မောရိသျှ
၁။ လောက သဘာဝဟာ အတာလွယ်ပြီး၊ အနွံနာခံပါတယ်။ (အတာ = တစ်ဦးတစ်ယောက်အတွက်သတ်မှတ်ထားသောတာဝန်။ တစ်ဦးတစ်ယောက်ပေါ်တွင်ကျရောက်သောတာဝန်။) သဘာဝရဲ့ အကြောင်းတရားနဲ့ အကျိုးတရား အလိုက် အစကနေ အဆုံး အားလုံး ဖြစ်တည်ပျက်လျက် ရှိတယ်။
၂။ ကောင်းတာ လုပ်တိုင်း ကောင်းတာ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ဖြစ်သမျှ အကြောင်း အကောင်းပဲ။ အအေး၊ အပူ၊ အခါး၊ အချို၊ အလုပ်၊ အနား၊ အရွံ၊ အမုန်း၊ သေခြင်း၊ ရှင်ခြင်း၊ အားလပ်ခြင်း၊ ပင်ပန်းခြင်း စသဖြင့် ဘဝ မှာ မတူညီတဲ့ ဆန့်ကျင်ဘက် သဘောတရားတွေ မလွဲမသွေ ဖြစ်လိမ့်မယ်။ ရှောင်လို့လည်း ရမှာ မဟုတ်သလို၊ မဖြစ်မနေ ရင်ဆိုင်မှသာ ဖြစ်သမျှ အကြောင်းကို အကောင်းဖြစ်အောင် ပြောင်းလဲနိုင်လိမ့်မယ်။
၃။ အတွင်းကိုကြည့်ပါ။ အပြင်ပန်း ပုံသွင်ရဲ့ လှည့်စားမှုကြောင့် တန်ဖိုးကို မသိမြင်နိုင်ဘဲ ဖြစ်သွားတတ်တယ်။
စစ်မှန်တဲ့ အနှစ်သာရကို မြင်အောင် ကြည့်တတ်မှ တန်ဖိုးအလိုက် မြတ်နိုးနိုင်လိမ့်မယ်။
၄။ အရာအားလုံး အစဉ်မပြတ် ပြောင်းလဲနေတယ်။ တစ်မျိုးတည်း၊ တစ်ပုံတည်း၊ တစ်သတ်မှတ်တည်းအစဉ် ထာဝရ တည်ရှိနိုင်မှာ မဟုတ်ဘူး။အစွဲကြောင့် ကောင်းကျိုး မဖြစ်နိုင်ဘူး။ အခိုးအငွေ့နဲ့ တူတဲ့ အတုအယောင်တွေကို မက်မောနေမယ့်အစား၊ အစိုင်အခဲဖြစ်တဲ့ အမှန်တရားနဲ့ ရှင်သန်လိုက်ပါ။
၅။ ကြောင်းကျိုးဆင်ခြင်တုံတရား ရှိနေရင်၊ နေရဲမယ်၊ ရှင်ရဲမယ်၊ ပြီးရင် သေရဲမယ်။
၆။ အမွန်မြတ်ဆုံးသော ကလဲ့စားဟာ တန်ပြန်စိတ်ထား မရှိခြင်းပဲ ဖြစ်တယ်။
၇။ တစ်ကိုယ်ကောင်းစိတ် ကနေ ပြုပြင်ပြောင်းလဲနိုင်မယ့် အလုပ်က ကျေနပ်တတ်ခြင်း နဲ့ ရောင့်ရဲနိုင်ခြင်းပဲ ဖြစ်တယ်။
၈။ မတည်ငြိမ်ဆုံးသော အရာဟာ စိတ်ပဲ ဖြစ်တယ်။ မသေချာဆုံးသော အရာကလည်း စိတ်ပဲ ဖြစ်တယ်။ မရေရာတဲ့ စိတ်သဘာဝကြောင့် မသေချာတဲ့ ရွေးခြယ်မှုတွေကို လုပ်မိတတ်တယ်။ မသေချာတဲ့ ရွေးခြယ်မှုတွေကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ခံစားရတတ်တယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးဆက်ကြောင့် နောင်တများစွာ ရတတ်တယ်။
နောင်တစိတ်ကြောင့် တိုးတက်စိတ်ကို မွေးမြူနိုင်တယ်။ တိုးတတ်စိတ်ဟာ တည်ငြိမ်မှု မရနိုင်တဲ့ စိတ်သဘာဝရဲ့ အနှစ်သာရ ဖြစ်တယ်။
၉။ သဘာဝ အလွန် ဘယ်အရာမှ မဖြစ်နိုင်ဘူး။ သဘာဝကြောင့် ဖြစ်လာပြီး၊ သဘာဝ အတိုင်း ပျက်စီးသွားလိမ့်မယ်။ သဘာဝကို လွန်ဆန်ပြီး ဖြစ်လာတဲ့ အရာမရှိသလို၊ သဘာဝ ကို လွန်ဆန်ပြီး ဖြစ်လို့ မရဘူး။ အရာအားလုံး သဘာဝအတိုင်း ဖြစ်ပျက်နေကြတယ်။ အခုလည်း သဘာဝပဲ၊ နောင်လည်း သဘာဝပဲ ဖြစ်တယ်။
၁၀။ လောက သဘာဝကြီးမှာ ဖြစ်နေသမျှ အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာလိုက်ရင် နောက်ဆုံး ပရမာနုမြူ အထိ ပိုင်းစစ်လို့ ရတယ်။ ပရမာနုမြူကလွဲရင် ဘာမှ ရှိမနေဘူး။ ပရမာနုမြူကသာလျှင် စင်စစ် အရှိတရား ဖြစ်တယ်။
မရှင်ခင်ကလည်း ပရမာနုမြူ၊ သေပြီးသည်နောက် ပရမာနုမြူ ဖြစ်ရမယ့် အတူတူ၊ ဘာလို့များ အသက်ရှင်ဖို့ အရေး တွေးပြီး ပူပန်နေဦးမှာလဲ။
ဘာ့အတွက်ကြောင့် အသက်ရှင်ဖို့ ကြိုးစားနေဦးမှာလဲ။
ဘာ့အတွက်ကြောင့် ချစ်ကြောက်ရိုသေနေဦးမှာလဲ။
ဘာ့အတွက်ကြောင့် ရိုးသားဖြူစင်နေဦးမှာလဲ။
ဘာ့အတွက်ကြောင့် ယုံကြည်သက်ဝင်နေဦးမှာလဲ။
ဘာ့အတွက်ကြောင့် ဩဇာ၊ အရှိန်အဝါအတွက် တာဝန်၊ ဝတ္တရား ခံယူနေဦးမှာလဲ။
ဘက် မရှိတော့ရင် နေမြဲနေပါ။
အကြောင်း သင့်လာရင် ပြောင်းလဲဖို့ ဝန်မလေးပါနဲ့။
ရပ်တည်ချက်အပေါ် ယုံကြည်မှု အပြည့် ရှိပါစေ။
#မောရိသျှ
Keep Reading