သုမိုး
" တစ်ခါတုန်းက ဆရာတစ်ယောက်ထံမှာ တပည့်နှစ်ယောက် ပညာလာသင်တယ်။တစ်ယောက်ကိုကျ အတတ်ပညာတွေ အများကြီး သင်ပေးတယ်။နောက်တစ်ယောက်ကျ တစ်ခုပဲ သင်ပေးတယ်။အချိန်စေ့တော့ နှစ်ယောက်လုံးကို သူ့နေရာသူ ပြန်လွှတ်လိုက်တယ်။တစ်ခုပဲတတ်တဲ့သူက တစ်ခုကိုပဲ ဇောက်ချလုပ်ပြီး ကြီးပွားသွားတယ်။ ကျန်တစ်ယောက်ကျတော့ တတ်တဲ့ပညာအကုန်လိုက်လုပ်နေတော့ မကြီးပွားနိုင်ဘူးဖြစ်နေတယ်။
အဲမှာ မကျေနပ်လို့ ဆရာကို လာပြောတယ်။သူ့ကျ ပညာအများကြီးတတ်ပြီး ဘာလို့မချမ်းသာတာလဲပေါ့။ဆရာက ဘာမှမပြောဘဲ ကွမ်းပင်သုံးပင် နီးနီးကပ်ကပ်ပေါက်နေတဲ့ နေရာနားခေါ်သွားတယ်။ပြီးတော့ ကွမ်းပင်တစ်ပင်ကို တက်ခိုင်းတယ်။ထိပ်ရောက်တော့ ပြန်ဆင်းလာခိုင်းလိုက်တယ်။ပြီးတော့ နောက်တစ်ခေါက်ပြန်တက်ခိုင်းတယ်။ဒီတစ်ခါ ရိုးရိုးမတက်ရဘူး။တစ်ပင်နဲ့တစ်ပင် ကူးကူးပြီးတက်ခိုင်းတယ်။ဒီတော့ အပေါ်ကိုမရောက်နိုင်ဘဲဖြစ်နေတယ်။
ဆရာကပြောတယ်။ကြီးပွားချင်ရင် ဟိုစပ်စပ်ဒီစပ်စပ်မလုပ်ရဘူး။တစ်ခုထဲကိုပဲ ဇောက်ချလုပ်ရမယ်။ဒါပေမယ့် ဟိုကောင်က ဒီတစ်ခုအဆင်မပြေရင် ဘုန်းဘုန်းလဲပြီ။တတ်နေတဲ့သူကျ ကွမ်းပင်တစ်ပင် အဆင်မပြေရင် အခြားတစ်ပင်ပြောင်းတက်ရသလိုပဲ။တစ်ခုအဆင်မပြေရင် နောက်တစ်ခုနဲ့ အဆင်ပြေအောင်လုပ်လို့ရတယ်တဲ့။
ဒါကြောင့် အတတ်ပညာဆိုတာမျိုးက တတ်ထားရင် အကောင်းဆုံးပဲ။အရင်ခေတ်က မင်းညီမင်းသားတွေမှာတောင် အဋ္ဌာရသ (၁၈) ရပ်ဆိုတာ တတ်ထားမှ မင်းမြှောက်လို့ရတာ။ဘာမှမတတ်တဲ့သူက ပုလ္လင်ပေါ်တက်ထိုင်နေလို့မရဘူး။"
"ခဏလေး..။အဲဒီအဋ္ဌာရသ (၁၈) ရပ်ထဲမှာ အတီးအမှုတ်ပညာပါတယ်မလား။ဘုရင်ဖြစ်ဖို့ အတီးအမှုတ်သင်ရတာတော့ မဟုတ်သေးဘူးနော်။တိုင်းပြည်အုပ်ချုပ်ဖို့က အတီးအမှုတ်ကဏ္ဍပါလို့လား။နေအုံး....သားဘယ်နားမှာဖတ်ဖူးတယ်မသိပြီ။ဘုရင်ကတဲ့ တိုင်းပြည်အုပ်ချုပ်ဖို့မတွေးဘဲ သီချင်းဆိုတာတို့၊ ပန်းပုထုတာတို့ လုပ်နေမရဘူးတဲ့။ဣန္ဒြေမဲ့ရာလည်းရောက်တယ်။မိုက်မဲရာလည်းရောက်တယ်တဲ့။အဲတာဘယ်လိုလုပ်မယ်။လွဲနေသလို။"
