ဂျိုဇော်
ဝါသနာတစ်ခုသည် ဗီဇနှင့် ဆိုင်သည်မှန်သော်လည်းပတ်ဝန်းကျင်သည်လည်းဝါသနာအပေါ်မှာတစ်စုံတစ်ခုသောအတိုင်းအတာအထိ၊လွှမ်းမိုးမှုရှိနိုင်လေသည်။ ကျွန်တော်၏ ငယ်စဉ်ဘဝမှ စ၍စာရေးစာဖတ်ဝါသနာနာပါလာပုံကို စဉ်းစားရင်း သို့ကလို ကောက်ချက်ဆွဲမိခြင်း ဖြစ်ပါသည်။
ကျွန်တော်သည်တောကျေးလက်တွင်တောသူတောင်သား မိဘနှစ်ပါးမှ မွေးဖွားခဲ့သော်လည်း ကံကောင်းသည်ဟု ပြောရပါမည်။ အဖေကကျောင်းဆရာ။ ကျေးရွာစာကြည့်သင်းကိုဦးဆောင်ထူထောင်ခဲ့သည့်(သူတို့အခေါ်) ကျေးလက်စာကြည့်တိုက်မှူး။ စာကြည့်တိုက်ကလည်းအိမ်မှာပဲအခန်းလေးတစ်ခန်းပေးပြီးဖွင့်ထားတာဆိုတော့ ကျွန်တော်..စာအုပ်တွေ ကြားမှာပဲ ကြီးပြင်းခဲ့ရပါသည်။ သည်လို အခြေအနေမျိုးသာမပေးလျှင်ကျွန်တော်စာရေးစာဖတ်ဝါသနာပါလာပါ့မလား။စာရေးဆရာတစ်ယောက်ဖြစ်လာပါ့မလား။ မသေချာ။
သို့သော်...ကျွန်တော့်အောက်ကကျွန်တော့်ညီသည်သည်လို တူညီသော အခြေအနေမျိုးပေးပါလျက် စာရေးစာဖတ်ဝါသနာမပါ။ စာအုပ်တွေအနားပင် မကပ်ခဲ့လေတော့ ဗီဇကိုပဲ လက်ညှိုးထိုးရပြန်ချေဦးမည်။
အိမ်မှာ စာအုပ်တွေက စုံလှသည်။ ရှုမဝ၊ မြဝတီ၊ငွေတာရီစသည့် လစဉ်ထုတ် မဂ္ဂဇင်းများ။ တက္ကသိုလ်ဘုန်းနိုင်၊ အောင်လင်း၊ခင်ဆွေဦးစသည့်စာရေးဆရာအကျော်အမော်များ၏လုံးချင်းဝတ္တုရှည်ကြီးများ။ စာပေဗိမ္မာန်ထုတ် စာအုပ်များ။ အတ္ထုပ္ပတ္တိစာအုပ်များ။ ဘာသာရေးစာအုပ်များအထိ စုံလှပါသည်။ကျွန်တော့်ငယ်ဘဝ၊မူလတန်းအလယ်တန်းကျောင်းသားဘဝမှာ၊အတ္ထုပ္ပတ္တိစာအုပ်များအဖတ်များခဲ့ပါသည်။ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ စသည့် ပြည်တွင်းသူရဲကောင်းများ။ နပိုလီယံ၊ ဟန်နီဗော၊ ဂျော့ဝါရှင်တန်၊လင်ကွန်းစသည့်ပြည်ပသူရဲကောင်းများအတ္ထုပ္ပတ္တိစာအုပ်တွေအများကြီး။ ကျွန်တော်မမှတ်မိသည်များလည်း ရှိဦးမည်။ အတ္ထုပ္ပတ္တိတွေဖတ်ပြီး ကျွန်တော် ထိုပုဂ္ဂိုလ်များကို အထင်ကြီးခဲ့သည်။ အားကျခဲ့သည်။ လေးစားခဲ့သည်။ ကိုးကွယ်ခဲ့သည်။ လူထဲကလူမဟုတ်သော စူပါလူသားများဟု သတ်မှတ်ခဲ့ပါသည်။
