သိုက်စိုးထွန်း(နတ်ရွာ)
ရွာဘက်မှာတော့ ဥပုသ်ကို အလှည့်နဲ့စောင့်ကြတာ။ ဝါခေါင်လပြည့်နေ့ ဒီရွာကျောင်း၊ ဝါခေါင် လပြည့်ကျော်ရှစ်ရက်နေ့ ဟိုရွာကျောင်းဆိုပြီး ဂေါစရဂါမ်တစ်ဝိုက်က ကျောင်းတွေ၊ ဘုရားတွေကို သူ့အလှည့်နဲ့သူ သတ်မှတ်ထားကြတာ။ ဘယ်လက်ထက်ကစခဲ့သလဲမသိပေမယ့် အတော်ကောင်းတဲ့ အစဉ်အလာတစ်ခုပါ။
ဝါတွင်းဥပုသ်နေ့တွေမှာ ကိုယ့်ရွာကိုယ့်ကျောင်းမှာချည်းဥပုသ်မစောင့်ဘဲ ဟိုကျောင်းဒီကျောင်း တစ်လှည့်စီ သွားကြတဲ့စနစ်ကြောင့် ရလာတဲ့အကျိုးတွေအများကြီးရှိပါတယ်။ အကျိုးကျေးဇူး ဆိုတဲ့နေရာမှာ သီလရဲ့အကျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ ဥပုသ်သီလအနေနဲ့ကတော့ ဘယ်မှာပဲ စောင့်စောင့် အကျိုးရှိတာပါပဲ။ ဒီနေရာမှာပြောချင်တဲ့အကျိုးတွေက ကိုယ့်နယ်တစ်ဝိုက်က ဆရာတော်တွေကို အနည်းဆုံး တစ်နှစ်တစ်ခါ ဖူးမြော်ကန်တော့ဖြစ်သွားတယ်။ လှူဒါန်းဖြစ်သွားကြတယ်။ ဒီအတိုင်းသပ်သပ်ဆို သိပ်ရောက်ဖြစ်ကြတာ မဟုတ်ဘူး။ ဥပုသ်လှည့်မို့ ဥပုသ်စောင့်သွားရင်း ရောက်ကြရတာ။ တစ်ချို့ ထေရ်ကြီးဝါကြီးဆရာတော်တွေက တစ်ရပ်တစ်ကျေး မကြွနိုင်ကြတော့ဘူး။ ဆရာတော်တွေဖူးခွင့်ရတဲ့အပြင် နယ်သူနယ်သားအချင်းချင်းလည်း ရင်းနှီးမှုတွေ ရသွားတယ်။ ဒေသန္တရ ဗဟုသုတရစေတယ်။ ဒီလိုဒီလိုအကျိုးတွေကိုဆိုလိုတာပါ။
ဝါတွင်းသုံးလမှာတစ်ကျောင်းတစ်လှည့်စီပေါ့။ ဘီသျှူး၊ အုတ်ဖို၊ နတ်ရွာ၊ မြင်သာ၊ ကွမ်းအုံ၊ ကြို့ကုန်း၊ ပဲပြစ်တော၊ မြို့သစ်ချောင်း၊ ရွာကကျောင်းတွေပါသလို တောင်ကလပ်အထက်ကျောင်း၊ အောက်ကျောင်း၊ ဆင်ကျုံးတောရ၊ ဘုရားကြီးဆိုတာတွေလည်း အလှည့်ကျ။ အလှည့်ကျတဲ့ကျောင်းကို တစ်နယ်လုံးက ဥပုသ်စောင့်မယ့်သူတွေ အကုန်နီးပါးလာစုကြတာ။ ခရီးဝေးသိပ်မသွားနိုင်ကြတဲ့ သက်ကြီးဝါကြီးတွေ လောက်သာ ကိုယ့်ရွာကျောင်းမှာကျန်ခဲ့ကြတာ။
