မောရိသျှ
လုပ်စရာတွေ အများကြီးရှိနေပေမဲ့ ဘာတခုမှ လုပ်ချင်စိတ်မရှိဘဲ အချိန်ဆွဲနေမိလား။ ဒါမှမဟုတ် တခုခု လုပ်တော့မယ်ဆိုတိုင်း စိတ်က ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက်နဲ့ အာရုံများနေလား။ ဖုန်းနိုတီကြောင့် လုပ်နေတဲ့အလုပ်မှာ အာရုံမဝင်တော့ဘဲ ဖြစ်နေလား။
ဒါမှမဟုတ် ကိုယ့်ဘေးနားက လူတွေပြောတဲ့ စကားလေကြောထဲ နားယောင်လိုက်မိသွားပြီး မလုပ်ချင်မကိုင်ချင် ဖြစ်သွားသေးလား။ ဘယ်သူမဆို အဲဒီလိုတွေ ဖြစ်တတ်ပါတယ်။ အာရုံတခုတည်းထားပြီး အလုပ်ကို တည့်တည့်မတ်မတ်လုပ်နိုင်ဖို့ဆိုတာ တကယ်တမ်း မလွယ်ဘူးဗျ။ အကြောင်းအမျိုးမျိုးကြောင့် စိတ်အာရုံကို လာနှောက်ယှက်မယ့် အကြောင်းအရာတွေက အများကြီးပဲ။
• တခြားလူကြောင့်
• ဖုန်းဝင်လာတာကြောင့်
• အစည်းအဝေးမီတင်ခေါ်လိုက်တာကြောင့်
• အရေးပေါ်နောက်ဖေးသွားဖို့ဖြစ်သွားတာကြောင့်
• အစားအသောက်မှားပြီး စိတ်လေးဖင့်သွားတာကြောင့်
• သူများရဲ့ ချစ်စရာအိမ်မွေးတိရစ္ဆာန်လေးတွေကြောင့်
• နားထဲကြားလိုက်ရတဲ့ သတင်းတခုခုကြောင့် စသဖြင့် စိတ်အာရုံပြောင်းသွားစေနိုင်တဲ့ အကြောင်းအရင်းတွေက ပြောမယ်ဆိုရင် ဆုံးမှာမဟုတ်ပါဘူး။
အဲဒီလိုအကြောင်းအရင်းတွေကို ဆင်ခြေလုပ်ပြီး မလုပ်ဖြစ်တဲ့အကြောင်း အကြောင်းပြလိုက်လို့ရတာပဲ။ ဒါပေမဲ့ အဲဒီလို အကြောင်းပြချက်ထုတ် ဆင်ခြေပေးတာမျိုးက ပျော့ညံ့ရာကျလွန်းပါတယ်။ သေချာတွေးကြည့်ပါ။ စိတ်ထဲဘာပဲဖြစ်လာဖြစ်လာ ဝမ်းနည်းမှုပဲဖြစ်ဖြစ် ဝမ်းသာစရာပဲဖြစ်ဖြစ် ဒါမှမဟုတ် စိတ်ပျက်စရာတွေပဲဖြစ်ဖြစ် စိတ်ညစ်စရာတွေပဲဖြစ်ဖြစ် ကိုယ်တိုင်က အဖြစ်ခံလို့ ဖြစ်လာတာတွေပါ။ အဲဒီတော့ ပျင်းစိတ်တွေဆိုတာကလည်း ကိုယ်တိုင်က ဖြစ်ခွင့်ပေးလိုက်လို့ ဖြစ်လာတဲ့ စိတ်ဆိုးစိတ်ယုတ်ဖြစ်ပါတယ်။
ကိုယ့်ရဲ့စိတ်နေစိတ်ခံကို တည်ကြည်အောင် မထားမှတော့ ပျင်းစိတ်ဝင်ပြီး ဖျင်းသွားတာ မဆန်းပါဘူး။ ကိုယ်တိုင်က ခွင့်ပြုမှသာ စိတ်ပင်ပန်းစရာတွေက ကိုယ့်အပေါ် စိုးမိုးလာမှာဖြစ်ပါတယ်။ အလကားနေ စိတ်ညစ်စရာတွေက ကိုယ့်ခေါင်းထဲ ရောက်လာစရာ အကြောင်းကို မရှိပါဘူး။
ဒါကြောင့် အာရုံများတယ် ဆိုတာကလည်း ကိုယ်တိုင်က အတွေးများနေပြီး ကိုယ်တိုင်က ဆန္ဒရှိနေလို့သာ စိတ်လွင့်နေတာပါ။ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းပြီး အာရုံစုလိုက်ရင် မကြာပါဘူး။ ခနနဲ့ စိတ်တည်ကြည်မှုကို တည်ဆောက်လို့ ရပါတယ်။ အကြောင်းပြချက်တွေ ထုတ်ပြီး ဆင်ခြေစိတ် အယုံသွင်းစိတ် မုသားစိတ်ကြောင့်သာ အာရုံပျံ့လွင့်သွားပြီး လုပ်စရာရှိတာကို လုပ်ဖို့အရေး မလုပ်နိုင်ဘဲ ဟိုလိုလို ဒီလိုလို ဖြစ်သွားရတာပါ။
သေချာတဲ့အချက်က အင်စတာဂရမ်မှာ အပွတ်ကောင်းနေလို့ ဘဝကြီးတိုးတက်သွားစရာ အကြောင်းမရှိပါဘူး။ YouTube မှာ ဗီဒီယိုတခုပြီးတခု အပုဒ်ရေ ၄၀ ကျော် တောက်လျှောက် မနားတမ်း ကြည့်လိုက်လို့လည်း ဘဝကြီး တိုးတက်ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
နေ့စဉ်သတင်းတွေ ဖတ်ရတာ ဝါသနာပါလို့ဆိုပြီး တွေ့ကရာသတင်းတိုင်း လိုက်ဖတ်နေလို့ စိတ်အကြည်ဓာတ်တွေ တိုးမလာဘူးနော်။ အာရုံများသွားပြီး ဝေလေလေဖြစ်သွားဖို့ လမ်းများတယ်။ ဒါကြောင့် စိတ်အာရုံများနေရင် မဖြစ်မနေ လိုက်နာသင့်တဲ့ နည်းလမ်းလေးနှစ်ခု ကျွန်တော်မျှဝေသွားပါမယ်။ စိတ်အာရုံများတိုင်း လိုက်လုပ်ကြည့်ပါ။ ကိုယ့်အတွက် တကယ်အသုံးတည့်ပြီး အသုံးကျရင် အမြဲလုပ်ဖြစ်အောင် လုပ်ပေးပါ။
#မောရိသျှ
Keep Reading