Aung Thu Ya Kyaw
- 𝘼𝙪𝙣𝙜 𝙏𝙝𝙪 𝙔𝙖 𝙆𝙮𝙖𝙬 ♪₊
▬▬▬▬
(အိမ်တစ်လုံးပိုင်ဆိုင်ဖို့ အချိန် ၃ မိနစ်ပဲပေးပါ။)
လူတိုင်းမှာ အိပ်မက်တွေ ရှိပါတယ်။ ထို အိပ်မက်တွေက လုံးဝတူနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တူညီတဲ့ အိပ်မက်လေးတော့ရှိပါတယ်။ ဒါကတော့ ကိုယ်ချစ်ရတဲ့ မိသားစု နဲ့ အတူ ကိုယ့်ရဲ့ စိတ်ကူရင်းအိမ်လေး တစ်လုံး ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိပ်မက်တွေက ဝယ်ဖို့အတွက် စုဆောင်းနေတဲ့ သူဆိုရင် မြန်မြန် အိပ်မက်ကလေး ပြည့်နိုင်ဖို့ ဒီဆောင်းပါးလေး ခဏလေးပဲ ဖတ်ကြည့်ပါ။
အရင်တစ်လောက မြောက်ဒဂုံ ဦးဝိစာရလမ်းမပေါ် က မြေကွက်တစ်ခုကို သိန်း ၂ သောင်း မပြည့်တစ်ပြည့်လေးနဲ့ အရောင်းတင်ထားတဲ့ ပိုစ်ကို သရော်သလိုနဲ့ အမည်မသိ Facebook page တစ်ခုက ဒီလိုမြေကွက်မျိုး ဝယ်မယ်ဆိုရင် နှစ်ပေါင်း တစ်ရာ လောက် စုမှ ရမယ်၊ မတန်မဆ ဈေးတွေပါဆိုပြီး တင်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် မှတ်ချက်ပေးတဲ့ သူတော်တော်များများကလည်း ဟုတ်တယ် ဈေးကြီးတယ် မဝယ်သင့်ဘူး၊ မြန်မာနိုင်ငံက ဘယ်လို ဖြစ်နေတာ၊ မြောက်ဒဂုံကဘယ်လို ဖြစ်နေတာဆိုပြီး ရေးထားတာကို တွေ့ရပါတယ်။
ဈေးကွက် နားလည်သွားအောင် ကျွန်တော် မြောက်ဒဂုံရဲ့ အကြောင်းလေး နည်းနည်း ရှင်းပြပေးပါ့မယ်။ မြောက်ဒဂုံဟာ ရန်ကုန်ရဲ့မြောက်ဘက်ခြမ်းမှာ တည်ရှိပြီးတော့ ဒဂုံလေးမြို့နယ်ထဲက မြို့နယ် တစ်ခုဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင်မှာ ဆိုရင်တော့ တောင်ဥက္ကလာ (မြောက်ဥက္ကလာနဲ့လည်းနီး)၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ တို့နှင့် နီးစပ်လျက်ရှိပါတယ်။ မြို့ထဲနဲ့ အနီးဆုံးဆိုရင် တောင်ဥက္ကလာ ပါရမီလမ်းမကြီးကနေ ဘေလီတံတား ကို ကျော်ပြီဆိုတာနဲ့ မြောက်ဒဂုံ ဖြစ်ပါတယ်။