"ငါပြောတာက အတတ်ပညာတိုင်း တတ်ထားသင့်တယ်။အဲဒီဘုရင်က နန်းမကျပြီလား။ဘုရင်မဟုတ်တော့တဲ့တစ်နေ့ ဝါသနာပါရင်လည်းဒီပညာနဲ့လုပ်ကိုင်စားသောက်လို့ရအောင်။ဒါမှမဟုတ်လည်း တခြားပညာတွေနဲ့ လုပ်ရအဆင်မပြေတဲ့အခါ ဒီပညာနဲ့ အဆက်ပြေရင် လုပ်လို့ရအောင်ပေါ့။တတ်နေတဲ့သူက ဘယ်တော့မှမမွဲဘူး။"
"ဒါဆို ပီမိုးနင်းက ဘာလို့ဆင်းရဲနေတာ။သူနေတဲ့တိုက်ခန်းရှေ့မှာတောင် အကြွေးလာတောင်းခံထိသေး။သူက အင်္ဂလိပ်စာဆိုလည်းကောင်းကောင်းတတ်တယ်။လက်တင်စာလည်းတတ်တယ်။နှုတ်မှုပညာတို့၊ ယုတ္တိပညာတို့လည်းတတ်တယ်။ဒီလောက်ပညာတွေတတ်တာတောင် ဘာလို့ဆင်းရဲနေတာ။"
"သူမသုံးလို့ပေါ့။ သူကစာရေးနေရင်ရပြီ၊ ကျန်တာဘာဖြစ်ဖြစ်ဆိုတဲ့ လူစားမျိုးလေ။အတတ်ပညာဆိုတာမျိုးက အသုံးမချရင်တောင် တတ်ထားသင့်တယ်။အသုံးလိုတဲ့တစ်နေ့ကျ ကိုယ်ကတတ်နေရင် မျက်နှာငယ်စရာမလိုဘူးပေါ့။ကိုယ်နဲ့မဆိုင်ရင်တောင် တတ်ထားသင့်တယ်။"
"ဒါတော့ သားလက်မခံဘူး။ကိုယ်နဲ့မဆိုင်ဘဲ သင်နေလို့ ဘာအကျိုးရမှာ။သားတို့လယ်သမားဆင်းရဲသားက ဟိုး...ကုမ္ပဏီစီမံခန့်ခွဲရေးပညာတွေ လိုက်လေ့လာနေလို့ ဘာမှမထူးဘူး။အတတ်ပညာဆိုတာမျိုးက တစ်နေ့တည်းသင်လို့ တတ်တာမှမဟုတ်။အချိန်တွေအများကြီး ပေးရတာ။အဲဒီအချိန်တွေမှာ ကိုယ်နဲ့မဆိုင်တဲ့ ပညာတွေကို လိုက်လေ့လာနေလို့ အကျိုးရှိမှာမဟုတ်ဘူး။အချိန်တွေဖြုန်းပစ်သလိုဖြစ်နေမှာပေါ့။မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ပေမယ့် အဲဒီအချိန်တွေမှာ ခုလက်တွေ့အသုံးချနိုင်မယ့်ဟာတွေကိုပဲ လေ့လာလိုက်မယ်ဆို ပိုမကောင်းဘူးလား။ပိုအဆင်မပြေဘူးလား။သားက အဲတာ ပြောချင်တာ။"
"ဘာဖြစ်ဖြစ် တတ်ထားရင်တော့ အကောင်းဆုံးပေါ့။လိုတဲ့အခါ သုံးလို့ရတာပေါ့။"
အဖေ့အသံပျော့သွားသည်ကို သတိပြုလိုက်မိသည်။အဖေ အိပ်ချင်နေလေပြီ။ ကျွန်တော်လည်း နှုတ်ဆက်၍ အလိုက်တသိ ထွက်လာခဲ့လိုက်တော့၏။
ဒီလိုနဲ့ သားအဖနှစ်ယောက် ဘာလိုလိုနှင့် သရေကျသွားလေတော့သတည်း။
သုမိုး🐻
Keep Reading