ရွာနဲ့ဝေးတဲ့ကျောင်း ဥပုသ်လှည့်ကျတဲ့နေ့ဆို နံနက်အစောကြီးကတည်းက ထသွားကြရတာ။ စက်ဘီးနဲ့ ဆိုင်ကယ်နဲ့သွားတဲ့သူ နည်းနည်းရှိပေမယ့် အများစုကတော့ခြေလျင်။ ကြွေရည်သုတ် သံဇလုံ အကြီးကြီး တစ်လုံးထဲမှာ ထမင်းတွေ၊ ဟင်းချိုင့်တွေထည့်၊ ကြွေရည်သုတ်သံလင်ပန်းတစ်ချပ်နဲ့အုပ်၊ နှီးတောင်း တစ်ခုထဲမှာက ပန်းကန်ခွက်ယောက်တွေ၊ မုန့်တွေထည့်ပြီး ထန်းလျှော်ဆိုင်းလေးထဲထည့်၊ ထမ်းပိုးနဲ့ လျှိုထမ်း။ ဥပုသ်စောင့် သွားရာမှာယူလာတဲ့ဆိုင်းထမ်းကလေး ထမ်းပေးတဲ့သူကိုခေါ်ကြတာက ဥပုသ်ထမ်းတဲ့။
ဥပုသ်ထမ်းလိုက်ရတာက ခြေညောင်းပေမယ့် ပျော်စရာ။ သွားကြတာက အဖွဲ့လိုက်။ တစ်ရွာဝင် တစ်ရွာထွက်၊ တစ်ကုန်းဆင်းတစ်ကုန်းတက်၊ တစ်ချောင်းကူးတစ်ချောင်းဖြတ်နဲ့ ချီတက်ကြရတာ။ နည်းနည်းဝေးတဲ့ရွာဆို သီလပေးခါနီးမှ ကပ်ရောက်ကြတာ။
ကျောင်းအဝင်လမ်းမှာ လာသမျှဥပုသ်သည်တွေကို ရွာခံတွေက အဝင်လမ်းဘေးဝဲယာတစ်လျှောက် တန်းစီဆီးကြိုပြီး ချိုချဉ်၊ ကော်ဖီမစ်၊ မုန့် စသည်အားဖြင့် ကိုယ်တတ်နိုင်တာလေးတွေ လက်ဆင့်ကမ်း ပေးလှူကြတဲ့ရွာတွေလည်းရှိတယ်။ တစ်ချို့ရွာကျတော့လည်း ထိုင်နေတုန်းမှာမှ လှည့်ဝေကြတာ။
ကျောင်းရောက်တာနဲ့ ဆရာတော်ဆီပြေး၊ ဆွမ်းကွမ်းလှူ၊ ကန်တော့။ “ဥပုသ်သီလ ဆောက်တည်ကြမယ့် ပုဂ္ဂိုလ်များ သီလခံယူကြဖို့အတွက် ကျောင်းပေါ်ကြွကြပါခင်ဗျား”လို့ မိုက်နဲ့ကြေညာလိုက်တော့ အကုန်စုလာ ကြတယ်။ ဘယ်လောက်ကြီးတဲ့ကျောင်းဖြစ်ဖြစ် ဘယ်ဆံ့လိမ့်မတုန်း။ ဝရန်တာတွေပေါ်မှာ၊ လှေခါးထစ်တွေပေါ် မှာရော မျှထိုင်တာတောင်မဆန့်လို့ နီးစပ်ရာ မန်ကျည်းပင်ရိပ်၊ ခရေပင်ရိပ်တွေမှာ နေရာယူကြရသေးတာ။ ပြွတ်သိပ်ညပ်လို့။ အသံချဲ့စက်ရှိတဲ့ခေတ်မို့လို့သာ တော်တော့တယ်။ အဟောအပြောကောင်းတဲ့ ဆရာတော့်ကျောင်းဆို ကလေးတော်တော်များများပါ တရားနာကြတယ်။ တရားရှည်လာပြန်တော့ ငိုက်တဲ့ကလေးက ငိုက်ကုန်တယ်။ သာဓု၊ သာဓုဆိုမှ လန့်နိုးလာတယ်။
တစ်ခါတုန်းကဆို ဥပုသ်သည်တွေ အများကြီး ပြုံတက်လိုက်တာ၊ ဗျိုူဗျိုးဗြစ်ဗြစ်နဲ့ ကျောင်းယက်မတွေ၊ ထုပ်လျောက်တွေက အသံပေးလို့ အကုန်ပြန်ဆင်းပြေးကြရတာ။ လူစည်တာလည်းပါမှာပေါ့။ ကျောင်းက ဟောင်းနေတာလည်း ပါမှာပေါ့။
