မောရိသျှ
ကိုယ့်ကိုယ်ကို ဆင်ခြင်လိုက်လို့ ဘာအကျိုးကျေးဇူးတွေ ရလာမှာလဲ။ ကိုယ်သိပြီးသားကို ပြန်တွေးရုံနဲ့ ဘာမှ အကျိုးထူးမနေပါဘူး။ သေမှာကို လူတိုင်း သိသလို၊ ဘယ်လိုသေမှာကို ဘယ်သူမှ မသိတာကိုလည်း သိပြီးသားပါ၊ အဲတော့ ဘာကို မျှော်နေရဦးမှာလဲ။ ကိုယ်သိပြီးသားကို သတိပြန်လည်အောင် အောက်မေ့လက်ခံ ထားဖို့ လိုတာပါ။
နေ့စဉ်နဲ့ အမျှ ကိုယ့်ကိုယ်ကို သတိပေးပါ၊ အချိန်တန်ရင် မင်း သေမှာ၊ မသေခင် မင်း အတွက် အကျိုးရှိမယ့် အလုပ်တွေကို လုပ်ဖြစ်အောင် လုပ်နိုင်ပါစေ။ ကိုယ့် ပတ်ဝန်းကျင်မှာ ဖြစ်နေပျက်နေသမျှ ကိစ္စတိုင်းကို သံဝေဂ ယူတတ်ပါစေ။ အတွေးတစ်ခု၊ အမှတ်သညာ တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ အောက်မေ့နေရတဲ့ အတွက် စိတ်ပျင်းရိစရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သေမျိုးသေနွယ် သေကိုသေရမယ် ဆိုတာကို နှလုံးသွင်းထားခြင်းက မသေခင် လုပ်သင့်လုပ်ထိုက်တာတွေကို အချိန်မှီ လုပ်ရဲတဲ့စိတ် ပေါက်ဖွား စေနိုင်လို့ ဖြစ်ပါတယ်။ မြေအောက် ကြမ်းပြင်နဲ့ မထိခင် အခိုက်အတန့်လေးမှာ ကိုယ့်စိတ်က ပေါ့ပါးနေခဲ့မယ် ဆိုရင် သေဖို့ မကြောက်နိုင်တော့ပါဘူး။ သေဖို့ရာကို မကြောက်တော့မှတော့၊ ဘာကိုပဲ လုပ်လုပ်၊ သတ္တိရှိရှိ လုပ်ရဲတဲ့ စိတ်စွမ်းအား အပြည့်အဝ ရနိုင်ပါလိမ့်မယ်။
ဒီလို နှလုံးသွင်း တဲ့ အလေ့အကျင့်ကို - တရားမှတ်တယ်- လို့ခေါ်ပါတယ်။ သံဝေဂ တရား တစ်ခုခုကို နှလုံးသွင်းပြီး တရားမှတ်ခြင်းဟာ စိတ်ရဲ့ တည်ကြည်မှုကို အမြန်ရစေနိုင်ပါတယ်။ အဲဒီအပြင်၊ တရားမှတ်တဲ့ အလေ့အကျင့် အားကောင်းလေလေ၊ စိတ်ရဲ့ ခိုင်မာမှု၊ ပြတ်သားမှု၊ ရဲတင်းမှုတွေ တိုးပွားလေလေ ဖြစ်ပါတယ်။ အမှတ်သညာ တစ်ခုနဲ့ တရားမှတ်တာ ဖြစ်တဲ့အတွက်၊ စိတ်လေလွှင့်တာမျိုး နည်းပါးသွားပြီး၊ မှတ်ဉာဏ် လည်း အားကောင်းလာပါလိ့မ်မယ်။
သတိနဲ့ တရားမှတ်တာ ဖြစ်တဲ့အတွက် စိတ်နှလုံးထဲ တေးမှတ်ရသမျှ အမှတ်တရတွေကို မမေ့မလျော့ မှတ်သားနိုင်တဲ့ အကျိုး ရှိစေပါတယ်။ ဘဝ မှာ ဖြစ်လာနိုင်တဲ့ အဆိုးရွားဆုံး အရာတွေထဲက အဆိုးဆုံးက “သေခြင်း” ဖြစ်ပါတယ်။ သေခြင်းကိုတောင် စိတ်ခိုင်မာအောင် နှလုံးသွင်းနိုင်မှတော့၊ ဘဝမှာ ဖြစ်လာမယ့် စိန်ခေါ်မှုတိုင်းကို ရင်မဆိုင်ရဲနိုင်စရာ အကြောင်းမရှိတော့သလို၊ သေဖို့တောင် ပြင်ဆင်ပြီးမှတော့၊ တော်ရုံ ဘဝ လောကဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ စိတ်စွမ်းအားတွေ ရှိပြီးဖြစ်ပါတယ်။
