Leo Nann
သင် ငိုဖူးပါသလား။
အရှုံးနဲ့ရော ရင်ဆိုင်ခဲ့ရဖူးလား။
လူတိုင်းဟာ ငိုရလောက်တဲ့ထိ မပြိုလဲဖူးရင်တောင် အရှုံးကိုတော့ နှဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ဖူးကြပါလိမ့်မယ်။
ဒီနေ့ခေတ်က အပြိုင်အဆိုင်၊ အတိုက်အခိုက်တွေနဲ့ရှင်သန်ရတဲ့ခေတ်ပါ။
ဘယ်နယ်ပယ်မှာမဆို အတိုက်အခံကင်းတယ်ရယ်လို့မရှိပါဘူး။
နိုင်ငံရေးမှာဆိုရင်လည်း အတိုက်အခံပါတီတွေ ၊အယူအဆလွဲမှားမှုတွေ ရှိစမြဲပါပဲ။စီးပွားရေးနယ်ပယ်မှာဆိုရင်လည်း အလားတူပါပဲ။
ပြိုင်ဘက်ကုမ္ပဏီတွေ၊ရှယ်ယာရှင်တွေအကြား အားပြိုင်မှုတွေ
အနည်းနဲ့အများရှိနေတတ်ပါတယ်။
ပြိုင်ပွဲတစ်ခုမှာ အနိုင်၊အရှုံးနဲ့သရေဆိုပြီး ဖြစ်နိုင်ခြေရလဒ်(၃)မျိုးပဲရှိပါတယ်။ကိုယ်ဟာနိုင်တဲ့သူဖြစ်နိုင်သလို၊ရှုံးတဲ့သူလည်း ဖြစ်နိုင်ပါတယ်။အနိုင်အရှုံးမရှိသရေကျတာကတော့ချွင်းချက်ပေါ့။ အနိုင်ရသူတစ်ယောက်အတွက်တော့ ဘဝက အဆင်ပြေနေပေမဲ့ အရှုံးကိုပွေ့ပိုက်ရသူအဖို့တော့ ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။
လူသားတချို့က စိတ်ခွန်အားသန်မာကြပေမဲ့
တချို့ကတော့ အားနည်းတတ်ကြပါတယ်။
ထစ်ကနဲရှိ အဆုံးစီရင်ဖို့ထိတွေးတတ်သူတွေက ဒုနဲ့ဒေးပါ။ဒီလူတွေကိုတစ်ခုမေးကြည့်ချင်တယ်။
လူ့အသက်တစ်ချောင်းက လွယ်လွယ်ရလာတာလား။
သင်ဟာ" အခုမှ" 'လောကဓံရဲ့အခက်အခဲတွေနဲ့တိုက်ခိုက်ရှင်သန်ရတယ်'လို့တွေးနေမိပါသလား။
မဟုတ်ပါဘူးနော်။
သင်လူသားမဖြစ်ခင် သုတ်ကောင်ဘဝတည်းက
သန်းပေါင်းများစွာသော သုတ်ကောင်တွေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်နေခဲ့ရတာပါ။
သင်ဟာ အနိုင်ရခဲ့လို့လူအဖြစ်တောင်ရောက်ရှိလာခဲ့ပြီပဲ။ဒီလောက်ခက်ခက်ခဲခဲ ကြိုးစားပြီးမှရခဲ့တဲ့ဘဝကို
သေးငယ်တဲ့ အခက်အခဲလေးတွေကြောင့်နဲ့
စွန့်ပစ်ဖို့ ဘာလို့တွေးနေတော့မှာလဲ။
မှတ်သားထားသင့်တဲ့အချက်ကတော့ "သင်ဟာအစကတည်းက အောင်နိုင်သူ"ဆိုတာပါ။
အခက်အခဲတွေကြုံလာတိုင်းလွယ်လွယ်
အရှုံးမပေးလိုက်သင့်ပါဘူး။
စာဖတ်သူလေးတို့ "ပန်းပန်လျက်ပဲ"ဆိုတဲ့ ကဗျာလေးကို
ဖတ်ဖူးကြမယ်ထင်ပါတယ်။
(မဖတ်ရသေးသူလေးများအတွက်
ရေးသားဖော်ပြပေးလိုက်ရပါတယ်ရှင့်။)
------------------------------------
"ပန်းပန်လျက်ပဲ"
ညိုပြာပြာ၊လတာပြင်ခြေရင်း
လှိုင်းတက်ရာ၊ဗေဒါတက်၊လှိုင်းသက်ရာဆင်း။
ဆင်းရလဲ(လည်း)မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ဗေဒါအထွေး
အုန်းလက်ကြွေသူ့နံဘေး၊ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ(လည်း)၊မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ပေါ်မလာ၊ဗေဒါအလှ
တစ်လံကွာလှိုင်းအကြွ၊ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ(လည်း)၊မသက်သာ
ချောင်းအဆွယ်၊မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်က တစ်ရာနှစ်ရာ
ဗေဒါက တစ်ပင်ထဲ(တည်း)
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ပန်းပန်လျက်ပဲ။
ဇော်ဂျီ
