တင်ညွန့်
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှင်လွန်း၏ ဇနီးဖြစ်သူ မစ္စဟိုအကြောင်းကို အနည်းငယ်ပြောချင်ပါသည်။
အမေရိကန်ပြည်ထောင်စုသို့ သမ္မတဘားရက်အိုဘားမားဖိတ်ကြားသည့်ပွဲကို သူနှင့် ခင်ပွန်းဖြစ်သူ ဝန်ကြီးချုပ် တို့ တက်ရောက်ခဲ့ကြသည်။ ထိုမင်းပေါင်းစုံသည့်ပွဲသို့ ဝန်ကြီးချုပ်ကတော်တက်လာရာတွင် ကိုင်ဆောင် လာသည့် အိတ်ကလေးကိုကြည့်ပြီး အားလုံးအံ့အားသင့်ကုန်ကြသည်။
မီဒီယာတွေ၊ သတင်းစာတွေကလည်း စင်ကာပူဝန်ကြီးချုပ်ကတော် ကိုင်လာသည့် လက်ကိုင်အိတ်လေးကို သတင်းမီဒီယာများတွင် အသားပေးဖော်ပြကြသည်။ အထူးသဖြင့် အမေရိကန်သမ္မတကတော် မစ်ရှယ် အိုဘားမားကိုယ်တိုင်က ထိုအမျိုးသမီးကြီးကို တလေးတစားဖြစ်သွားရလောက်အောင် ဝန်ကြီးချုပ်ကတော်က စွမ်းဆောင်နိုင်ခဲ့ပါပေသည်။
စင်ကာပူဝန်ကြီးချုပ်၏ ဇနီးဖြစ်သူသည် ထိုမင်းပွဲသို့ တက်ရောက်လာရာတွင် ကိုင်လာသည့်အိတ်လေးမှာ ဒေါ်လာ သောင်းချီတန်နေသောကြောင့်လော မေးစရာရှိပါသည်။
မဟုတ်ပါ။
မစ္စဟို ကိုင်ဆောင်လာသည့် အပြာရောင်အိတ်လေးမှာ အမေရိကန်ငွေအားဖြင့်ဆိုလျှင် ၁၁ ဒေါ်လာသာ တန်ပါသည်။
၁၁ ဒေါ်လာဆိုသည်မှာလည်း ဝန်ကြီးချုပ်ကတော်ကိုယ်တိုင်က စင်ကာပူနိုင်ငံတွင်ရှိစဉ် မသန်စွမ်းသူများ ပွဲတစ်ပွဲသို့ တက်ရောက်ခဲ့ပြီး၊ မသန်စွမ်းကလေးများကိုယ်တိုင် ဖန်တီးပြုလုပ်ထားသော ထိုအိတ်လေးကို ရန်ပုံငွေအဖြစ် ဝယ်ယူအားပေးခဲ့သော အိတ်လေးဖြစ်ပါသည်။ ထိုအိတ်လေးကို မသန်စွမ်းသူ ၁၉ နှစ်အရွယ် ကလေးတစ်ယောက်က ဖန်တီးပြုလုပ်ထားခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ကတော်သည် ၁၁ ဒေါ်လာတန် အိတ်လေးကို ကိုင်ဆောင်သည်ဆိုသောသတင်းသည် မီဒီယာများတွင် ဟိုးလေးတကြော်ဖြစ်သွားပြီး မကြာမီမှာပင် ထိုမသန်စွမ်းကျောင်းကို ဝန်ကြီးချုပ်ကတော် ကိုင်ဆောင်သည့် အိတ်အပြာရောင်လေးဆိုကာ မှာယူသော အမှာစာတွေရောက်လာသည်။ အိတ် အလုံးပေါင်း ၂၀၀ အမှာရောက်လာသဖြင့် ကျောင်းအတွက် ဝင်ငွေတွေလည်း တိုးသွားတော့သည်။
နိုင်ငံတော်ကို အုပ်ချုပ်နေသူဇနီး၏ မထင်မှတ်သော ပြုမူဆောင်ရွက်ချက်သည် တိုင်းပြည်နှင့် လူမျိုးအပေါ် မည်မျှ ဂုဏ်သိက္ခာတက်သွားသနည်း။
ရိုးသားသော ဝန်ကြီချုပ်ကတော်ဟု နိုင်ငံတကာက အသိအမှတ်ပြုရုံမက မစ္စဟို၏ ဆောင်ရွက်ချက်ကိုပင် မွန်မြတ်သော လုပ်ဆောင်ချက်တစ်ခုအဖြစ် ယနေ့တိုင် အသိအမှတ်ပြုနေကြသည်မှာ အဘယ်ကြောင့်နည်း။
သန်းချီတန်သော လက်ဆွဲအိတ်ကြီးကို ဂုဏ်ဖော်ကာ ကိုင်ခြင်းကြောင့်လော။
၁၁ ဒေါ်လာတန် အိတ်လေးကို ကိုင်ခြင်းကြောင့်လော။
ခွဲခြားသိမြင် ဆင်ခြင်ကြစေချင်ပါသည်။
“နဂိုရှိမှ နဂိုင်းထွက်” ဆိုသည့် မြန်မာစကားပုံအတိုင်းဖြစ်သည်။
ဒေါ်လာ ၂၀,၀၀၀ တန်အိတ်ကြီးကိုကိုင်မှ ဂုဏ်ရှိသည်မဟုတ်။
၁၁ ဒေါ်လာတန် အိတ်လေးကလည်း မည်မျှ ဂုဏ်ရှိကြောင်း လက်တွေ့ပြသွားသည်။
(Ref: BBC News)
(Photo Credit: AP)
၂၈.၃.၂၀၂၅
Keep Reading