ဇွဲ
'' မာန '' ဟုပြောလိုက်လျှင် မိမိကိုယ်ကိုယ် အထင်ကြီးခြင်း၊ထောင်လွှားခြင်းနှင့် မောက်မာခြင်းသဘောတရားရှိသည်ဟူ၍ တွေးထင်မိကြလေသည်။မှန်၏။မာနသည် ထောင်လွှားခြင်း သဘောလက္ခဏာရှိ၏။ထို့ကြောင့်လည်း ဗုဒ္ဓဘာသာတွင် မာနသည် လူကိုကောင်းကျိုးမပေးတဲ့အတွက် မထားသင့်၊မထားအပ်သောအရာဟု ဆိုထားပေသည်။
သို့သော်.... ကျွန်တော်တို့ဟာ သာမာန်ပုထုဇဥ်လူသားများဖြစ်ပါတယ်။ထို့ကြောင့် မာနနှင့် ကင်းလွတ်ရန်မှာ မလွယ်ကူလှချေ။ကျွန်တော်တို့ ထိန်းချုပ်ကိုင်တွယ်နိုင်သည်မှာ ကျွန်ုပ်တို့တွင်ရှိသော မာနကို '' ထားသင့်သော မာန '' နှင့် '' မထားသင့်သော မာန '' ဟူ၍ ခွဲခြားထိန်းချုပ်နိုင်ရန်သာဖြစ်သည်။
မာနနှစ်မျိုးအကြောင်း မရှင်းပြခင် '' မာန် '' ဆိုသော စကားလုံး၏ အဓိပ္ပါယ်ကို ကျွန်ုပ်နားလည်ခံယူထားသလို ရှင်းပြလိုပါသည်။ မာနသည် ထောင်လွှားခြင်းသဘောတရားရှိသည်ဆိုလျှင် မာန်သည် တွန်းအားကိုဖြစ်စေသော သဘောတရားရှိသည်။အောင်မြင်ကြီးပွားလိုသူများအတွက် မာန်သည် မခံချင်စိတ်ကိုဖြစ်ပေါ်စေပြီး အောင်မြင်ကြီးပွားအောင်ကြိုးစားရန် တွန်းအားပေးလေသည်။
သို့ရာတွင် မာန်နှင့် ပေါင်းစပ်၍ မရသော အရာတစ်ခုရှိနေပါသည်။ထိုအရာမှာ မာန ဖြစ်သည်။
မာနနှင့်မာန် ပေါင်းစပ်လိုက်ပါက '' မာန်မာန '' တစ်နည်းအားဖြင့် '' လွဲမာန " ဟုခေါ်ဆိုအပ်သော မထားသင့် မထားအပ်သော မာနအမျိုးအစားဖြစ်သွားနိုင်ပါသည်။
မာန်မာနသည် မိမိကိုယ်ကို အထင်ကြီးထောင်လွှားချင်သောစိတ်၊သူတပါးကို အထင်သေးပြီး မတူဘူး၊မတန်ဘူးဟူသော မောက်မာချင်စိတ်နှင့် ကြမ်းတမ်းရိုင်းစိုင်းစွာဆက်ဆံလိုစိတ်များ ဖြစ်ပေါ်စေနိုင်ပါသည်။မာန်မာနထောင်လွှားသူများသည် လူတစ်ယောက်ကို အပေါ်ယံကြည့်၍ အဆင့်အတန်းခွဲခြားပြီး မောက်မာရိုင်းစိုင်းစွာဆက်ဆံတတ်ကြပါတယ်။ဒါကြောင့်လည်း '' မာနဆိုတာ ခွေးအမြှီးလိုပဲ၊ထောင်သာ ထောင်တာ အသုံးမတည့်ဘူး " ဟူ၍ မာနမကြီးမိကြစေရန် ပြောဆိုတားမြစ်ကြခြင်းဖြစ်ပေတယ်။