ရန်ကုန် လို မြို့ကြီးမှာ လူဦးရေထူထပ်တော့ တိုက်တာတွေများတယ် တိုက်ခန်းကျဉ်းကျဉ်းလေးတွေထဲမှာ နေကြတာ များပါတယ်။ ရပ်ကွက် ဖွဲစည်းပုံက လေးထောင့်ဆန်တယ် (ဝင်ရထွက်ရလွယ်ကူစေတယ်၊ မှတ်ရလွယ်တယ်။) နယ်ဒေသလေးတစ်ခုလိုလည်း ခံစားရမယ်၊ မြေကွက်ကျယ်ကျယ်၊ အိမ်သန့်သန့် လေးတွေနဲ့ နေချင်ပါတယ် ဆိုရင် မြောက်ဒဂုံ ဟာ ရန်ကုန် မှာ နေချင်စရာအကောင်းဆုံးထဲက မြို့နယ် တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က ပဲခူးသားမို့လို့လားမသိဘူး မြောက်ဒဂုံကို တော်တော် သဘောကျတယ်။ သို့ပေမယ့်လည်း မြောက်ဒဂုံမှာ လည်း Dark Side လေးတွေ ရှိတာကို နယ်မြေခံကြီးတွေစီကနေ ကြားရပါတယ်။ လူပြက်တဲ့ နေရာတွေရှိတယ်၊ ရေမြောင်းစနစ် မကောင်းတာကြောင့် ရေကြီး၊ ရေလျံတဲ့ ရပ်ကွက်တွေလည်းရှိပါတယ်။
အဓိက ဈေးများတဲ့ ရပ်ကွက်တွေကတော့ တောင်ဥက္ကလာ ဘေဘီလီတံတား ဆင်းပြီးဆိုတာနဲ့ ပထမဦးဆုံးတွေ့ရမဲ့ ရပ်ကွက် လမ်းမကြီးတွေ ဖြစ်ကြပါတယ်။ အထူးသဖြင့် ၃၄ ရပ်ကွက် ၃၅ ရပ်ကွက် တွေက လူကြိုက်များပြီး မြောက်ဒဂုံရဲ့ အကောင်းဆုံးရပ်ကွက်ထဲက တစ်ခု ဖြစ်ကြပါတယ်။ ယခု စက်တင်ဘာလ၊ ၂၀၂၄ မှာ တော့ ထိုနေရာတွေရဲ့ ရပ်ကွက်အတွင်းလမ်းတွေက မြေကွက်သီးသန့်(၄၀*၆၀) မြေကွက်ဈေးတွေက သိန်း တစ်သောင်း ဝန်းကျင်လောက် ခေါ်ထားတာရှိသလို လမ်းမတန်းမေးတင် အဓိက ပင်လုံလမ်းမတန်း သိန်း သုံးသောင်း ဝန်းကျင်၊ ဦးဝိစာရ လမ်းမတန်းမေးတင် သိန်း နှစ်သောင်း ဝန်းကျင်၊ ပြည်ထောင်စု လမ်းမပေါ် သိန်း တစ်သောင်းခွဲကနေ အထက်၊ ဗထူး လမ်းမပေါ် ဆိုရင်လည်း သိန်း နှစ်သောင်း ဝန်းကျင် လောက် ခေါ်နေတာ အရောင်းအဝယ် ဖြစ်နေတာတွေ တွေ့ရပါတယ်။
ဒီလောက်ဆိုလို့ရှိရင် မြောက်ဒဂုံအကြောင်းလေးကို အကြမ်းဖျဉ်း နားလည်သဘောပေါက်လောက်ပြီထင်ပါတယ်။ ဒါဆိုရင် အမည်မသိ Facebook page တစ်ခုကနေ တင်ထားတဲ့ မြောက်ဒဂုံ ဦးဝိစာရ လမ်းမပေါ်က မြေကွက် သိန်း နှစ်သောင်းမပြည့်တစ်ပြည့် လေးဟာ ပုံမှန်လား? ပုံမှန် မဟုတ်လားဆိုတာ အကြမ်းဖျဉ်းနားလည် လောက်ပြီထင်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ လူတော်တော်များက အရင်ဆုံး မလေ့လာခင် တစ်ဖက်ကို အရင် Blame လိုက်ရမှ ကျေနပ်တဲ့ လူတွေ ဖြစ်နေတာတော့ ဝမ်းနည်းစရာပါပဲ။ တစ်ခုခုကိုယ်မဝယ်နိုင်ရင် ဝယ်နိုင်အောင် ဘယ်လို ကြိုးစားမလဲ ဆိုတာထက် ကိုယ်မဝယ်နိုင်ရင် တစ်ခြားသူတွေ လည်း ဝယ်နိုင်မှာ မဟုတ်ဘူး ဆိုပြီး Limiting Belief ထားတတ်ကြပါတယ်။။ ဒီတော့ မဖြစ်နိုင်ဘူး၊ မတန်မဆ ဈေးတွေ ပါဆိုပြီး အရင်ဆုံး စ ပြီးတော့ မှတ်ချက်ပေးကြတာများပါတယ်။