လူကြီးတွေသီလယူနေတုန်း၊ ဆရာတော်တရားဟောနေတုန်းမှာ ဥပုသ်ထမ်းကလေးတွေက လွတ်ရာကျွတ်ရာ ဘုရားကြိုဘုရားကြား၊ ရေကန်နား၊ သစ်ပင်နားသွားငေးနေကြတာ။ ဆော့တဲ့သူက ဆော့၊ မော့တဲ့သူကမော့။ ကျောင်းမှာလာတွေ့ကြသူအချင်းချင်း မင်းကဘယ်ရွာက၊ ငါကဘယ်ရွာကဆိုပြီး မိတ်ဆက်တဲ့သူကဆက်။ ပြေးကြလွှားကြ ခုန်ကြပေါက်ကြရင်း ခလုတ်တွေတိုက်၊ မျှောက်လျက်တွေလဲ၊ ဒူးပြဲတဲ့သူကပြဲ၊ နဖူးကွဲတဲ့သူက ကွဲ။
ရှေးဟောင်းစေတီကြီးတွေရှိတဲ့ကျောင်းဆိုရင် ရှေးဟောင်းစေတီတော်ရဲ့ လိုဏ်ဂူထဲဝင်ကြည့်ကြတာ။ တစ်ချို့ဘုရားတွေက ပိန်းပိတ်အောင်မည်းမှောင်လို့၊ လင်းနို့ချေးနံ့တွေက ထောင်းလို့၊ တစ်ခါတစ်ခါ စမ်းတဝါးဝါးနဲ့ကိုယ်ဝင်သွားတုန်း လင်းနို့က ဖလူးခနဲပျံပြေးရင် လန့်ရသေးတာ။ သူ့အလိုလို မြေကြီးပေါ်ကျနေတဲ့ လင်းနို့တွေ့ရင်လည်း ဒါဘယ်လိုအကောင်လဲဆိုပီး ကြည့်ရသေးတာ။ “ကြွက်ကိုတောင်ပံတပ်ထားသလို ပါပဲကွာ”ဆိုတဲ့ သုံးသပ်ချက်မျိုးလည်း ပေးကြသေးတာ။ ဒီအကောင်က မမြင်ဘူး၊ ကြားပဲကြားနိုင်တာဆိုလို့ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး အနီးကပ်လေ့လာကြသေးတာ။ တစ်ခါတစ်ခါတော့လည်း ဘုရားစောင်းတန်းတွေကြား၊ ဂန္ဓကုဋီကြားက ခိုသိုက်တွေ တက်ကြည့်ကြသေးတာ။ တစ်ချို့ကျောင်းတွေကျတော့ ခိုတွေ၊ ရှဉ့်တွေက လက်တစ်ကမ်းအကွာအထိ အကပ်ခံကြတယ်။ အန္တရာယ်မပြုမှန်းသိတော့ တော်ရုံတန်ရုံနဲ့ မပြေးကြ၊ မပျံကြဘူး။
ဗုဒ္ဓဝင်ပန်းချီကားတွေရှိတဲ့ကျောင်းဆိုရင်တော့ ပန်းချီကားတွေတစ်ချပ်ချင်းလိုက်ငေး၊ စာညွှန်းပါတဲ့ ကားတွေဆိုရင် စာညွှန်းတွေလိုက်ဖတ်၊ မပါတာတွေဆို ဒါကဘယ်ဇာတ်၊ ဘယ်အခန်းကို သရုပ်ဖော်တာ ဖြစ်မလဲဆိုပြီး ကိုယ့်ဘာသာအဖြေရှာ၊ တစ်ယောက်နဲ့တစ်ယောက်လည်း ငြင်းကြခုံကြတာပေါ့။ ရှေးဟောင်း ရုပ်ပွားတော်ကြီးတွေရှိတဲ့ကျောင်းဆိုရင်တော့ ဘုရားဖူးရင်း သမိုင်းကဘယ်လို၊ ဇာတ်ကြောင်းကဘယ်ပုံ ဆိုတာတွေ မေးကြမြန်းကြရတာပေါ့။
တောင်ကလပ်အထက်ကျောင်းမှာက ဘိုးတော်ဘုရားလက်ထပ်က ရုပ်ပွားတော်ကြီးရှိတယ်။ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာအပြည့်အစုံပါတဲ့ ခြေတော်ရာရှိတယ်။ ကျောင်းဝန်းကျင်က တောစပ်ထဲမှာ တရား အားထုတ်မယ့်သူတွေအတွက် သဲကျောက်နုလိုဏ်ဂူတွေရှိတယ်။ သဲချောင်းကလေးရှိတယ်။ သဲချောင်းထဲက ရေတွင်းဘေးမှာ ရှောက်ပင်လေးကလည်း အသီးတွေဝေလို့။ တောကလေး ရှိတယ်။ ရေကန်လည်းရှိတယ်။ တက်စရာတောင်ပူစာလေးတွေလည်းရှိတယ်။ သစ်သီးဝလံတွေလည်းရှိတယ်။ ဖွေးနေအောင်ပွင့်တဲ့ တရုတ် စံကားပင်ကြီးတွေရှိတယ်။
