆွဲတဲ့ အကျင့်ဆိုးကြီးကို ကုစားနိုင်ခဲ့တယ်။
ကျွန်တော့်ရဲ့ ကုစားနည်းတွေက ရိုးရှင်းပါတယ်။ ခက်ခက်ခဲခဲကြီး မဟုတ်တော့ အထင်သေးချင်စရာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ထိရောက်တာကို ကျွန်တော် အာမခံတယ်ဗျ။
ပုံမှန်လေး နေတာထက် ပျင်းနေရင် စိတ်ပိုပင်ပန်းတယ်ဗျ။ အတွေးပိုများတော့ ကိုယ့်အတွေးနဲ့ကိုယ် အားမလို အားမရတွေဖြစ်ပြီး သိမ်ငယ်စိတ်တွေ၊ ပူပန်စိတ်တွေ၊ သောကတွေ ပိုများရတယ်။ စိတ်ကျန်းမာရေး မကောင်းနေရင် ဘာပဲလုပ်လုပ် လုပ်တဲ့အလုပ်မှာ အာရုံအပြည့်မထည့်နိုင်တော့ ပိုဆိုးပါလေရော။ ဒါကြောင့် စိတ်ကျန်းမာရေးအတွက် စိတ်အာဟာရဖြည့်စွက်စာအဖြစ် တပဓမ္မ (Stoicism) စာအုပ်တွေ ဖတ်ဖြစ်တယ်၊ လက်တွေ့အသုံးကျဝါဒ (Pragmatism) စာအုပ်တွေကို လေ့လာဖြစ်တယ်။ တရားထိုင်တယ်။ ကမ္မဋ္ဌာန်းကျင့်တယ်။ စိတ်လေ့ကျင့်ခန်းလေးတွေ မကြာမကြာ လုပ်တယ်။ အလကားနေ ကိုယ့်ရဲ့ စိတ်အကြည်ဓာတ် ပျက်နိုင်တာတွေရဲ့ အနှောက်အယှက်တွေကနေ ကင်းအောင် နေတယ်။ အတတ်နိုင်ဆုံး ပျင်းနေခဲ့ရင်တောင် လိုတာထက် ပိုမတွေးမိအောင် ဂရုစိုက်ဖြစ်တယ်။ ကိုယ့်စိတ်ကို ဂရုစိုက်တာ အကျင့်ဖြစ်လာတော့လည်း ကြာလာတော့ စိတ်ကျန်းမာရေးကောင်းတယ်လို့ ပြောရမလိုဘဲ-တော်ရုံစိတ်အာရုံထွေပြားသွားတာမျိုး မရှိတော့ဘူး။ ဘာလုပ်လုပ် လုပ်ချင်စိတ်ပေါက်လာအောင် အတင်းလုပ်ယူနေစရာမလိုတော့ဘဲ ဖြစ်သွားတယ်။ ဘာကြီးပဲဖြစ်နေဖြစ်နေ ကိုယ့်စိတ်ကသာ အဓိကပါဗျာ။
ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့နေ့က ကျွန်တော့်အတွက် အားမရှိတဲ့နေ့ပဲ။ စိတ်မကြည်ဘူး။ စားချင်စိတ် သောက်ချင်စိတ်တွေပါပျောက်တယ်။ အမောမခံနိုင်သလို ခံစားရတယ်။ အသက်ရှုမဝဘူး။ ဘာပဲလုပ်လုပ် လုပ်ရတာ အားမရဘူး။ အထူးသဖြင့် ခေါင်းမကြည်တာပဲ။ ခေါင်းကြီး နောက်နေသလို ခံစားရတယ်။ အချိန်ဆွဲတဲ့အကျင့်ကို စဖျောက်ကတည်းက ကိုယ်လက်လေ့ကျင့်ခန်းတွေ တောက်လျှောက်လိုလို လုပ်လာခဲ့တာဆိုတော့ လေ့ကျင့်ခန်း မလုပ်ဖြစ်တဲ့နေ့က စိတ်ညစ်ရတဲ့နေ့ပဲ။ ဒါကြောင့် နေ့စဉ်မပြတ် ကိုယ်ခန္ဓာသန်စွမ်းရေး အမြဲဂရုစိုက်တယ်။
