မောရိသျှ
၅။ ထက်မြက်မှုကို တော်ရုံနဲ့ မမြင်နိုင်ဘူး။ အသိအမှတ်ပြုခံရဖို့ ကြိုးစားပြတိုင်း မရပါ။ တစ်ခါတစ်လေ ကိုယ့်ဘက်က ဘယ်လောက်ပဲ သက်သေ၊ သာဓက ချပြပါစေ၊ မြင်နိုင်စွမ်း မရှိတဲ့ မျက်ကန်းတွေကတော့ သူတို့ ဉာဏ်ရည် အဆင့်အတန်း အလိုက် အကွာအဝေး၊ အတိုင်းအတာ တစ်ခုအထိပဲ မြင်သိနိုင်ကြလိမ့်မယ်။
စိတ်မကောင်း မဖြစ်နဲ့။ လူလူချင်း တူပေမယ့်၊ စိတ်ဓါတ်ချင်း၊ ဉာဏ်ရည်ချင်း၊ အဆင့်အတန်းချင်း မတူညီနိုင်ဘူး။မြော်မြင်နိုင်စွမ်းမှာ အတိုင်းအတာ ရှိတယ်။ ဉာဏ်ရည်ထက်မြက်မှုမှာ အတိုင်းအတာ ရှိတယ်။အရည်အသွေး နဲ့ အရည်အချင်းမှာ အဆင့်အတန်း ရှိတယ်။ ကိုယ်ကျင့်သီလကောင်းအောင် အမြဲ ကျင့်ကြံအားထုတ်ပါ။ ရိုးသားခြင်းနဲ့ ယုံကြည်မှုကို တည်ဆောက်ပါ။သိတတ်မှုနဲ့ အားမြှောက်မှုကို ရယူပါ။သည်းခံမှုနဲ့ လေးစားမှုကို ခံယူပါ။
ပေးကမ်းစွန့်ကြဲမှုနဲ့ ရိုကျိုးမှုကို ရယူပါ။အလျှော့ပေးခွင့်လွတ်မှုနဲ့ ကိုင်းရှိုင်းမှုကို ခံယူပါ။နေရာပေးခြင်းနဲ့ နာခံမှုကို ရယူပါ။စိတ်ရှည်မှုနဲ့ လိုက်နာမှုကို ရယူပါ။ပွင့်လင်းမှုနဲ့ ချစ်ခင်မှုကို ရယူပါ။တည်ကြည်လေးနက်မှုနဲ့ ဦးဆောင်ပါ။
ချုပ်တည်းမှုနဲ့ ထိန်းကွပ်ပါ။အမြော်အမြင်ကြီးစွာ ဆုံးဖြတ်ပါ။အကြောင်းပြချက်တွေကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး၊ အကျိုးရလဒ်အပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက်နဲ့ စီရင်ပါ။အနှေးအမြန်က အဓိက မဟုတ်ဘူး၊ အကျိုးရလဒ်က ပဓာနဖြစ်တယ်။
၆။ အကူအညီ တောင်းခံလာလို့ ကူညီပေးလိုက်ရင်၊ တစ်ချို့လူတွေက ကျေးဇူးခံတွေ အနေနဲ့ အကြွေးတစ်ခုလို မှတ်ထားတတ်တယ်။ တစ်ချို့ကျပြန်တော့ ကျေးဇူးစားအဖြစ် မနေကြဘူး။ ဘာမျှော်လင့်ချက်မှ မထားဘဲနဲ့၊ အ လွတ်သဘော ကူညီတတ်ကြတယ်။ အဲဒီလိုပဲ ဖြစ်သင့်တယ်။ ဘာပဲ လုပ်လုပ်၊ တစ်ဖက်သားကို မဖြစ်မနေကူညီပေးရတိုင်း အလွတ်သဘော စိတ်ထားပြီး ကူညီပါ။အကူအညီ မဖြစ်မနေ အကူအညီ တောင်းခံရမယ် ဆိုရင် ကျေး ဇူးသိတတ်စိတ်နဲ့ ကျေးဇူးရှင် အပေါ် အကျိုးပြုရမယ်။လိုချင်စိတ်ထက် ပေးလိုစိတ်မွေးပါ။ ရလိုစိတ်ထက် မျှလိုစိတ်မွေးပါ။
တစ်ဖက်သားကို ကူညီရလို့ ဂုဏ်မောက်တာမျိုး မဖြစ်စေနဲ့။ လူထင်ကြီးခံရအောင် သက်သက်မဲ့ ကူညီတာမျိုး မလုပ်နဲ့။ လူလေးစားခံရ အောင် ပေးကမ်းစွန့်ကြဲတာက အောက်တန်းကျတဲ့ လုပ်ရပ်ပဲ။ စေတနာမပါဘဲ ဘာမှ မလုပ်နဲ့။ ကဲ့ရဲ့ခံရမယ့် အလုပ် မလုပ်မိစေနဲ့။ နောင်တရမယ့် အလုပ် မလုပ်မိစေနဲ့။အမှားမကင်းတဲ့ အလုပ် မလုပ်မိစေနဲ့။
အကျိုးမရှိတဲ့ အလုပ် မလုပ်မိစေနဲ့။
မဖြစ်မနေ လုပ်ရမယ်ဆိုရင် - အကျိုးရှိအောင် လုပ်ပါ။ အမြတ်ကောင်းအောင် လုပ်ပါ။ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် လုပ်ပါ။ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ပါ။ တာဝန် နဲ့ ဝတ္တရားအပေါ် ကျေပွန်ပါစေ။