ရသမျှ သူတို့ ဓာတ်ပုံများကို နံရံမှာချိတ်သည်။နံရံမှာကပ်သည်။ ကလေးဆိုတော့ ဝေဖန်ပိုင်းခြားနိုင်သည့်အသိကလည်းမရှိသေး။ လင်ကွန်းပုံနှင့်ဟစ်တလာပုံတစ်တန်းတည်းထားချိတ်သည်။ဗိုလ်ချုပ်အောင်ဆန်းပုံနှင့်ဗိုလ်ချုပ်နေဝင်းပုံ တစ်တန်းတည်းထား ချိတ်ခဲ့သည်။ ဓာတ်ပုံတွေ ရုပ်ပုံတွေကို ကြည့်မဝ ရှုမဝ။ “ငါလည်းသူတို့လိုဖြစ်ရင် ကောင်းမှာပဲ”ဟူသော ကလေးအတွေးနှင့် စိတ်ကူးယဉ်မှုလေးရှိခဲ့သည်ကိုတော့ ဝန်ခံရပါမည်။ ထို့ပြင်၊ ထိုစိတ်ကူးယဉ်မှုကလေးကပဲကြိုးစားအားထုတ်ဖို့၊ ဇွဲလုံ့လဝီရိယရှိဖို့၊ တစ်ကိုယ်ကောင်းမဆန်ဖို့၊ရည်မှန်းချက်မြင့်မြင့်မားမားထားဖို့အားပေးအားမြှောက်ပြုခဲ့သည်ကိုလည်းထပ်မံ ဝန်ခံရပါမည်။
ကျွန်တော်သည် ဤသို့ဤနှယ် သမိုင်းအထိကရ သူရဲကောင်းများကိုသာမကစာရေးဆရာအားလုံးကိုလည်းလူထဲက လူမဟုတ်သော စူပါလူသားများအဖြစ် သဘောထားခဲ့ပါသည်။ လေးစားအားကျနေခဲ့ပါသည်။ စာအုပ်စာစောင်များမှာ ပုံနှိပ်စာလုံးဖြင့် ရေးထိုးခံရသည့်နာမည်တစ်လုံးသည်သာမန်မဟုတ်တော့။လူထဲကလူမဟုတ်တော့ဟုကိုယ်ဟာကိုယ်သတ်မှတ်လိုက်ခြင်းဖြစ်၏။ ထိုပုဂ္ဂိုလ်များကို အပြင်မှာ အရှင်လတ်လတ်တွေ့ချင်မြင်ချင် (ဖူးမြော်ချင်) ဇောသည် တစ်ခါမှာတော့ အမှတ်ထင်ထင် ဖြစ်ခဲ့ရလေ၏။
ထိုနေ့(ည)မှာ ဆရာကြီးဦးသိန်းဖေမြင့်၏ စာပေဟောပြောပွဲတံတားဦးမြို့တွင် ကျင်းပပါသည်။ တံတားဦးသား ရုပ်ရှင်မင်းသား စိုးရွှေနှင့် တွဲပြီး ဟောသည်ကိုမှတ်မိနေပါသည်။ကျွန်တော်တို့ရွာနှင့်တံတားဦး၅မိုင်ခန့်ဝေးသည်။ ကြားမှာ ဒုဋ္ဌဝတီမြစ်ကိုလည်း