------------------------------------
ဆရာဇော်ဂျီရေးသားခဲ့တဲ့ဒီကဗျာလေးမှာဆိုရင်
"ဗေဒါပန်းကလေးက သူကြုံရတဲ့အခက်အခဲတွေကို ရင်ကော့ပြီး
ရင်ဆိုင်ပုံ" ကို သရုပ်ဖော်ရေးသားထားတာပါ။
ဒီကဗျာမှာ ဗေဒါပန်းဟာ
ဒီရေလှိုင်းလုံးအတက်အကျအတိုင်း နိမ့်ချည်တစ်ခါ မြင့်ချည်တစ်လှည့်
ရေစီးမှာလိုက်ပါစီးမျောနေရကြောင်းကိုတွေ့ရမှာပါ။ဒါတင်မကသေးပါဘူး။
တစ်နေရာအရောက်မှာ အမှိုက်သရိုက်တွေ၊အုန်းလက်လိုဒိုက်တွေနဲ့ထိမိတိုက်မိပုံတွေ၊
ဘဲတွေရဲ့အယက်အကန်ခံရပုံတွေကို ပညာသားပါပါရေးပြထားတာပါ။
တကယ်တော့ဆရာဇော်ဂျီဟာ ကဗျာထဲက ဗေဒါပန်းကလေးနဲ့လူ့ဘဝကို ယှဥ်ပြထားတာပါ။ ဒီရေလှိုင်းလုံးတွေက လူသားတို့ကြုံတွေ့ရမဲ့လောကဓံကြီးနဲ့တူပါတယ်။ ဒိုက်တွေ၊အမှိုက်တွေကတော့ လောကမှာ ကျိန်းသေရင်ဆိုင်ရမဲ့အခက်အခဲတွေဖြစ်ပြီး ဘဲတွေဟာဆိုရင် လူသားတို့ရဲ့နေ့စဥ်ဘဝထဲမှာကြုံတွေရမဲ့အတိုက်အခိုက်အနှောက်အယှက်တွေပါပဲ။ အဓိကဇာတ်ကောင် ဗေဒါပန်းကလေးကတော့ သင်ကိုယ်တိုင်ပဲ ဖြစ်ပါလိမ့်မယ်။
ဒါ့ကြောင့် လောကဓံလှိုင်းတံပိုးတွေက ရိုက်ချတိုင်း ရင်ကော့ပြီးပြန်ထရမှာက သင့်တာဝန်ပဲဖြစ်ပါတယ်။
လူသားတို့ရဲ့ ဘဝလမ်းခရီးဟာ တသမတ်တည်း ရှိနေမှာမဟုတ်ပါဘူး။နိမ့်လိုက်မြင့်လိုက်နဲ့ အမျိုးစုံကြိုးခုန်နေရမှာပါ။
"အပင်မြင့်လေ လေတိုက်ခံရလေ"
ဆိုတဲ့စကားအတိုင်း သင်ဟာ မြင်တဲ့နေရာမှာ ရောက်နေတဲ့အခါ
အတိုက်အခိုက်တွေနဲ့ကြုံရနိုင်ပါတယ်။
ဒါကို ကိုယ်က ဉာဏ်ရှိရှိ ရင်ဆိုင်သွားရမှာပါ။
ဒီလိုအခြေအနေမျိုးမှာ "ငါအမြင့်ကို
ရောက်နေတာပဲ"ဆိုပြီးလည်း စောင်းကြွမနေသင့်ပါဘူး။အောက်ခြေလွတ်မိရာက လောကဓံကြောင့်ဖြစ်စေ၊အနှောက်အယှက်ဝင်၍ဖြစ်စေ
အမြင့်ကနေ ပြန်ဆင်းရတတ်ပါတယ်။
အမြင့်ကိုရောက်လေ အကျနာလေပါပဲ။
ဒါ့အပြင်ကိုယ်က နိမ့်ပါးတဲ့ အခြေအနေတစ်ခုမှာ
ရှိနေလို့လည်း သိမ်ငယ်နေစရာလည်းမလိုပါဘူး။
ကြိုးစားနေသရွေ့ အမြင့်ကိုရောက်နိုင်ပါတယ်။မိမိရဲ့ကြိုးစားလိုစိတ်ကသာ အဓိကပါ။
"ငါ့မှာမှ မပြည့်စုံတာ။ငါဒါကို မလုပ်နိုင်လောက်ဘူး။"ဒီလိုဆင်ခြေတွေကို
ခေါင်းထဲထည့်မထားသင့်ပါဘူး။
"ကိုယ်ရဲ့အိပ်မက်နောက်ကို ဘယ်လိုလိုက်ရမလဲ။" "သင့်ရည်မှန်းချက်ကရောဘာလဲ။" "အခက်အခဲနဲ့ ကြုံလာတဲ့အခါ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲ။"
အစရှိတဲ့ မေးခွန်းတွေ
ကိုယ့်ကိုကိုယ်ပြန်မေးပါ။
ဘဝကိုအဆုံးထိ တိုက်ပွဲဝင်ပါ။အကောင်းဆုံးရှေ့ဆက်ပါ။
ဗေဒါပန်းကလေးက အဆုံးထိ
အလှဆုံး ကြိုးစားပွင့်လန်းနေသလိုပဲ
ကျွန်ုပ်တို့လူသားများဟာလည်း လောကဓံလှိုင်းလုံးတွေကြားမှာ အပြုံးပန်းပန်လျက် ကူးခတ်နေကြရဦးမှာပါ။
------------------------------------
အဆုံးထိဖတ်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
လိုအပ်ချက်များရှိပါကလည်း
Sarphat Community ရဲ့ Telegram channelမှ
တစ်ဆင့် လာရောက် ဝေဖန်ပေးနိုင်ပါပြီရှင့်။
အားလုံးကိုအစဥ်လေးစားလျက်.....
Leo
Keep Reading