သေခြင်းကိုတောင် တန်ဖိုးထားတတ်မှတော့၊ ရှင်သန်ခြင်းကို တန်ဖိုး မထားတတ်စရာ အကြောင်း မရှိတော့ ပါဘူး။ တရားမှတ်ခြင်းက မှတ်ဉာဏ်ကို အားကောင်းစေနိုင်ပါတယ်။ သတိစိတ်နဲ့ အသိစိတ်ကို အကျင့် ဖြစ်အောင် လေ့ကျင့်ခြင်း ဖြစ်တာကြောင့် ပေါ့ပေါ့ဆဆ လုပ်တတ်တဲ့ အမူအကျင့်တွေကိုလည်း ပြုပြင်ပြီး ဖြစ်သွားပါတယ်။ ဘဝ အသက်မွေးဝမ်းကြောင်းမှာလည်း အဆိုးဆုံး ရလဒ်တွေ ကြုံတွေ့လာရင်တောင်၊ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိ မွေးမြူပြီးသား ဖြစ်သွားသလို၊ အဆိုးဆုံးကို ရင်ဆိုင်ရဲတဲ့အတွက်၊ အကောင်းဆုံးကိုလည်း တန်ဖိုးထားတတ်သွားပါတယ်။ ဘယ်လို အနှောက်အယှက်မျိုးကိုမဆို ကျော်လွှားရဲတဲ့ သတ္တိကို မွေးမြူပြီးသား ဖြစ်သွားပါတယ်။
တရားမှတ်နေရင်း၊ အဆုံးသတ်တော့မယ် ဆိုရင်၊ အသက်ကို ဝဝ ရှိုက်ချလိုက်ပါ၊ ကြက်သီးမွှေးညှင်း ထသွားအောင်ကို ပင့်သက် ရှိုက်လိုက်ပြီး၊ ခနလောက် အောင့်ထားလိုက်ပါ။ ကျေနပ်သွားတော့မှ အားရပါးရ ရှိုက်ထုတ်ပစ်လိုက်ပါ။ စိတ်ထဲ ဖြစ်နေသမျှ မကောင်းတဲ့ အတွေးတွေကို ရှိုက်ထုတ်လိုက်တဲ့ လေနဲ့အတူ မျှောချပစ်လိုက်ပ။ ပတ်ဝန်းကျင်က အသံတွေ၊ အနှောက်အယှက်တွေကို မေ့ထားပါ။ အဲဒီလိုပဲ၊ ကိုယ့်ခန္ဓာ ကိုယ်က ဖြစ်လာမယ့် အညောင်း၊ အညာ၊ အကိုက်အခဲတွေကိုလည်း ခနလောက် မေ့ထားပါ။ မျက်လုံးကို ဖြည်းဖြည်းနှေးနှေး ဖွင့်လိုက်ပါ။ ခန္ဓာကိုယ် အနေအထား မပြောင်းပါနဲ့ဦး။
တရားမှတ်နေခဲ့တုန်းက စိတ်ထဲ အမှတ်သညာ ထားခဲ့သမျှ အကြောင်းအရာတွေကို ပြန်ဆင်ခြင်ပါ။ တရားမှတ်ခဲ့ရကျိုး နပ်သလား၊ မနပ်ဘဲ၊ စိတ်လေနေခဲ့လား။ ပြန်သုံးသပ်ပါ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အဆုံးအဖြတ် တစ်ခုနဲ့ မပိုင်းဖြတ်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။
သေခြင်းကို တကယ်ပဲ အောက်မေ့နိုင်ခဲ့ပြီး၊ ရှင်သန်ခြင်းရဲ့ တန်ဖိုးကို နားလည်ခဲ့သလား၊ ပြန်တွေးပါ။ နက်ရှိုင်းတဲ့ စိတ်နှလုံးသား ဟိုးအောက်ဆုံးအထိ နိုက်ပြီးတွေးပါ။ စိတ်ရဲ့ တည်ကြည်မှု ရခဲ့ပြီလား။ မရသေးဘူးလား။ ကိုယ့် စိတ်နဲ့ကိုယ် ပြန်ပြီး အမှတ်ပေးပါ။ အမှတ်နည်းနေသေးရင်၊ တရားမှတ်တဲ့ အလေ့အကျင့်ကို ခပ်များများလေး လုပ်ပါ။
သန္နိဋ္ဌာန် -အဓိဋ္ဌာန် တစ်ခု လုပ်လိုက်ပါ။ တစ်ရက်ကို အနည်းဆုံး ၁၀ မိနစ် ကနေ ၁၅ မိနစ် တရားမှတ်မယ်၊ စသဖြင်ပေါ့။ စည်းကမ်းကြီး တစ်ခုလို မသတ်မှတ်ပါနဲ့၊ မလိုက်နာဘဲနဲ့လည်း မနေပါနဲ့။ ကိုယ့်စိတ်က ပိုင်းဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ကိုယ်တိုင် လိုက်နာပါ။ ဒါမှ စိတ်စွမ်းရည်ကို တည်ဆောက်နိုင်ပြီး၊ စစ်မှန်တဲ့ အသိဉာဏ်ပညာကို ရနိုင်မှာ ဖြစ်ပါတယ်။
#မောရိသျှ
ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဓဓမ္မ - အဝိဇ္ဇာအမှောင်မှ လွန်မြောက်ကျင့်ကြံခြင်း။
Keep Reading