မောရိသျှ
၃၃။ မကြာပါဘူး၊ မကြာတော့ပါဘူး။ ပြာဖြစ်ချင် ဖြစ်လိမ့်မယ်၊ အရိုးပဲ ကျန်ရင် ကျန်လိမ့်မယ်။ နာမည်တစ်ခု ချန်ရင် ချန်ကောင်း ချန်ရစ်နိုင်လိမ့်မယ်။ ကျန်ချင်မှလည်း ကျန်လိမ့်မယ်။ သိနိုင်တော့မှာမှ မဟုတ်ဘဲ။ အရေးပါဦးပါ့မလား။
ဘဝမှာ တန်ဖိုးထား မြတ်နိုးခဲ့ရပါတယ်ဆိုတာတွေက၊ ဘယ်လောက်ပဲ တွယ်တာခဲ့ရပါစေ၊ အခေါင်းပေါက်၊ဟောင်းလောင်းနဲ့ ကျန်ခဲ့မယ်။ ငိုကြီးချက်မ၊ ပူဆွေးမှု ဗျာပါရတွေနဲ့ ဆူညံနေလိမ့်မယ်။ ဒါမှမဟုတ် အရယ်ခံ၊ အမောခံ၊ ကဲ့ရဲ့ခံ အဖြစ် ဟာသလုပ်ခံ ရပြီး၊ ပြတ်ရယ်ပြုခံရနိုင်တယ်။
ရှင်သန်နေခဲ့တုန်းက ကျေနပ်စွာ လက်ခံထားခဲ့တဲ့၊ ယုံကြည်သက်ဝင်မှု၊ လက်ခံယုံကြည်မှု၊ လေးစားရိုသေမှု၊ရိုးသားဖြောင့်မတ်မှု၊ တရားမျှတမှု၊ မှန်ကန်မှုတွေ အားလုံးက အိုလမ်ပစ်တောင်ထိပ်ဦး အထိ မြင့်မားခဲ့ပါစေ၊ ကမ္ဘာလောကကြီးရဲ့ အနိမ့်ဆုံး ချောက်နက် ကြီးအောက်ဆုံး အစွန်အထိ ကျဆင်းသွားနိုင်တယ်။
ဘယ်အရာကမှ အမြဲထာဝရ တည်တံ့နိုင်မှာ မဟုတ်ပါ။ ဘယ်အရာကမှ အမြဲထာဝရ ဆုပ်ကိုင်ထားလို့ မရပါ။
ဘယ်အရာကမှ အမြဲထာဝရ အစိုးမရပါ။
၃၄။ အတွးအကြံကောင်း၊ အလုပ်အကိုင်ကောင်း ရှိရင် ဘဝကောင်းနဲ့ ရှင်သန်နိုင်မယ်။ နတ်ဘုရား နဲ့ လူ တူတဲ့ အချက်က ဘဝကို စိတ်တိုင်းကျ ဖန်တီးနိုင်ခွင့် ရှိတယ်။ တွေးတောကြံစည်နိုင်ခွင့်၊ အားထုတ်နိုင်ခွင့်၊ ထက်သန်နိုင်ခွင့်တွေ ရှိတယ်။
၃၅။ အကယ်လို့ -မကောင်းမှုကို မလုပ်ထားဘူး၊မကောင်းမှုကြောင့် မထိခိုက်ဘူး၊မကောင်းမှုကြောင့် အန္တရာယ် မရှိဘူး ဆိုရင် ကိုယ်အပါအဝင် အားလုံး အတွက် ကောင်းခြင်းပဲ မဟုတ်လား။
၃၆။ စိတ်ကူးယဉ်လွန်ပြီး အတွေးများမနေနဲ့။ လုပ်နိုင်တာနဲ့ လုပ်သင့်တာကို လုပ်ပါ။ အဓိက နဲ့ ပဓာန ခွဲခြားပြီး၊ အရေးပါတာကို ဦးစားပေး လုပ်ကိုင်ပါ။ အသက်ကြီးမှ ကလေး အရုပ်တောင်းပြီး ဆော့ဖူးချင်နေလို့ မထူးဘူး။
အကျင့်ဆိုး၊ စရိုက်ဆိုးတွေကို ပြုပြင်ပါ။
၃၇။ ကံကောင်းသူ ဖြစ်ခဲ့ဖူးတယ်၊ ဒါပေမယ့် အချိန်တန်တော့ ကံအကြောင်း မျက်ကွယ်ပြုခံရတာပဲ။ ကံကောင်းတယ် ကံမကောင်းဘူးဆိုတာက ကိုယ့်ရဲ့ အပြုအမူရယ်၊ အားထုတ်မှုနဲ့ပဲ ဆိုင်တယ်။ စရိုက်ကောင်း၊ အကျင့်ကောင်း၊ အလုပ်ကောင်း၊ အကိုင်ကောင်း၊ အတွေးကောင်း၊ အကြံကောင်း ရှိရင် ကံကောင်းမှာပဲ။မရှိရင်တော့ ကံဆိုးတာ မဆန်းပါဘူးလေ။ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင် အစစ်ဖြစ်တယ်။
#မောရိသျှ
Keep Reading