မှန်၏။မာနသည် မကောင်းပါ။မထားသင့် မထားအပ်ပါ။သို့ရာတွင် ထားသင့် ထားအပ်သော မာနလည်းရှိပေသည်။ပါချုပ်ဆရာတော်ကြီးက '' မာနဆိုတာ ထားသင့်တဲ့နေရာမှာ ထားရမယ်၊ဘယ်လိုမာနမျိုးကို ထားရမလဲဆိုတော့ မိမိဘဝအတွက် ကောင်းကျိုးဘက်ကို ဦးတည်စေတဲ့ မာနမျိုးဆို ထားရမယ် '' ဟု မိန့်ကြားဖူးလေသည်။
ထားသင့်သော မာနဟူသည်မှာ ငွေကြေး၊ဥစ္စာ၊ရာထူးများအတွက် မိမိသိက္ခာကို ငွေနှင့်ဘယ်တော့မှ မလဲဟူသော မာန၊မည်သို့သော အခက်အခဲများကြောင့်မှ မိမိကိုယ်ကျင့်တရားကို ပျက်ဆီးမခံနိုင်ဟူသော မာန၊နိမ့်ကျနေသောဘဝမှ အောင်မြင်ကြီးပွားသော ဘဝရောက်အောင် ကြိုးစားဆောင်ရွက်မည်ဟူသောမာန၊ကိုယ့်ကြောင့် တခြားသူများ ဒုက္ခရောက်ပျက်ဆီးစေနိုင်သော လုပ်ရပ်များကို မည်သို့သောအခါမျှမလုပ်ဟူသော မာန၊အချောင်ရယူခံစားလိုစိတ်မရှိသော မာန၊မှားနေလျှင် အမှန်ပြင်နိုင်သော မာန၊မိမိ၏ လက်တွဲဖော်ချစ်သူအပေါ်ထားအပ်သော သစ္စာတရားကို မည်သို့သောအချိန်အခါတွင်မျှ မဖောက်ဖျက်ဟူသောမာန စသည်ဖြင့် ထားသင့်ထားအပ်သောမာနများစွာရှိပေသည်။အနှစ်ချုပ်ဆိုရသော် ကိုယ့်ဘဝတိုးတတ်ရေးအတွက် အခြားသူများကို မထိခိုက်စေပဲ ကိုယ့်ကိုယ်ကိုယ်အတွက် ချမှတ်ထားသော ကိုယ့်ရဲ့ ကိုယ်ကျင့်တရား၊ရိုးသားမှု၊မှန်ကန်မှု၊ကြိုးစားမှု၊သစ္စာစောင့်သိမှုများအတွက် ချမှတ်ထားသော မာနများရှိရပေမည်။
မောက်မာထောင်လွှားချင်စိတ်ကြောင့် နေရာတကာတွင် မာနထားနေခြင်းမျိုးမဟုတ်ပဲ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ရန် မာနထားခြင်းမျိုးသာဖြစ်သောကြောင့် သူတပါးကိုမထိခိုက်စေသဖြင့် လိပ်ပြာလုံစွာ ရှင်သန်စေနိုင်သလို ဘဝတိုးတက်အောင်မြင်စေရန်လည်း အကျိုးပေးပါသည်။
ဤကမ္ဘာမြေလောကတွင် မာန်မာန ကင်းဝေးပြီး ကိုယ့်ကိုယ်ကိုယ်အတွက် ထားသင့်အပ်သောမာနများထားရှိကာ စောင့်ထိန်းလိုက်နာသူများ များပြားလာလျှင် ကမ္ဘာကြီးသည် ပို၍ ပို၍ နေချင်စဖွယ်ဖြစ်လာမည်မှာ မလွဲဧကန်ပါတည်း။
စာဖတ်သူများ မာန်မာနကင်းဝေးသော လူတော်လူကောင်းများဖြစ်နိုင်ကြစေရန် ရည်ညွှန်းလျှက်.........။
စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၁)
26/9/2024 (Thu)
ရွှင်လန်းချမ်းမြေ့ကြပါစေ......။
Keep Reading