စာကိုတော့ မဖတ်မနေ ဖတ်ဖြစ်အောင် ဖတ်တယ်။ မနက်စာစားချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် မဖတ်ဖြစ်ရင်၊ ညအိပ်ခါနီး သတ်မှတ်ထားတဲ့ စာမျက်နှာ ပြည့်အောင် ဖတ်တယ်။ (စာအုပ်အလိုက် စာမျက်နှာသတ်မှတ်ပြီးဖတ်တဲ့အကျင့် မွေးထားလိုက်တယ်။) ပြီးရင် တနေ့တာ ကြုံခဲ့ရသမျှ ဘဝအတွေ့အကြုံတွေကို အနှစ်ချုပ်ပြီး နေ့စဉ်မှတ်တမ်းရေးတယ်။ အများအားဖြင့် ညအိပ်ယာဝင်ချိန်မှာ ရေးဖြစ်တယ်။ ညပိုင်း မရေးဖြစ်နိုင်လောက်ဘူးဆိုရင် ညနေကတည်းက ကြိုပြီး ရေးထားလိုက်တယ်။ လိုင်းပေါ်က သတင်းတွေ လိုက်ဖတ်တယ်။ တွေ့ကရာ သတင်းတိုင်း လိုက်မမှတ်ဘူး။ သေချာ ရောရာပြီး ယုံကြည်လို့ ရနိုင်တဲ့ အရင်းအမြစ်တွေက သတင်းအချက်အလက်တွေကိုပဲ မှတ်တယ်။ အလကားနေ ခေါင်းရှုပ်တော့ မခံဘူး။ မဖြစ်မနေ လုပ်ဖြစ်တာက မိသားစုဝင်တွေနဲ့ အချိန်ပေးတယ်။ လူတိုင်းနဲ့ စကားစမြည်ပြောဖြစ်အောင် ပြောတယ်။ ချစ်သူကို ပစ်မထားဘူး။ အချိန်နဲ့အချိန် အခြေအနေအလိုက် စကားပြောတယ်။ နှစ်ကိုယ်တချိန်ရအောင် လုပ်တယ်။ မနက်စာ၊ နေ့လည်စာ၊ ညနေခင်းစာ၊ ညစာ အစာစားချိန် သီးသန့်သတ်မှတ်ထားပြီး စားကောင်းသောက်ကောင်းကို ဝဝလင်လင် စားဖြစ်အောင် စားတယ်။ ပစ်စက်လက်ခတ် မနေဖြစ်ဘူး။ နေ့စဉ်တိုင်းကို ပျော်နိုင်အောင်ကြိုးစားတယ်။ ဒေါသမထွက်ဖြစ်အောင် ထိန်းပြီးနေတယ်။ လိုတာထက် ပိုပြီးမတွေးဖြစ်အောင် ကြိုးစားပြီးနေဖြစ်တယ်။
လုပ်စရာရှိတဲ့အလုပ်တွေကတော့ အများကြီးပေါ့။ ဒါပေမဲ့ အလုပ်တိုင်းကို ဗြောက်တောက်မလုပ်ဘူး။ အရေးကြီးတဲ့ အလုပ်ရှိရင် တာဝန်ခွဲပြီး အချိန်နဲ့အချိန် လုပ်တယ်။ ကျွန်တော်ဆို စာရေးတဲ့အလုပ်ကို ဦးစားပေးအလုပ်အဖြစ် သတ်မှတ်ထားတာကြောင့် စာရေးဖို့ သတ်မှတ်ထားတဲ့အချိန်မှာ ရေးဖြစ်အောင် ရေးတယ်။ အဲဒီလို ဦးစားပေးအလုပ်လုပ်နေချိန်ကို လုံးဝ အပဲ့မခံဘူး။ အနှောက်အယှက်လည်း အပြုမခံဘူး။ အထိမခံဘူး။ ကိုယ်တိုင်ကလည်း ဦးစားပေး အလုပ်ချိန်ကို လေးလေးစားစား လုပ်တယ်။ ကိုယ့်နည်းတူ လူတိုင်းလေးစားအောင်လည်း ကြိုးစားလုပ်တယ်။ ဒီနေ့အထိ ကျွန်တော့် ဦးစားပေးအချိန် ထိခိုက်တာမျိုး မရှိသေးဘူး။