တောင်ကလပ်အောက်ကျောင်းမှာကျတော့ ရှေးဟောင်းပစွည်းတွေစု ထားတဲ့ ပြတိုက်တစ်ခုရှိတယ်။ ဆင်းတုတော်တွေ၊ ရုပ်လုံးရုပ်ကြွတွေ၊ လူ့အသုံးအဆောင်ပစ္စည်းတွေ၊ ငါးမန်းစွယ်တွေ၊ လိပ်ကျောက် မြီးတွေ၊ ရှေးဟောင်းဓာတ်ပုံတွေငေးလို့မကုန်နိုင်ဘူး။ ပေပင်ကြီးတွေဝေလို့၊ ပေသီးအကြွေလိုက်ကောက် ကြတယ်။ ဧကရာဇ်ပန်းတွေက ဖွေးဖွေးလှုပ်အောင်ပွင့်နေတယ်။ တစ်ကျောင်းလုံး မွှေးကြိုင်နေတယ်။ သလဲပင်တွေကလည်း ပြွတ်နေအောင်သီးကြတာ။ ဝါးရုံပင်တွေကလည်း စိမ်းလို့။
ပဲပြစ်တောအနောက်ကျောင်းမှာကျတော့ ကျိုက်ထီးရိုးစေတီတော်ပုံတူရှိတယ်။ ကျီးကန်းပါးစပ် လိုဏ်ဂူ၊ စိုင်တမော့စခန်း စသည်အားဖြင့် တတ်နိုင်သမျှ အကုန်ပါအောင်ထည့်သွင်းတည်ဆောက် ထားတယ်။ ဘုရားဖူးအသွားအလာများလွန်းလို့ ယာခင်းထဲက ဘူး၊ ဖရုံ၊ သခွားတွေအပျက်များလာတာနဲ့ ဘုရားကို နွယ်ကြိုးနဲ့ဆွဲချလို့ ကျောက်ရုပ်ဖြစ်သွားကြတယ်ဆိုတဲ့သူတွေရဲ့ ရုပ်တုတွေလည်းပါတယ်။ အရှေ့ရွာက ဘုရားရှေ့မှာတော့ ဒီနယ်တစ်ဝိုက်မှာ အကြီးမားဆုံးဖြစ်တဲ့ တစ်စီးတည်းသော ခြင်္သေ့ကြီး။ မြို့သစ်ချောင်းမှာကျတော့ ရေလှောင်တမံကြီးရှိလို့ သွားကြည့်ရသေးတာ။
အုတ်ဖိုက ကျောင်းမှာတော့ ဗုဒ္ဓဝင်ပန်းချီကားတွေစုံလို့။ တွဲလဲမသီးဘဲ မိုးပေါ်ထောင်သီးတဲ့ မိုးမျှော်ငရုတ်ပင်ကို အဲ့ဒီမှာမှ စမြင်ဖူးခဲ့တာ။ ရေပေါတဲ့ရွာဆိုတော့ အုန်းပင်၊ ငှက်ပျောပင်၊ သီးပင် စားပင်တွေနဲ့ စိမ်းလို့စိုလို့။ တောင်ပေါ်ကျောင်းအထိ တက်ကြည့်လိုက်တော့ လူတစ်ထိုင်လောက်ပဲရှိတဲ့ သြဇာပင်က အသီးသီးနေတာတွေ့ခဲ့ရတယ်။ ဘီသျှူးမှာကျတော့ ဗန္ဓကဘုရားလိုဏ်ဂူတော်ထဲ သွားငေးရတာ။ ကြို့ကုန်းအနောက်ကျောင်းကျတော့ ဆွမ်းစားကျောင်းမျက်နှာကြက်မှာ ရွဲလုံးကြီးတွေ ချိတ်ထားလို့ ရွဲဆိုတာကို အဲ့ဒီမှာမှ မြင်ဖူးတာ။ ဆွမ်းစားကျောင်းလှေခါးအုတ်ခုံကြီးကလည်း ခန့်လိုက်ပါဘိ။ တစ်နှစ်လုံးပွင့်နေသီးနေတဲ့ သုံးထပ်သရက်ပင်ဆိုတာကိုလည်း အဲ့ဒီကျမှ စမြင်ဖူးတာ။ သူ့ကျောင်းနဲ့သူ၊ သူ့ရွာနဲ့သူ ငေးစရာမောစရာ ဗဟုသုတယူစရာတွေကတော့ ရှိကြတာပါပဲ။ ကလေးဘဝဆိုတော့ မြင်မြင်သမျှ အဆန်းတွေပေါ့။
