လရောင်ချို
စာဖတ်သူတို့ရေ ဟောပြောတာ ဝါသနာပါတဲ့သူတွေ ဘယ်လောက်အထိအောင်မြင်နိုင်လဲဆိုတာ သူတို့ရဲ့ ပင်ကိုယ်ဉာဏ်ရည်၊ အတွေ့အကြုံ၊ ဇွဲနဲ့ကြိုးစားမှုတွေအပေါ်မှာ မူတည်ပါတယ်။
ဒါဆိုရင် ဟောပြောကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအချက်လေးတွေ လိုအပ်သလဲဆိုတာ ဒီဆောင်းပါးလေးက ပြောပြပေးသွားမှာပါ။
💡ပင်ကိုယ်ဉာဏ်ရည်
လူတိုင်း လူတိုင်းမှာ ပင်ကိုယ်စွမ်းရည်တစ်မျိုးစီရှိကြပါတယ်။ ပင်ကိုယ်ဉာဏ်ရည်လည်း ကိုယ်စီရှိကြတယ်။ ပင်ကိုယ်ဉာဏ်ရည်ကိုကြည့်ပြီး ဉာဏ်ရည် နိမ့်သူ ၊ ဉာဏ်ရည်မြင့်သူဆိုပြီး ခွဲခြားသတ်မှတ်နိုင်ပါတယ်။ ပင်ကိုယ်ဉာဏ်ရည် မြင့်တဲ့သူတွေက ဘယ်အလုပ်ပဲ လုပ်လုပ် ထူးချွန်ကြပါတယ်။ဒါပေမယ့် ပင်ကိုယ်ဉာဏ်ရည်မြင့်မားသူတွေက ဉာဏ်အားကိုးပြီး ကြိုးစားတာ နည်းပါတယ်။ ဒါကြောင့်မို့ အမရပူရမဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသက ❝တကယ့်အရေးတွင် ဉာဏ်သမားတို့သည် ဝီရိယသမား မမှီချေ❞ ဆိုပြီး မိန့်ကြားတော်မူခဲ့ပါတယ်။
ဉာဏ်ရည်သင့်တင့်သလောက်ကောင်းမွန်ပြီး ကြိုးစားမှုကောင်းရင် ဟောပြောပွဲတွေမှာ ကောင်းစွာပြောဆိုအောင်မြင်နိုင်ပါတယ်။ ဉာဏ်ရည်မြင့်တဲ့သူတွေက ကြိုးစားအားထုတ်မှုရှိရင် ပိုပြီးအောင်မြင်နိုင်ပါတယ်။ ဘယ်ကိစ္စမဆိုကြိုးစားမှုမရှိရင်တော့ အရာထင်မှာ မဟုတ်ပါဘူး။
📚စာများများဖတ်ပါ။
ကိုယ်က ပရိသတ်ရှေ့စကားပြောမယ်ဆို ဗဟုသုတများများရှိရပါမယ်။ အကြောင်းအရာ၊ အချက်အလက်တွေကို နှံ့နှံ့စပ်စပ်သိရမယ်။ ဘာသာရပ်တွေကိုလည်း ကောင်းမွန်စွာနားလည်ရမယ်။ ဒီအချက်တွေ ပြည့်စုံဖို့ဆို စာများများဖတ်ရပါမယ်။ စာကို စုံလင်အောင်ဖတ်ရမယ်။ ဒါဆိုရင် ဟောပြောသူကောင်းဖြစ်ဖို့ ဝမ်းစာပြည့်ပါလိမ့်မယ်။
🧑🏫ဟောပြောပွဲများများနားထောင်ပါ။
❝အတုမြင် အတတ်သင်❞ ဆိုတဲ့စကားလေးအတိုင်း ကိုယ်က ဟောပြောကောင်းသူဖြစ်ချင်ရင် ဟောပြောပွဲတွေ များများနားထောင်ရမယ်။ ဟောပြောတဲ့အထဲမှ ကောင်းတဲ့အရာကို အတုယူတတ်ရမယ်။ မကောင်းတဲ့အရာတွေကိုရှောင်ကြဉ်ရမယ်။ အဟောအပြောကောင်းတဲ့သူတွေရဲ့ ပြောကြားမှုတွေကို မလွတ်တမ်း နားထောင်သင့်ပါတယ်။