ကူးတို့ငှက်ဖြင့်ဖြတ်ရသေးသည်။ အဖေ့ကို လိုက်ပို့ပေးဖို့ ပူဆာတော့အဖေက အလိုလိုက်ရှာသည်။ (စိတ်ပါလက်ပါတော့ ဟုတ်ဟန်မတူ။ အဖေက ပမညတ ကိုမုန်းသူဖြစ်၏) ဒါတွေ ကျွန်တော်မသိ။ ဦးသိန်းဖေမြင့် ဟောသွားတာလည်း ကျွန်တော် မသိ။ လူကို ကြည့်မြင်လို၍ မြင်ဖူးလို၍ သွားခြင်းကိုး။ဟောပြောပွဲအပြီးမှာ ပရိသတ်က ဆရာကြီးကိုစာအုပ်လေးတွေ ထိုးထိုးပေးပြီး အော်တိုရေးခိုင်း နေကြသည်။ကျွန်တော် လက်ခနဲ အကြံ ရသွားပြီး အဖေ့ကို အော်တိုစာအုပ် အဝယ်ခိုင်းသည်။ သည် တစ်ခါလည်း အဖေက အလိုလိုက်ရှာသည်။
ကျွန်တော် ရင်တခုန်ခုန်၊ ဒူးတတုန်တုန်ဖြင့် လူအုပ်ကြားတိုးဝှေ့ပြီးဆရာကြီးကိုအော်တိုစာအုပ်လှမ်းပေးတော့ တစ်ချက်ကြည့်ပြီး တိုတိုပဲ ရေးပေးလိုက်လေသည်။ “ကြိုးစားပါ”တဲ့။ ကျွန်တော် အဲသည်စာလုံးသုံးလုံးပဲ ရေးထားသည့် အော်တိုစာအုပ်လေးကို နှစ်ပေါင်းများစွာ သိမ်းထားခဲ့ပါသည်။
ရွာမှာ အဲသည်အကြောင်းလေး အဖေ ပြန်ပြောတော့ဆွေမျိုးတွေက ရယ်ကြသည်။ သူတို့ကိုရှက်ပြီး ကျွန်တော်ထိုလက်ရေးလေး မြင်လိုတိုင်းလူမသိအောင် ခိုးခိုးကြည့်ခဲ့ရပါသည်။
**********
ကြွားဝါလို၍ မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်လို၍ ပြောပါဦးမည်။ ကျွန်တော်သည် သူငယ်တန်းမှ စပြီး ဆယ်တန်းအထိဒုတိယတစ်ခါမျှမရဖူးခဲ့ပါ။ ပထမသာ အမြဲရခဲ့ပါသည်။ ဆယ်တန်းကို လေးဘာသာဂုဏ်ထူးဖြင့် အမှတ်ပေါင်း ၄၇၄ မှတ်ဖြင့် အောင်တော့လည်း (ထိုစဉ်က )တံတားဦးအထက်တန်းကျောင်း၏ စံချိန်သစ် ဖြစ်ခဲ့ရပါသည်။
