SarPhat Author
မေတို့ အမျိုးသမီးတွေ အတွက် fashion က တကယ်ကိုအရေးကြီးလှပတယ်။ ငယ်ရွယ်စဥ်မှာတော့ ပိန်ပိန်ပါးပါးနဲ့ ဘာပဲဝတ်ဝတ် တင့်တယ် လှပကြပေမယ့် အရွယ်လေးရလာတဲ့အခါ ရွေးချယ်ဝတ်ဆင်တတ်ဖို့ သိပ်ကိုအရေးကြီးလှပါတယ်။ မေ ကဒီလိုတွေရေးလို့ မေ့ကို အထင်မကြီးပါနဲ့ စာချစ်သူတို့ရေ။ မေ ကိုယ်တိုင်လည်း လေ့လာနေတဲ့သူတစ်ယောက်ပါ။ အဝတ်အစားရွေးချယ်မှု မှားယွင်းတဲ့အခါ ပိုပြီး ဝတဲ့ ပုံပေါက်စေပါတယ်။ ဒီနေရာမှာ မေတို့ ရဲ့ ကိုယ်ခန္ဓာပုံစံကိုပါ ထည့်သွင်း
စဥ်းစားရမှာ ဖြစ်ပါတယ်။ မေကတော့ အရိုးအတစ်ကြီးတဲ့ သူပါ။ ခန္ဓာကိုယ်က ထွားထွားကြိုင်းကြိုင်းမို့ ပွတဲ့ အဝတ်တွေ ခါးတိုတဲ့ ပုံစံတွေနဲ့ မလိုက်ဖက်ပါဘူး။ မေ တင်ထားတဲ့ ပုံထဲမှာ တွေ့နိုင်မှာပါနော်။ ရှေ့ဆုံးကပုံလေးက ခါးတို့ပြီးပွတဲ့ ဆွယ်တာလေးဝတ်ထားပါတယ်။ အဲ့ဒီ ပုံမှာဆိုရင် မေဟာ ဝဝပုပုလေးဖြစ်နေတာကိုမြင်ရမှာပါ။ ဆွယ်တာ လည်ပင်းမှာပါတဲ့ ပန်းလေးတွေကို မေ သဘောကျပြီး ဝယ်ခဲ့တာပါ။ မေ နဲ့ လုံးဝ မလိုက်ဖတ်တာကို ပုံထဲမှာ မြင်ရပါတယ်။ ပုံ ၃ပုံဟာ ရက်ပဲခြားပါတယ်။ အဲ့ဒီ ဆွယ်တာခါးတိုနဲ့ ဒီနေ့ရိုက်တယ်ဆို နောက်နေ့က ချင်းလုံချည်ဝတ်ပြီးရိုက်ထားတဲ့ အလယ်ကပုံလေးရိုက်တယ် နောက်တစ်နေ့ကျ အနက်ခါးရှည်လေးနဲ့ပုံကိုရိုက်ခဲ့တာပါနော်။ အလယ်က လုံချည်နဲ့ပုံမှာဆိုရင်လည်း ချင်းရိုးရာလုံချည်လေးက ထူထူထဲထဲမို့ မေ့ကို ဖောင်းပွတဲ့ပုံပေါက်စေပါတယ် အသက်ပိုကြီးတဲ့ပုံလည်းပေါက်နေပါတယ်။ နောက်ဆို သတိထားရမယ့်အချက်ပါ။ ကလောရဲ့ရာသီဥတုအအေးဒဏ်ခံနိုင်ဖို့ ခြုံထည်ခြုံလိုက်တော့ ပိုဖောင်းပွသွားပုံရပါတယ်။
နောက်ဆုံးပုံလေးက မှတ်မှတ်ရရ Dec 31 မှာ ရိုက်ခဲ့တဲ့ပုံလေးပါ။ ကလောစျေးနေ့မှာ အမှတ်တရ ဝယ်ဖြစ်ခဲ့တဲ့ ခေါင်းစွပ်ဆွယ်တာ လေးပါ။ သူက ခါးရှည်ပြီး အနက်ရောင်ဖြစ်တဲ့အတွက် မေ့ကို ပိုပြီး သွယ်တဲ့ပုံပေါက်စေပါတယ်။ မေ့အရပ်အမောင်းကိုလည်း သတိပြုမိစေပါတယ်။ မေ့အရပ်က ၅ပေ၅ပါ ။ ကိုယ်ခန္ဓာကလည်း ထွားတဲ့သူမို့ အဝတ်အစားရွေးတဲ့အခါ သတိထားရပါတယ်။ မေ့အကြိုက်က ကြီးကြီးပွပွ ဆိုပေမယ့် အကြိုက်ကိုမေ့ထားပြီး လိုက်ဖက်တဲ့ အဝတ်အစားကိုရွေးချယ်ဖြစ်လာပါတယ်။ အခုခေတ်ကလည်း social media ခေတ်ဖြစ်တဲ့ အလျောက် သူများတကာ ပုံလှလှလေးတွေ တင်တာမြင်ရင် မေလည်း တင်ချင်စိတ်ဖြစ်မိပါတယ်။ ငယ်ငယ်က ပေတိပေစုတ်နေခဲ့ သလောက် အသက် ၃၀ ကျော်လာတဲ့နောက်မှာ မေ ကြည့်ကောင်းတဲ့ပုံစံကို လိုချင်လာပါတယ်။ ဒါကြောင့် မေနဲ့လိုက်ဖက်တဲ့ fashion လေးတွေကို သတိထားကြည့်မိလာတာပါ။
စာချစ်သူများလည်း လှလှပပ ဝတ်ဆင်နိုင်ကြပါစေနော်။ လိုက်ဖက်တဲ့ အဝတ်အစားကို ဝတ်ရတဲ့အခါ ယုံကြည်မှုကိုလည်း ပိုတိုးစေပါတယ်ရှင်။
စာချစ်သူများ ကိုယ်စိတ်နှလုံး သုံးပါးလုံး ချမ်းသာပါစေ ။ ရာသီဥတု အေးလာပြီဖြစ်တဲ့အတွက် ကျန်းမာရေး ကိုလည်း အထူးဂရုစိုက်ကြပါနော်။
May Grace
16.1.2024
1:30 PM
Keep Reading