💡ကျက်မှတ်သင့်တာကို အမိအရကျက်မှတ်ပါ။
ဟောပြောတဲ့အခါ ကိုယ်ပြောမယ့်အရာနဲ့ပတ်သတ်တာတွေကို အမိအရကျက်မှတ်ရပါမယ်။ အသုံးတည့်တဲ့ ကဗျာ၊ အလက်ာတွေ၊ ဆိုရိုး၊ စကားပုံတွေကိုလည်း မှတ်သားထားရပါမယ်။ အရေးကြီးတဲ့ ဖြစ်ရပ်တွေရဲ့ ခုနစ်၊ သက္ကရာဇ်တွေ၊ သမိုင်းဝင်ထင်ရှားတဲ့အဆိုအမိန့်တွေ ပြောကြားချက်တွေကိုလည်း မှတ်သားကျက်မှတ်ထားရပါမယ်။
🎯 ကြိမ်ဖန်များစွာ လေ့ကျင့်ရမယ်။
ဘယ်အလုပ်မဆို ကြိမ်ဖန်များစွာ လေ့ကျင့်သားကျရင် ကျွမ်းကျင်ပိုင်နိုင်ပါတယ်။ ဘောလုံးကစားသူသည် အမြဲကစားနေရင် ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်လာမယ်။ စာရေးသူကလည်း အမြဲ စာရေးနေရင် ကောင်းမွန်စွာ ရေးသားနိုင်လာပါမယ်။ ဟောပြောသူသည်လည်း ကြိမ်ဖန်များစွာဟောပြောရမယ်ဆိုရင် ကောင်းမွန်စွာဟောပြောနိုင်မှာပါ။
💡 ပြောပြီးတိုင်းပြန်သုံးသပ်ပါ။
ကောင်းချင်စိတ်ရှိရင်ကောင်းပါတယ်။ ကြိုးစားချင်စိတ်ရှိရင်လည်း အောင်မြင်နိုင်ပါတယ်။ ဟောပြောသူများသည်လည်း ပွဲတိုင်းဟောပြောရပေမယ့် မအောင်မြင်သူများရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အောင်မြင်ချင်စိတ်နဲ့မကြိုးစားလို့သာဖြစ်ပါတယ်။
တစ်ပွဲထက်တစ်ပွဲပိုပြီးတိုးတက်ကောင်းမွန်ချင်ရင်ပြီးခဲ့တဲ့ပွဲတိုင်းကိုပြန်ပြီးသုံးသပ်ရမယ်။စီစစ်ရမယ်။ ဘယ်အချက်တွေ အားနည်းသလဲ။ ဘယ်အချက်တွေ အောင်မြင်သလဲ။ ဘယ်အချက်တွေမှာ ပြင်သင့်လဲ။ဘယ်အကြောင်းအရာကို ဘယ်လိုပြောရင် အဆင်ပြေနိုင်လဲ စတဲ့ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို သေချာပြန်ပြီးသုံးသပ်ရပါမယ်။ မကောင်းတာဆို ပြုပြင်ရမယ်။ ကောင်းတဲ့အချက်ဆို ပိုကောင်းအောင် ထပ်ဖြည့်ကြိုးစားရမယ်။
အောင်မြင်ချင်စိတ်ရှိရင်အောင်မြင်နိုင်ပါတယ်။ ကိုယ်တိုင်လည်း ကြိုးစားရင်ပေါ့။ မပြောခင်သေချာပြင်ဆင်ရမယ်။ အကောင်းဆုံးပြောဆိုရမယ်။ ပြီးရင် ပြန်ပြီး သုံးသပ်ရပါမယ်။
စာရေးသူ-လရောင်ချို
16.9.2024(Monday)
Keep Reading