SarPhat Author
အခုလို နည်းပညာတွေ တိုးတက်နေချိန်မှာ လူငယ်များဟာဆိုရင် မိုဘိုင်းဖုန်းနှင့် ဆိုရှယ်မီဒီယာများကို ပိုပြီးအသုံးပြုလာကြပါတယ်။ Social Media တွေကို အများအပြား သုံးစွဲလာကြတဲ့အလျောက် အချို့သောသူတွေမှာ အလွန်အကျွံစွဲလမ်းလာကြတာမျိုးလည်း ဖြစ်လာတတ်ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ ဥပမာ ဆေးလိပ်၊ အရက်စတဲ့ စွဲလမ်းစေတဲ့ အရာတွေသုံးတဲ့ အခါထွက်တဲ့ Dopamine လို့ခေါ်တဲ့အရာက ဆိုရှယ်မီဒီယာသုံးတဲ့အခါမှာလည်း ကိုယ်တွင်းက ထွက်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် မနက်ကနေ ညထိ ဆိုရှယ်မီဒီယာများပေါ်မှာ အချိန်ကုန်မှန်းမသိ ကုန်သွားတာမျိုးတွေဖြစ်လာတတ်တာပါပဲ။
ဒါဆို ဆိုရှယ်မီဒီယာတွေနဲ့ Dopamine ဟော်မုန်းဆက်စပ်မှုအကြောင်းဆက်လက် ဖတ်ရှုကြည့်လိုက်ရအောင်။
Dopamine ဆိုတာ ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ကောင်းမွန်တဲ့အရာနဲ့ စိတ်လှုပ်ရှားစရာ တွေရရှိခံစားရတယ်လို့ ထင်မှတ်တဲ့အခါ ထွက်ပေါ်လာတတ်ပါတယ်။ ဥပမာပြောရရင် ဆေးလိပ်သောက်လိုက်ရတဲ့အခါ၊ အားကစားလုပ်လိုက်ရတဲ့အခါ၊ လောင်းကစားလုပ်လိုက်ရတဲ့ အခါ စသည်ဖြင့်ထွက်လေ့ရှိတတ်သလို စွဲလမ်းမှုကို အစပျိုးစေတတ်ပါတယ်။
ထိုနည်းတူ ဆိုရှယ်မီဒီယာပေါ်က React, Comment နှင့် Message စတဲ့ အရာတွေကို လက်ခံရရှိတိုင်း Dopamine ထွက်တာကြောင့် တစ်စနဲ့တစ်စ စွဲလမ်းလာစေတတ်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာကို အသုံးပြုမယ်ဆိုရင် Screen ပေါ်ကို လက်တစ်ချောင်းနဲ့ တစ်ချက်နှိပ်လိုက်ရုံဖြင့် အိပ်ရာကနေ ထစရာမလိုပဲ တစ်နေ့တာအတွက် Dopamine ကို ခံစားရစေပြီး ပျင်းရိမှုကိုလည်း စွဲလမ်းလာစေနိုင်ပါတယ်။
ဒါပေမဲ့လည်း မိုဘိုင်းဖုန်းနှင့် ဆိုရှယ်မီဒီယာ စွဲလမ်းမှုများက အမြဲမကောင်းတာတော့မဟုတ်ပါဘူး။ အလွန်အကျွံအသုံးမပြုဘူးဆိုရင် စိတ်ကို ပျော်ရွှင်မှုများစွာပေးနိုင်ပြီး ကိုယ့်ရဲ့ နေ့စဥ်ဘဝတိုးတက်ရေးအတွက်လည်း အင်မတန်မှ အသုံးဝင်ပါတယ်။
လူအများစုက ဆိုရှယ်မီဒီယာကို လွန်စွာစွဲလမ်းနေကြတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုသတိထားမိပေမဲ့လည်း ထိန်းချုပ်ဖို့အတွက်ကျ ခက်ခဲလှပါတယ်။ ဆိုရှယ်မီဒီယာကို အချိန်များကြီး ပိုသုံးနေသူတွေက အချိန်အနည်းငယ်ပဲ သုံးနေသူတွေထက် စိတ်ဓာတ်ကျနှုန်းပိုများပြီး မလုံခြုံမှုကိုလည်း ခံစားရစေနိုင်ပါတယ်။
သို့သော်လည်း ကိုယ်က ဆိုရှယ်မီဒီယာကို သေချာဂရုတစိုက် အသုံးပြုမယ်ဆိုရင် ကိုယ့်ရဲ့လူမှုရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ဘဝတိုးတက်ရေးအတွက် များစွာအသုံးဝင်စေပါတယ်။
ဒီလိုမျိုး ဆိုရှယ်မီဒီယာနှင့် မိုဘိုင်းဖုန်းများ အလွန်အကျွံသုံးစွဲမှုကို လျှော့ချနိုင်ဖို့ဆိုရင် ဖုန်းရဲ့ Notification ကို ပိတ်ထားတာပဲဖြစ်ဖြစ်၊ ဖုန်းကို ကိုယ်နှင့် အဝေးမှာထားတာဖြစ်စေ (ဒါမှမဟုတ်) ဆိုရှယ်မီဒီယာ App တွေကို ခေတ္တဖျက်တာမျိုးဖြစ်စေ ပြုလုပ်ထားခြင်းဖြင့် ကိုယ့်ရဲ့ လုပ်စရာ နေ့စဥ်တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပြီး မိသားစုနဲ့သူငယ်ချင်းတွေကိုလည်း အချိန်ပိုပေးလာနိုင်မှာဖြစ်ပါတယ်။
အခုဆိုရင် လူငယ်တွေ သတိထားရမဲ့ Social Media နှင့် Dopamine ရဲ့ ဆက်နွယ်မှုအကြောင်းကို သိရှိနားလည်သွားကြမယ်လို့ ယုံကြည်ပါတယ်။ လူငယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ Social Media ကို ဘဝတိုးတက်ရေးအတွက် ကောင်းမွန်စွာအသုံးချကြဖို့ ဒီဆောင်းပါးလေးကနေတစ်ဆင့် တိုက်တွန်းအကြံပြုလိုက်ပါတယ်။
Keep Reading