သူငယ်ချင်းတွေ စာတစ်ပုဒ်ကို လေးငါးဆယ်ခေါက် ဖတ်နေရချိန်၊ ကျွန်တော်က နှစ်ခေါက်ဖတ်လျှင် အကုန်မှတ်မိနေပြီ။ အထူးသဖြင့် သမိုင်းဘာသာရပ်မှာ “နပိုလီယံ၊ ဟစ်တလာ၊မူဆိုလီနီ” သူတို့ စာလုံးပေါင်းမှန်အောင်ကြိုးစားနေရသည့်အချိန် ကျွန်တော်က သူတို့ အတ္ထုပ္ပတ္တိကြီးတွေဖတ်ပြီးပြီ။ ရှက်ရှက်နှင့် ဝန်ခံရလျှင်“သမိုင်းသင်သည့် ဆရာမတောင်ငါ့လောက် နှံ့နှံ့စပ်စပ်သိပါ့မလား”ဟုဘဝင်လေရိုက်သည့် အတွေးမျိုးတွေးမိခဲ့သေးသည်။ မိမိကိုယ်ကို ကျောင်းသားထဲကကျောင်းသားဟု မခံယူဘဲ စူပါကျောင်းသားဟု ခြေဖျားထောက်မိခဲ့ပါ၏။
မန္တလေးဆေးတက္ကသိုလ် ရောက်သွားမှ မြှောက်ထားသည့် ဖနောင့်အောက်ပြန်ချရတော့သည်။ မိမိထက် ဉာဏ်ကောင်းသော၊ မိမိထက်အမှတ်များသော ဂုဏ်ထူးများသော ကျောင်းသား အများကြီးကိုး...။
နောက်တစ်ခု ဝန်ခံစရာရှိပါသေး၏။ ကျွန်တော်သည် လေးတန်းလောက်ကတည်းက အစလေးလုံး၊အလယ်သုံး၊ အဆုံး ငါးခုနစ်” ဥပဒေသအတိုင်း သံပေါက် ကဗျာလေးများ စပ်တတ်၊ ရေးတတ်နေပါပြီ။ ခုနစ်တန်းမှာကျွန်တော့်ကဗျာတွေ ကျောင်းနံရံကပ်စာစောင်မှာ ပါနေပြီ။ ကိုးတန်းမှာဆရာတွေကို ဝိုင်းကူရသည့် နံရံကပ်စာစောင်၊ ကော်မီတီအဖွဲ့ဝင် ဖြစ်ခဲ့ပါ၏။
ဆေးတက္ကသိုလ် ရောက်တော့လည်း ကျောင်းတက်ကာစလပိုင်းပဲရှိသေးကဗျာပြိုင်ပွဲတစ်ခုနှင့်တိုးသည်။ တတ်သည့် ပညာ မနေသာဝင်ပြီးအစွမ်းပြတော့ ဒုတိ
ယဆုရသည်။အတန်းကြီးက ကျောင်းသားကြီးများကိုကျော်တက်ပြီးရခြင်းဖြစ်လေရာ ချထားသည့် ဖနောင့် ပြန်ကြွလာပြန်၏။
တက္ကသိုလ်မှာလည်း စာ၊ကဗျာနှင့်ပတ်သက်လျှင် ခြေဖျားထောက် ချင်ချင်ဖြစ်ရ၏။ ပထမဆုရသော တစ်တန်းတည်းသား “တင်မောင်ညွန့်” ဆိုသည့် ကျောင်းသားကိုလည်း ကျွန်တော် မျက်ခုံးတွန့်ကြည့်ခဲ့သည်။ အနှီ တင်မောင်ညွန့်သည် ယခု"ကျော်စွာထက်" ဖြစ်ပါလေ၏။နောက်တော့လည်း တင်မောင်ညွန့်နှင့် ခင်သွားပါသည်။အတန်းထဲမှာစာ၊ ကဗျာ ဝါသနာပါသည့် ရေးစမ်းနေကြသည့် သူငယ်ချင်းတွေ ရှိကြသည်။ အတန်းကြီးတွေမှာလည်းရှိသည်။ သို့သော် သူတို့ အားလုံးကို သင်းတို့ငါ့လောက်သမိုင်းဗဟုသုတ၊ နိုင်ငံရေးဗဟုသုတ၊ ဘာသာရေး ဗဟုသုတရှိကြပါ့မလား။ အထင်သေးထားသည်။ကိုယ့်ဟာကိုယ် ထင်တစ်လုံးနှင့်နေခဲ့မိသည်။
