Hein Zaw
ရင်းနှီးမြှုပ်နှံမှုလုပ်ချင်တယ်၊ ဆုံးရှုံးမှာကြောက်တဲ့စိတ်ကလည်းရှိနေတယ် ဘယ်လိုလုပ်ရမလဲတဲ့။ ဒါအများစု ကြုံရတဲ့အခြေနေပါ။ သာမန်လူတွေနဲ့ ချမ်းသာကြွယ်၀သူတွေကြားကွာခြားသွားစေတာကလည်း ဒီဆုံးရှုံးမှာကြောက်တဲ့စိတ်ကို ဘယ်လောက်ကိုင်တွယ်နိုင်သလဲနဲ့ အများကြီးဆိုင်ပါတယ်။
"ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တိုင်းက ပျော်ရွှင်မှုရဖို့၊ ဒါမှမဟုတ် နာကျင်မှုကိုရှောင်ရှားဖို့ပဲ။ ဒါပေမဲ့ ပျော်ရွှင်မှု ရဖို့ထက် နာကျင်မှုကိုရှောင်ရှားနိုင်ဖို့ ပိုအားထုတ်တယ်” ဆိုတဲ့ စကားလေးကြားဖူးတယ်။ လူတွေရဲ့ စိတ်သဘောသဘာ၀တစ်ခုက စွန်းစားရမှာထက် လုံခြုံစိတ်ချမှုကို ပိုအားသန်ကြတယ်။ မသေချာမရေရာမှုထက် သေချာရေရာတာကို ပိုသဘောကြကြတယ်။
တချို့ဆို ကိုယ့်မှာအခွင့်အလမ်းကောင်းတွေ၊ အလားအလာကောင်းတွေ ရှိလျက်နဲ့တောင် ပိုစိတ်ချသေချာတာကိုပဲ ရွေးချယ်ဖြစ်ကြတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး အချိန်ကာလတစ်ခုရောက်မှ ဝန်ထမ်းပြန်လုပ်ဖြစ်တဲ့ မိတ်ဆွေတချို့ရှိတယ်။ ကိုယ်ပိုင်လုပ်ငန်းကအဆင်မပြေလို့ ဝန်ထမ်းလောကပြန်ရောက်တဲ့သူတွေရှိသလို တချို့ကျတော့လည်း အလားအလာကောင်းတွေရှိလျက်နဲ့ ဝန်ထမ်းဘ၀ကို ပြန်ရွေးချယ်ကြသူတွေလည်းရှိတယ်။
မိတ်ဆွေတစ်ယောက်ဆို ကိုယ်ပိုင်လုပ်ငန်းစတမကြာသေးဘူး။ ဝင်ငွေက အရင်ဝန်ထမ်းလစာထက် အဆတော်တော်များတဲ့အထိ တယ်။ သူ့လုပ်ငန်းက အောင်မြင်ဖို့အလားအလားကောင်းတယ်ပေါ့။ ဒါပေမဲ့ လုပ်ငန်းတစ်ခုက သူ့ကို လစာကောင်းကောင်းတစ်ခုနဲ့ ကမ်းလှမ်းလာချိန်မှာ အဲဒီဝန်ထမ်းအလုပ်ကိုသွားလုပ်ဖို့ စဉ်းစားသေးတယ်။ သူက ဝန်ထမ်းလုပ်ရင်း တစ်ဖက်ကလည်း ကိုယ်ပိုင်လုပ်ငန်းကိုလည်ပတ်မယ်ပေါ့။ တကယ်တမ်းတော့ ဝန်ထမ်းလုပ်ရင်း ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်ဖို့ သိပ်မလွယ်လှဘူး။ ကိုယ်တစ်ယောက်တည်း စတင်လည်ပတ်ရမယ့်လုပ်ငန်းတစ်ခုကို အချိန်ပြည့်စိတ်မနှစ်နိုင်ရင် အောင်မြင်ဖို့မလွယ်ပါဘူး။ ဒါပေမဲ့ သူက သူ့လုပ်ငန်းအောင်မြင်ဖို့ထက် သေချာတဲ့လစာဝင်ငွေရတာကိုပဲ စိတ်အားထက်သန်နေတယ်။
ဆိုတော့ ကိုယ်ပိုင်လုပ်ငန်းပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင် လုံခြုံစိတ်ချရမှုကိုအားသန်နေလို့မရဘဲ စွန့်စားမှုယူရဲတဲ့စိတ်၊ သတ္တိတော့လိုတယ်။ ချမ်းသာကြွယ်၀ဖို့အတွက် Mindset အအရေးကြီးတယ်ဆိုတာ ဒါကိုပြောတာပဲ။ လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားကတော့ ကိုယ့်ရဲ့ရွေးချယ်မှုပဲ။
#HeinZaw
Keep Reading