၇။ အေသင်မြို့သားတို့ရဲ့ ဆုတောင်းပဌနာ
“အရှင် ဇုနတ်မင်းကြီး အေသင်တခွင် မြေယာအနှံ့ မိုးဦးမိုးကောင်း ကြဲချတော်မူပါ”
ဒီလိုမှ ဆုမတောင်းလည်း ဘာထူးနိုင်ဦးမှာလဲ။ ဆုတောင်းမှတော့ လိုရင်းပေါက်အောင် ပြောပြီး ဆုတောင်းပေါ့၊ ကဗျာဆန်ဆန် ဆုတောင်းတွေနဲ့ လုပ်မနေနဲ့၊ ရှုပ်တယ်။
၈။ ရောဂါ၊ ဝေဒနာ အလိုက် သမားတော်က မတူညီတဲ့ ကုသနည်းတွေနဲ့ ဆေးညွှန်းတတ်တယ်။ရောဂါ အလိုက် ဆေးညွှန်း မတူသလို၊ ကံအကြောင်း အလိုက် လူဖြစ်ပုံလည်း မတူဘူး။ တစ်ချို့လူတွေကျတော့ ဆင်းဆင်းရဲရဲ မွေးဖွား လာကြတယ်၊ တစ်ချို့ကျတော့ ရုပ်ဖြစ်စေ၊ စိတ်အသိဉာဏ်ဖြစ်စေ ချို့ယွင်းမှုနဲ့ မသန်စွမ်းစွာ မွေးဖွားလာရတယ်၊ ဒါဟာ အကြောင်း ကံ အလိုက် ဖြစ်လာကြတာပဲ။
အကောင်းအဆိုး ဟူသမျှ အကြောင်းအကျိုး သဘာဝ အတိုင်း ဖြစ်ပျက်နေကြတယ်။တမင်ဖြစ်အောင် လုပ်ထားလို့ ဖြစ်လာတာတွေလည်း မဟုတ်သလို၊ တမင် ဖြစ်စေချင်လို့ အတင်း လုပ်ယူတိုင်းလည်း ဖြစ်နိုင်တဲ့ အရာ မဟုတ်ဘူး။ ကံဆိုတဲ့ အရာက အင်မတန် ဆန်းကြယ်တယ်။ ဖြစ်ကြောင်းကံကို လက်သင့်ခံနိုင်မှ၊ အကျိုးကံအပေါ်ကျေနပ်နိုင် လိမ့်မယ်။ ဖြစ်ကြောင်းကံ အပေါ် အလိုမကျ၊ စိတ်ပင်ပန်းဆင်းရဲနေလို့ကတော့၊ အကျိုးကံရဲ့ သက်ရောက်မှုတွေကို ဆန့်ကျင်နေရမှာ ဖြစ်တဲ့အတွက် ဆေးညွှန်းကို တမင် ငြင်းဆန်နေရာကျလိမ့်မယ်။
အကြောင်းရှိခဲ့လို့ ဖြစ်လာရတာမို့၊ အကောင်းကြီးပဲလို့ တွေးလိုက်ပါ။ဇုနတ်မင်းကြီးကိုယ်တိုင် ကောင်းကြီးတော် ပေးသနားထားတာမို့၊ ဘယ်လောက်ပဲ ဆိုးရွားတဲ့ ကံနဲ့ လူဖြစ်လာရပါစေ၊ တစ်ချိန်ချိန်မှာ ကောင်းကြီးတော်ကို ခံစားရဦးမှာ အသေအချာပါ။ လောကသဘာဝကို ကောင်းဖို့အတွက် ဖန်ဆင်းထားခဲ့တာကြောင့်၊ မကောင်းတဲ့ အရာတွေပဲ ရှိနေမှာ၊ ဖြစ်နေမှာတော့ မဟုတ်ပါ။ အကောင်းဆုံးဖြစ်ဖို့ စိတ်ရည်သန်ထားပြီး၊ အကျိုးရှိအောင် အားထုတ်နေသရွေ့ ကံကောင်းခြင်းတွေ မဝေးတော့ပါဘူး။
ဆိုးလိုက်တဲ့ကံ၊ ချာလိုက်တဲ့ ကံရယ်လို့ တွေးနေမယ့်အစား၊ ဘယ်လောက်ဆိုးနိုင်မှာလဲ၊ ဘယ်လောက် ချာနိုင်မှာလဲ၊ငါပဲ ဘယ်လောက် ခံနိုင်ရည်ရှိမှာလဲ၊ စိန်လိုက်လေဆိုတဲ့ မခံချင်စိတ်နဲ့အတူ လောကဓံကို အံ့တုရင်ဆိုင်လိုက် ပါ။
အသက်ရှင် ရုန်းကန်ဖို့ အတွက် အကြောင်းတရားကောင်း ရှိနေသရွေ့ ဘဝ အဓိပ္ပါယ် ရှိနေဦးမှာပါ။ ကြုံတွေ့နေရတဲ့ တဒင်္ဂပြဿနာ၊ ပဋိပက္ခအတွက် စိတ်ပူပန် ဆင်းရဲနေမယ့်အစား၊ တစ်သက်လုံး သာယာခွင့် ရနိုင်အောင်ချက်ချင်း လက်ငင်းကြိုးစားလိုစိတ် မွေးမြူလိုက်ပါ။ဘဝဆိုတာက အတက်အကျ မမှန်တဲ့ အဏ္ဏဝါ ဒီရေလှိုင်းထက် အ ပြောင်းအလဲ မြန်ပါတယ်။
#မောရိသျှ
Keep Reading