အခုပြောသွားမှာက မြောက်ဒဂုံ အကြောင်း၊ Blame နေတာတွေ မကောင်းဘူး ဆိုတာတွေ ပြောသွားမဲ့ ဆောင်းပါး မဟုတ်ပါဘူး။ အခုပြောသွားမှာက ကိုယ်ဈေးမနိုင်တဲ့ မြေကွက်တစ်ခုကို ဘယ်လို ဝယ်ရမလဲ? ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်ကိုယ်တိုင်က ချမ်းသာနေလို့ မြေကွက်တွေ အများကြီး ပိုင်ဆိုင်နေလို့ ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါ ပြောပြတာမျိုး မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်က မဝယ်နိုင်သေးလို့ အိမ်ခြံမြေ အကျိုးဆောင်အဖြစ် လေ့လာလိုက်စားသူ တစ်ယောက်ဖြစ်ပါတယ်။ အရောင်းအဝယ်တစ်ခု လုပ်တိုင်းမှာ လူတွေ ဘာကြောင့်ဝယ်သလဲ ဆိုတာလေးတွေကို Note မှတ်တတ်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူတစ်ယောက် က သူဈေးမနိုင်တဲ့ မြေကွက် တစ်ခုကို ဘယ်လို ဝယ်သွားလည်းဆိုတာလေးကို ရှင်းပြပေးမှာဖြစ်ပါတယ်။
မတ်လ ၂၀၂၄ ခုနစ် လောက်မှာ ကျွန်တော် အိမ်ခြံမြေ အရောင်းအဝယ်လေးတစ်ခုကို ဈေးဆိုင်ခဲ့ပါတယ်။ ဈေးဆိုင်တဲ့ အခါမှာ အဝယ်က မရောက်လာသေးတာနဲ့ အရောင်းကို စောင့်နေခဲ့ပါတယ်။ ထိုအချိန်မှာ အရောင်းက သူ ဒီမြေကွက်လေးကို ရောင်းပြီးရင် နောက်ထပ် မြေကွက်လေးတစ်ခု ကို ဝယ်ဖို့ ပြင်ဆင်နေပါတယ်။ ထပ်ပြီး စုံစမ်းကြည့်လိုက်တော့ အရောင်း ဝယ်မဲ့ မြေကွက်လေးက လမ်းမတန်း မေးတင် ( လမ်းမတန်းပေါ်) က မြေကွက် လေးတစ်ခုဖြစ်ပါတယ်။ အခုရောင်းမှာက လမ်းမတန်း မေးတင်ရဲ့ (၂) ကျောကပ် ဖြစ်ပါတယ်။ ဒီတော့သူက သူ့မြေကွက် ကျောကပ်လေးကို ရောင်းမယ်။ ပြီးရင် လမ်းမတန်းကို တန်းဝယ်မယ် ဆိုတဲ့ အစီအစဉ်ဆွဲထားပုံရပါတယ်။
ဒီနေရာမှာ သတိထားမိလိုက်တာက သာမန်လူတစ်ယောက် ဆိုရင် ကိုယ့်လက်ထဲမှာ သိန်း (၅) ထောင်ရှိတယ်.. သို့ပေမယ့် လမ်းမတန်း မေးတင် က သိန်း တစ်သောင်း ပေါက်ဈေးရှိနေရင် လက်လျော့လေ့ရှိပါတယ်။ ဆိုကြပါစို့ ကျွန်တော်တို့က လက်ထဲမှာ သိန်း (၅) ထောင်ပဲ ရှိတယ်။ ဒါကို သာမန်လူတွေက သိန်း (၅) ထောင်ကို ဘဏ်ထဲမှာ စုတယ် ကျန်တဲ့ သိန်း (၅) ထောင်ကို ငွေထပ်စုတာမျိုး လုပ်လေ့ရှိပါတယ်။ ဒါကလုံးဝမကောင်းတဲ့ ရွေးချယ်စရာတော့ မဟုတ်ပါဘူး။ လျို့ဝှက်ချက်လေး ရှိပါတယ်။ ဒါက အခုပြောပြသွားမဲ့ အဓိကအချက်ဖြစ်ပါတယ်။