သီလယူပြီး၊ မွန်းမတည့်ခင်နေ့လည်စာစားအပြီးမှာ အနယ်နယ်အရပ်ရပ်က လာသမျှ ဥပုသ်သည် ကလေးလူကြီးမရွေး ကျောင်းပေါ်ဖိတ်ပြီး ရေနွေးကြမ်းနဲ့ လက်ဖက်၊ ပဲခြမ်းနဲ့၊ မုန့်ပဲသားရေစာအချိုပွဲနဲ့ ဧည့်ခံတဲ့အလုပ်ကိုလည်း အိမ်ရှင်ရွာခံတွေက လုပ်ပေးကြသေးတာ။ တစ်နှစ်မှတစ်ခါဆိုတော့ ဖွယ်ဖွယ်ရာရာ ဖြစ်အောင် လုပ်ကြတာ။ တစ်ချို့ရွာတွေက လာသမျှပရိတ်သတ်ကို ထမင်းပါကြွေးလိုက် သေးတာ။
သီလယူပြီး၊ ထမင်းစားပြီးပေမယ့် မပြန်ကြသေးပါဘူး။ တစ်ရေးတစ်မှေး နားတဲ့သူကနား၊ အလုပ်ပေးတရားနာတဲ့အခါနာ။ ညနေခပ်စောင်းစောင်းကျတော့ ဟိုအိမ်ကဝင်ခဲ့ပါဦး၊ ဒီအိမ်က လာခဲ့ပါဦးနဲ့ ခင်ရာခင်ရာအသိတွေအိမ် လှည့်ကြရသေးတာ။ လူကြီးတွေပြောကြတဲ့ ရပ်ကြောင်း ရွာကြောင်း၊ မာကြောင်း သာကြောင်းတွေလည်း နားထောင်ရသေးတာ။ နည်းနည်းဝေးတဲ့ရွာဆိုရင် ညနေ နေဝင်ဖြိုးဖျလောက်မှ အိမ်ပြန်ရောက်ကြတာ။
ဥပုသ်ထမ်းလိုက်တဲ့သူကတော့ ဥပုသ်ရတဲ့အခါမှရတာ။ မရတာကခပ်များများပေါ့။ ကျောင်းတွင်းဥပုသ် ဆိုတာလည်း ရှိလိုက်စောင့်လိုက်ကြသေးတာ။ ကျောင်းတွင်းဥပုသ်တောင် မစောင့်နိုင်လို့ တစ်ထိုင်ဥပုသ်ဆိုပြီး ကိုယ့်ဘာသာပိုင်းခြားတဲ့သူကလည်း ရှိသေးတာ။
ဥပုသ်ထမ်းလိုက်တဲ့သူက ဥပုသ်မရရင်တောင်မှ ကျောင်းကန်ဘုရားကို အရောက်အပေါက်များလာတယ်။ ဝေယျာဝစ္စကုသိုလ်တော့ ရနေတယ်။ ဒေသန္တရဗဟုသုတတွေတိုးလာတယ်။ သူငယ်ချင်းမိတ်ဆွေသစ်တွေ ရလာတယ်။ ဗုဒ္ဓအဆုံးအမနဲ့ ပိုနီးစပ်လာတယ်။ မြန်မာ့ဓလေ့စရိုက်တွေနဲ့ အကျွမ်းတင်ဖြစ်လာတယ်။
ဟိုတစ်ချိန်က ဥပုသ်ထမ်းလိုက်ခဲ့ရတာလေးတွေကို သတိရနေမိပါရဲ့လေ။
သိုက်စိုးထွန်း(နတ်ရွာ)
၁၂.၁၀.၂၀၂၁ ရက်နေ့ထုတ်
The Daily Eleven သတင်းစာ
ပန်းချီ ဆရာဘခိုင်
TAW WIN Art Gallery- Myanmar Page မှ ပုံကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Keep Reading