ကျော်ဇောအောင်
လောကကြီးမှာ လူတိုင်းဟာ တစ်ကြိမ် မဟုတ် တစ်ကြိမ်တော့ ဘဝရဲ့ အကောင်းဆုံး အချိန်ကို ဖြတ်သန်းရမှာပါ။ ( ကိုယ့်ရဲ့ ကြိုးစားမှုတွေ အရာထင်တဲ့ အချိန်တွေပေါ့။ )
အဲ့ဒီလို ကိုယ်က ကြိုးစားလို့ အောင်မြင်လာတဲ့ အခါ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်အောင်မြင်မှုကို ဆက် ထိန်းထားဖို့ အင်မတန် အရေးကြီးတယ်ဆိုတာ ပြောပြချင်ပါတယ်။ အောင်မြင်မှု ရအောင် ကြိုးစားရတာက လွယ်ပါတယ်။ ( ခက်တာက အဲ့ဒီ အောင်မြင်မှုကို ထိန်းသိမ်းရတာပါ။ )
အဲ့ဒါကြောင့် ဒီနေ့မှာ အောင်မြင်မှု ရရှိပြီးသူများ သတိထားရမယ့် အချက်တစ်ခုကို ပြောပါရစေ။ ( အဲ့ဒီအရာက ဘာလည်းဆိုတော့ " မာန " တရားပါ။ )
" မာန "ဟာ ( မိမိကိုယ်ကို ငါသာလျှင် မြတ်၏ဟူ၍ မှန်ကင်းကဲ့သို့ ထောင်လွှားခြင်း လက္ခဏာ ရှိသော မာန စေတသိက် )ဆိုပြီး ( သီဟိုဠ်ကျွန်း အရှင်အနုရုဒ္ဓါမထေရ် ရေးသားတော်မူခဲ့တဲ့ အဘိဓမ္မတ္ထသင်္ဂဟပါဌ် )မှာ အကျယ်တဝင့် ဖော်ပြထားခဲ့တာပါ။
ဟုတ်ပါတယ်။ " မာန "ဟာ အကုသိုလ် တရားတစ်ခုပါ။ ကျနော်တို့ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံး ပန်းတိုင်ဖြစ်တဲ့ 🙏 ရဟန္တာ ပုဂ္ဂိုလ်မြတ် ဖြစ်သွားတဲ့ အချိန်ကျမှသာ အဲ့ဒီ " မာန "ကို အမြတ်ပြတ် ဖယ်ရှားလိုက်နိုင်မှာပါ။
" မာန " ကို ဖယ်ရှားဖို့ရာ နည်းလမ်းတစ်ခု ရှိပါတယ်။ အဲ့ဒီနည်းက ဘာလည်းဆိုတော့ " အနိစ္စ သညာ " ပါ။ " အနိစ္စ " ဆိုတာက ' မမြဲတာ '၊ " သညာ " ဆိုတာက ' အမှတ်အသား '။ ပေါင်းလိုက်ရင် " မာန " ဖြစ်လာတဲ့အခါ ဪ ... အဲ့ဒီ " မာန " ဟာ မမြဲဘူးလို့ တွေးပေးဖို့ပါ။
ဘာကြောင့် အဲ့ဒီလို တွေးဖို့ တိုက်တွန်းရသလဲ ဆိုရင် လူတစ်ယောက် အောင်မြင်လာတဲ့ အခါ သူ့နောက်မှာ အပေါင်းအသင်းနဲ့ ငွေကြေး ပေါများလာတတ်တာ သဘာဝပါ။ အဲ့ဒီလို ကိုယ့်ဆီမှာ အခြွေအရံတွေနဲ့ ငွေကြေး၊ ပိုက်ဆံ ပြည့်စုံလာတဲ့ အခါ ခုနက အပေါ်မှာ ပြောခဲ့တဲ့ " မာန " က " သတိ " မထားရင် ဝင်လာတတ်တာပါ။ ( အခုခေတ်လို ပြောရရင် ကိုယ့်မှာနောက်လိုက် follower တစ်နေ့တခြား များလာတဲ့ သဘောကို ဆိုလိုတာပါ။ )
အဲ့ဒီလို နောက်လိုက် followerတွေ များလာတဲ့ အခါ ကိုယ့်အနားမှာ မိတ်ဆွေကောင်းတွေ ပျောက်ကွယ်သွားတတ်သလို၊ မိတ်ဆွေ အတုတွေ ပေါများလာတတ်တာ သတိထားပါ။ ( အဲ့ဒါကြောင့် " မာန " ဖြစ်လာရင် သတိထားဖို့ လိုပြီး အပေါ်မှာ ပြောခဲ့တဲ့ " အနိစ္စ သညာ " နဲ့ ပယ်ပါ။ )
ကိုယ် မအောင်မြင်ခင် အချိန်တုန်းက ပေါင်းသင်းဆက်ဆံခဲ့တဲ့ ကိုယ့် မိတ်ဆွေကောင်းတွေကို တန်ဖိုးထားပါ၊ လေးစားပါ။ ( ကိုယ်က အောင်မြင်မှု ရလာတဲ့ အခါ အရင်ကထက် ပိုပြီး ကိုယ့်ကိုယ်ကို နှိမ့်ချပါ၊ နှိမ့်ချတာ မင်္ဂလာ။ )
အဲ့ဒီလို ကိုယ့်ကိုယ်ကို နှိမ့်ချပြီး မိတ်ဆွေကောင်းတွေကို မဆက်ဆံဘူးဆိုရင် သူတို့က တဖြေးဖြေး ကိုယ့်အနားက ထွက်ခွာသွားမှာ။
အဲ့ဒါကြောင့် ကိုယ်က အောင်မြင်မှု ရလာတဲ့ အချိန်မှာ မိမိကိုယ်ကို နှိမ့်ချ၊ မိတ်ဆွေကောင်းကို တန်ဖိုးထားပြီး ကိုယ့် အောင်မြင်မှု အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတတ်တဲ့ " မာန " တရားကို သတိထား ဖယ်ရှားဖို့ လိုအပ်ကြောင်း အသိပေး ရေးသား၊ အကြံပြုလိုက်ရပါတယ် ခင်ဗျာ။
ဖတ်ရှုပေးသူများအား အထူး ကျေးဇူးတင်လျှက်ပါ။
Photo edit - GoArt app.
ကိုးကား - သီဟိုဠ်ကျွန်း အရှင်အနုရုဒ္ဓါမထေရ် စီရင်တော်မူအပ်သော အဘိဓမ္မတ္ထသင်္ဂဟပါဌ်၊ (ပိဋကတ်ပါဠိတော် မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးသိမှတ်ဖွယ်ရာများ) စာအုပ်။
Keep Reading