“တကယ်ပဲ ထူးချွန်ပြောင်မြောက်တဲ့ စာရေးသူဖြစ်ချင်လား အဲတာဆိုရင် မင်းကိုမင်း လူတွေသိအောင် အရင်လုပ်ဦးမှပေါ့၊ ထူးချွန်ပေမဲ့ လူမသိလို့ကတော့ ထူးနေလို့ ဘာထူးမှာလဲ” ဆိုပြီး ကျွန်တော့် ဆရာတယောက်က ပြောဖူးတယ်။ အဲတာကြောင့် ကျွန်တော် ကျွန်တော့်ကိုယ် ကျွန်တော် မနေ့ကထက် ပိုပြီးထူးတဲ့သူ တော်တဲ့သူဖြစ်အောင် လေ့လာသင့်တာတွေကို အဆက်မပြတ်လေ့လာတယ်။ ပတ်ဝန်းကျင်နယ်ပယ်တွေနဲ့ အချိတ်အဆက်မပြတ်အောင် အထူးဂရုစိုက်ပြီး Connection ကို အမြဲ Refresh လုပ်ဖြစ်တယ်။ လိုင်းပေါ်က ဆရာတွေနဲ့ နေ့တိုင်း တခုမဟုတ် တခု ပြောဖြစ်အောင် ပြောတယ်။ ဆောင်းပါးတိုလေးတွေနဲ့ ပို့စ်အမြဲတင်ဖြစ်တယ်။ အမြဲ Active ဖြစ်နေကြောင့် လူတွေသိအောင် လုပ်တယ်။ ပိုထူးပိုချွန်အောင် လေ့လာစရာအကြောင်းအရာသစ်တွေကို မပျင်းမရိ အချိန်ပေးပြီး သင်ယူလေ့ကျင့်ဖြစ်တယ်။ ကြာလာတော့ အကျင့်ဖြစ်နေပြီ။ အခုထက်ထိတော့ ဒီအကျင့် မပျက်သေးပါဘူး။
ကျွန်တော်လုပ်သလိုမျိုး လိုက်လုပ်ကြည့်တာ အကျင့်ပြောင်းဖို့ ခက်နေသေးတယ်ဆိုရင်၊ ကျင့်သားမရသေးလို့ပါ။ စိတ်နည်းနည်း ရှည်ရှည်ထားပြီး ကြိုးစားကြည့်ပါ။ နည်းလမ်းတိုင်းက မှော်ဆန်ဆန် ချက်ချင်း အလုပ်ဖြစ်တာမျိုး ရှားပါတယ်။ နောက်တချက်က အကျိုးရှိတဲ့ အရာမှန်သမျှ အချိန်ယူပါတယ်။ အချိန်တခု ပေးဆပ်ပြီးမှ အသုံးကျမကျကို ဆုံးဖြတ်ပါ။
တခါလောက် လုပ်ဖူးရုံလောက်နဲ့ တသက်စာ အတွေ့အကြုံရသလိုမျိုး မခံယူမိပါစေနဲ့။ အောင်မြင်မှုနဲ့ ထူးချွန်ပြောင်မြောက်မှုမှာ ဖြတ်လမ်းမရှိပါဘူး။ တဲ့လမ်းကို တန်းတန်းကြီး လျှောက်သွားတတ်မှ ဖြစ်မြောက်နိုင်တာပါ။ ဒါကြောင့် လုပ်စရာရှိရင် လုပ်ချင်စိတ်မွေးနိုင်အောင် ကြိုးစားပြီး လုပ်ဖြစ်အောင် လုပ်လိုက်ပါ။ အခုထက် ပိုကောင်းတဲ့အချိန် မရှိပါဘူး။ အခုပဲလုပ်လိုက်ပါ နက်ဖြန်ဆိုတာ အလွန်ကြာပါတယ်။ အချိန်နှောင်းသွားပါလိမ့်မယ်။
#မောရိသျှ
Keep Reading