အချင်းချင်းအထင်မကြီးသလိုစာရေးဆရာများအပေါ်မှာလည်း ငယ်တုန်းကလို အထင်ကြီးစိတ်၊ လေးစားစိတ်များ လျော့ကျနေပါသည်။ မာန်အတက်ဆုံး အရွယ်၊နှလုံးခုန်အားအကောင်းဆုံးအရွယ်မို့လည်းဖြစ်ကောင်းဖြစ်နိုင်သည်။ စာဖတ်လျှင် အပြစ်ရှာသည့်မျက်စိဖြင့်ဖတ်မိနေသည်။ ကောင်းတာကျော်လွှား၊ မကောင်းတာတွေပဲဖော်စားနေသည့် အပေါက်မျိုး။"ငါဆိုရင် ဒီနေရာ ဒီလိုရေးမှာပဲ”။ “ဒါကတော့ ပြည်သူကိုသစ္စာဖောက်တာ။"
“ဒါကတော့ ငါ့စကား နွားရရေးထားတာ” စသည်ဖြင့်ဝေဖန်နေတတ်ပါသည်။ ထိုအချိန်က ခေတ်စားသည့်လက်ဝဲအယူအဆများကြောင့်လည်း ဖြစ်နိုင်သည်။ငြင်းခုန်နိုင်ဖို့၊ဝေဖန်နိုင်ဖို့၊အပြစ်ရှာထောက်ပြနိုင်ဖို့၊စာတွေလည်း ပိုပို ဖတ်နေရသည်။ ရှာဖွေဖတ်နေရသည်။ ကျောင်းစာမှာ အောင်တယ်ဆိုရုံအဆင့်သာ ရှိတော့၏။
တစ်သက်လုံးမြတ်မြတ်နိုးနိုးသိမ်းလာခဲ့သည့်ဦးသိန်းဖေမြင့် အော်တိုစာအုပ်လေးလည်း သယ်အချိန်က ပျောက်သွားမှန်း မသိတော့။ကျွန်တော်တို့အတန်းထဲမှာရေနံချောင်းသူ“တင်တင်ဝင်းနှင့်၊ချင်းပြည်နယ်ကလာသော"ထားထား"ဆိုသူ ကျောင်းသူ နှစ်ယောက်သည်လူပုသလောက်(စာ၊ကဗျာကိစ္စမှာ)တော်တော်စွာကြသည်။ ကျွန်တော်ကတော့ အချင်းချင်းသူလိုငါလိုပင်သဘောထားပါသည်။ ဟော... ကျောင်းမပြီးခင်မှာပဲ တင်တင်ဝင်းက “ဂျူး” ဆိုပြီး ရှုမဝမှာ နာမည်ထကြီးပါလေရော။
မရှေးမနှောင်း..ထားထားကလည်း"စုထား"ဆိုပြီးထင်ရှားလာပြန်၏။ ကျွန်တော် မျက်လုံးပြူးသွားသည်။ကိုယ့်မျက်စိရှေ့မှောက်မှာပဲ သည်ကောင်မလေးနှစ်ယောက် စင်တော်ကောက်တွေ ဖြစ်ကုန်ကြသကိုး။" တို့.. ဒီလိုနေလို့တော့ မရတော့ဘူးကွ။ သူတို့ နှစ်ယောက်တောင် ဖြစ်သေးတာပဲ..."