ထားပါတော့ အကြမ်းဖျဉ်းအားဖြင့် ဘဏ်မှာ စုမယ် သိန်း (၅) ထောင် တစ်နှစ် အတိုးနှုန်း အရင် အခြေခံ အတိုးနှုန်း 7% ဖြစ်ပါက (၃၅) သိန်း ဝန်းကျင် လောက်ရမှာ ဖြစ်ပါတယ်။ (၅) နှစ်အကြာဆိုရင်တော့ (၁၇၅) သိန်း ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ထိုအချိန်မှာ သိန်း (၅) ထောင် ကို ဘဏ်မှာ မစုဘဲ အိမ်ခြံမြေ မှာပဲ ရင်းနှိးမြှုပ်နှံထားမယ်ဆိုရင်တော့ (၅) နှစ်အတွင်း ရမဲ့ ငွေကြေးကတော့ ငွေကျပ် (၁၇၅) ထက်တော့ အဆပေါင်းများစွာ ရမှာ ဖြစ်ပါတယ်။ အိမ်ခြံမြေ မှ မဟုတ်ပါဘူး တစ်ခြား ဘဏ်တိုးထက် ပိုများနိုင်မဲ့ နေရာတွေ မှာလည်း ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ တစ်ခုပါပဲ ကိုယ် က ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါ ကိုယ်ကျွမ်းကျင်တဲ့ နေရာတစ်ခု ဖြစ်ဖို့ အရေးကြီးပါတယ်။
ဆိုလိုတာကတော့ ကိုယ်က ငွေကြေးအားဖြင့် ကိုယ်လိုချင်တဲ့ မြေကွက် တစ်ခုကို မပိုင်ဆိုင်ခင်မှာ ငွေကြေးတွေကို စုထားတာ၊ ဒီတိုင်း ထားတာထက် သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်စေချင်ပါတယ် ဆိုတဲ့ အချက်လေးပဲ ဖြစ်ပါတယ်။
ကိုယ်က သိန်း (၅၀၀) တန် မြေကွက်ပဲဖြစ်ဖြစ်၊ သိန်း (၁၀၀၀) တန်မြေကွက် ပဲ ဖြစ်ဖြစ် ဒီလိုပဲ နည်းနည်းချင်းစီကနေ စပြီးတော့ မြေကွက် တစ်ခုကို ရင်းနှီးမြှုပ်နှံမှု တစ်ခုခုလုပ်ပြီးတော့ ဝယ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ မြောက်ဒဂုံဦးဝိစာရ လမ်းမပေါ်က သိန်း နှစ်သောင်း ဝန်းကျင် မြေကွက်ကလည်း မဝယ်နိုင်တဲ့ သူတွေရှိသလို ဝယ်နိုင်တဲ့ သူတွေလည်းရှိပါတယ်။ သေချာတာကတော့ ဝယ်နိုင်တဲ့သူတွေက သူတို့ ငွေစုပြီးတော့ ဝယ်တယ်ဆိုတာထက် တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံထားတယ်၊ ထိုရင်းနှီးမြှုပ်နှဲထားတဲ့ ငွေနဲ့ပဲ ဝယ်မှာ ဖြစ်ပါတယ်။ ငွေတွေကိုသာ စုနေမယ် ဆိုရင်တော့ အမည်မသိ Facebook page ကပြောတဲ့ နှစ်ပေါင်း တစ်ရာ ကျော်သွားနိုင်ပါတယ်။
Keep Reading