ကျွန်တော်တို့သူငယ်ချင်းစာရေးဖော်ရေးဖက်မြင်းခြံသားသောင်းတင်ကပြောသည်။ ထိုအချိန်မှာ ကျွန်တော်တို့နှစ်ယောက်စလုံး အလုပ်သင်ဆရာဝန်တွေ ဖြစ်နေကြပြီ။ဆရာဝန်များအဆောင်မှာတစ်ခန်တည်း အတူနေကြသည်။ သည်ကောင်က ပြောသလိုလည်းလုပ်သည်။ဝီရိယလည်းကောင်းသည်။ အခန်းထဲမှာ နေ့နေ့ညည တကုပ်ကုပ် စာရေးလေတော့၏။
ကျွန်တော် တရေးနိုးထကြည့်လည်း သည်ကောင်ရေးမြဲရေးနေဆဲ။ မကြာပါချေ။ အနှီသောင်းတင်သည်လည်း “လူမျိုးနော်” ဆိုပြီး နာမည်ရသွားပါလေ၏။
“ဟာ... စိုးဝင်း မင်းသည်လိုနေလို့တော့ မဖြစ်တော့ဘူး..."သည်တစ်ခါတော့ ကိုယ့်ကိုကိုယ်ပြန်ပြောရပြီ။ ရေးလိုက်၊ ပို့လိုက်၊အပယ်ခံရလိုက်။ ပြန်ရေးလိုက်၊ ပြန်ပို့လိုက်နှင့်။ ကျောင်းပြီးဘွဲ့ရလို့ ၂ နှစ်ကြာမှ “ဂျိုဇော်”ဟူသော ကလောင်နာမည်လေး ထုပ်ထုပ်ပိုက်ပိုက် ဖြစ်ခဲ့ရလေသည်။
**************
သည်လိုနှင့် အချိန်တွေ ကုန်လွန်ခဲ့ပြီ။ ကျွန်တော် စာပေနယ်သို့ ရောက်ရှိခဲ့သည့် ၁၉၈၅ ကတွက်လျှင် စာညရေးသက် နှစ်၃ဝတင်းတင်းပြည့်ပြီ။ စာမျိုးစုံလည်း ရေးခဲ့ဖူးပြီ။ အယ်ဒီတာများစွာ မဂ္ဂဇင်းများစွာနှင့်လည်းဆက်ဆံခဲ့ဖူးပြီ။ စာရေးဆရာ ကြီးငယ်များစွာနှင့်လည်း ပေါင်းသင်းခင်မင်ခဲ့ဖူးပြီ။
မဂ္ဂဇင်းတွေလည်း ပျောက်ကွယ်သွားလိုက် အသစ်ပေါ်လာလိုက်နှင့်အနိစ္စသဘောကိုဆောင်ကြကုန်၏။စာရေးဆရာတွေလည်း ကွယ်လွန်သွားကြ၊ အသစ်ပေါ်လာကြနှင့် အနိစ္စသဘောကို ဆောင်လေကုန်၏။ တစ်ချို့မီးစာကုန်ဆီခမ်း၍ အနိစ္စစခန်း မြန်းကြသည်။ တစ်ချို့ မီးစာမကုန် ဆီမခမ်းဘဲ လေသရမ်း၍ ဘဝမီးတောက် ငြိမ်းရရှာသည်။
ကျွန်တော်သည် မိမိကိုယ်တိုင် စာရေးဆရာဘဝကို ဖြတ်သန်းနေရ၍ လည်းကောင်း၊စာရေးဆရာများနှင့် အတွင်းကျကျ ပေါင်းသင်းနေရ၍လည်းကောင်း စာရေးဆရာများကို များစွာ နားလည်လာပါသည်။ များစွာ ကိုယ်ချင်းစာမိလာပါသည်။
တကယ်တော့ စာရေးဆရာဘဝသည်ဝဋ်နာကံနာတစ်မျိုးဟု ပြောလျှင် လွန်အံ့ မထင်ပါ။ သို့သော် ထိုဝဋ်သည် ကောင်းမြတ်သော၊စင်ကြယ်သော၊ ဖြူစင်သောဝဋ် ဖြစ်ပါသည်။ စာပေအတွက် မိမိဘဝကို၊ မိမိ မိသားစုဘဝကို sacrifice လုပ်ထားသော ဝဋ် ဖြစ်ပါသည်။၄င်းကိုတင်စား၍ ကျွန်တော်“ဝဋ်ဖြူစင်ကြယ်” ဟူသော ကဗျာရှည်တစ်ပုဒ် ရေးဖူးပါသည်။
အဆုံးပိုဒ်မှာ...
"အေးပါကွာ...ကဗျာဆရာဆိုတာကလည်း
လေညာမှာ နေရရင်တောင်
အလိုလို ယားချင်နေတော့
ခက်တယ်..။"ဟု ရေးထားပါသည်။စာရေးဆရာ၊ကဗျာဆရာများသည် လူသားနှင့်ပတ်သက်လာလျှင်၊ အမှန်တရားနှင့်ပတ်သက်လာလျှင်၊ သဘာဝလောကကြီး၏ အလှတရားနှင့်ပတ်သက်လာလျှင်ဘယ်သောအခါမျှ" နေသာသပ လေညာက” စိတ်ထားမျိုး မရှိကြပါ။ မလွဲသာ၊ လေညာမှာနေနေရလျှင်လည်း အလိုလိုယားချင်လာသည့် ဝဋ်နာကံနာသမားများ မဟုတ်ပါလား။ ထိုကြောင့် ကျွန်တော် စာရေးဆရာဘဝကို ပိုပိုပြီး ချစ်လာပါသည်။
စာရေးဆရာများကိုပိုပိုပြီးချစ်လာပါသည်။ ကျွန်တော်
..အဖိုး သခင်ကိုယ်တော်မှိုင်းကိုချစ်သည်။ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်ကို ချစ်သည်။ ဆရာမကြီး လူထုဒေါ်အမာနှင့် ဆရာဒဂုန်တာရာကိုချစ်သည်။ ကွယ်လွန်သွားကြသောစာရေးဆရာ၊ဆရာမကြီးများ။ သက်ရှိထင်ရှား စာရေးဆရာ၊ ဆရာမများအားလုံးကို ကျွန်တော် ချစ်နေပါသည်။သည်တစ်ခါ ချစ်တာက ကလေးဘဝတုန်းကလို ချစ်ပုံချစ်နည်းမျိုး မဟုတ်။ ဘာသာရေးနှင့် ဥပမာပေး ခိုင်းနှိုင်းရလျှင် ကလေးဘဝတုန်းကအချစ်သည်မဂ်ဖိုလ်ကိုစာတွေ့နှင့် အရသာခံသည်နှင့်တူ၏။ယခုအချိန်မှာဖြစ်သည့် အချစ်က မဂ်ဖိုလ်ကို ခန္ဓာတွေ့ အရသာခံသည်နှင့်တူပါသည်။
*********
ကျွန်တော်၏ အရွယ်သုံးပါးကို ဆစ်ပိုင်းဝေဖန်ကြည့်လိုက်သောအခါ...ပထမအရွယ်တုန်းက သူရဲကောင်းတွေကို၊လူပေါ်လူဇော်တွေကို၊ စာရေးဆရာတွေကို အထင်ကြီး ကိုးကွယ်အတုယူလိုသည့် “အားကျတံခွန်” လွှင့်ထူခဲ့သည်ဟု ဆိုရပါမည်။
ဒုတိယအရွယ်မှာတော့ “သူတို့လို ငါလည်း စွမ်းရပေမပေါ့”ဟူသည့် “မာနတံခွန်” လွှင့်ထူခဲ့မိသည်ဟု ဆိုရပါမည်။ယခု တတိယအရွယ်မှာ လွှင့်ထူမိနေသည့် တံခွန်ကတော့ နားလည်မှုကိုယ်ချင်းစာတရားကို အခြေခံသည့် မေတ္တာစိတ်၊ ကရုဏာစိတ်၊မုဒိတာစိတ်၊ဥပေက္ခာစိတ်များဖြစ်နေသည်ကိုတွေ့ရပါသည်။“ဗြဟ္မစိုရ်တံခွန်”ဟုပဲကင်ပွန်းတပ်ရပါတော့မည်။သည်တံခွန်ကိုတော့ ကျွန်တော် ဆက်လက် လွှင့်ထူရပါမည်။ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ မတ်မတ်ခိုင်ခိုင် စွဲကိုင်လွှင့်ထူနေပါမည်။ ဘဝမီးတောက်ကလေး မငြိမ်းခင်အထိပေါ့ . . . ။
*********
ဂျိုဇော်
Keep Reading