ပြာလဲ့ရီဝေ
"တီး တောင် ဒင် ဒင် တီး တောင် ဒင် " သီချင်းသံတွေ ပျံ့လွှင့်လာသည်။ ကြားရသော သံစဉ်များအရ ဘုရားလှည့် သို့မဟုတ် အလှူလှည့် သီချင်းတီးလုံးများဖြစ်ကြောင်း သိရှိနိုင်သည်။ ဘုရားပွဲရဲ့ သံစဉ်များ၊ အလှူပွဲရဲ့ သံစဉ်များကို ဟိုတစ်ချိန်တွေက နှစ်သက်ကြည်နူးစွာခံစားနေခဲ့ဖူးလေသည်။ ကျွန်မ ဟင့်ခနဲ စိတ်တိုပြီး ဘောပင်ကို စားပွဲပေါ် ဆောင့်ချလိုက်သည်။ အိမ်ရှေ့တွင် အိမ်နီးနားချင်း တချို့ ကိုယ်စီ အိမ်မှ ထွက်လာကြသည်။
"××× ရပ်ကွက်က" "ဘုရားပွဲ အလှည့်လေ" "သူငယ်တော် ဦးရွှေရိုးတို့လည်း ပါမှာတဲ့" "ဒီလမ်းက ဖြတ်မှာ စောင့်ကြည့်ဦး"
"ကျွန်တော့ သမီးငယ်လည်း ပါတယ်လေ၊ ပန်းအိုးကိုင်လျှောက်ရတဲ့အထဲမှာ"
တစ်ဦးနဲ့တစ်ဦး ပြောကြဆိုကြနှင့်။ ကျွန်မသည် ထိုအသံများကို နားငြီးလာသည်။ စိတ်လည်း တိုသထက် တိုလာ၏။ ဒေါ်လေးက ဆွဲခေါ်သွားသဖြင့် အိမ်ရှေ့ကနေ ဘုရားပွဲလှည့်အတန်းကြီးကို မြင်ရသည်။
ယခင်က ဘုရားကို ကားဖြင့် ပင့်ဆောင် လှည့်လည်သည်။ အခု လူတွေက ထမ်းစင်ဖြင့် ဘုရားရုပ်ထုကို ထမ်းပိုး၍ လှည့်လည်ကြသည်။ ဘုရားထမ်းအဖွဲ့နောက်မှ အပျိုကြီးကြီးများ ဝတ်ကောင်းစားလှဖြင့် တန်းစီ ထွက်သည်။ လက်မှ ပန်းအိုး၊ ပန်းစည်း၊ သင်္ကန်း စသဖြင့် ဆိုင်ရာ ပစ္စည်းများကိုင်လျက် လျှောက်လှမ်းသွားကြသည်။ မိတ်ကပ်ကလည်း အပျံစား၊ ဝါးတစ်လံလောက်ဝေးရာကနေ ကြည့်တာတောင် ချွေးပျံတာ မြင်ရတာသာကြည့်ရော့။ ထို့နောက်တွင် သုံးဘီးပေါ်၌ စက်တင်ကာ ဒိုးပတ်သီးချင်းဖွင့်သည်။ ဦးရွှေရိုး ကသည်။ ဒေါ်မိုး ကသည်။ မြိုင်မြိုင်ဆိုင်ဆိုင် သံပြိုင်ကခုန်နေကြသည်။
နောက်ပိုင်းတွင် ကလေးအလှမယ်များ ရှိသေး၏။ ကလေးများက ပုသိမ်ထီးကလေးတွေ အလှပြလမ်းလျှောက်သည်။ ပန်းအိုးသေးသေးလေးများ ကိုင်ဆောင် လမ်းလျှောက်သည်။ ကလေးလေးပေမယ့် ထဘီ ၊ ရင်ဖုံး ၊ ပုဆိုး ၊ တိုက်ပုံလေးတွေနဲ့ စီတန်းလှည့်လည်သည်။ နောက်ဆုံးပိုင်းတွင် အမြိုင်ဆုံးဟု ဆိုရမည်။ ပိုက်ဆံကြဲသည့် အဖွဲ့ဖြစ်သည်။ လူအများ ဝိုင်းအုံလုယက် ကောက်ကြသည်။ နောက်ကနေ တောက်တက်ရုပ် အက၊ လူပြက်ဂျိုကာပုံဆင်မြန်းကာ ရယ်စရာ အက ၊ မောင်းကြီးကို ထုရင်း သီချင်းသံကို သံပြိုင်အော်အော်ဆိုရင်း အဆူညံဆုံးဖြင့် အပိတ်မှာ ထားသည်။ တီးလုံးက ညာသံပေးလိုက်လျှင် အဖွဲ့သားများက လိုက်ပြီး သံပြိုင်ဆိုသည်။
"ပျော်သလားဟေ့ မောင်တို့ရေ ..... ပျော်တယ်ဟေ့ ပျော်တယ်ဟေ့" တဲ့။ ကျွန်မ မျက်ရည်ဝဲသည်။ ကျွန်မလေ စိတ်ထဲမကောင်းလိုက်တာ။ တမြန်မနေ့ကစ ၊ မနေ့ ၊ ဒီနေ့ထိ။ နောက်ထပ် အလားအလား ခန့်မှန်းချက် တွေလည်းရှိနေတယ်။
မြန်မာနိုင်ငံ အနှံ့မှာ ဒုက္ခတွေ ပင်လယ်ဝေနေရတယ်။ စစ်ကြောင့်တစ်ဖုံ၊ မိုးကြောင့်တစ်မျိုး၊ မြစ်ရေကတက်၊ဆည်ကျိုးပေါက်ပြီး မြန်မာတစ်နိုင်ငံလုံးဟာ ဘေးအတိနဲ့ ပြည့်နေရချိန် ၊ လက်ငင်း အချိန်မှာကို တစ်ဖက်နယ်မြေဒေသတွေမှာ တွေ့ကြုံနေရချိန်မှာ သူတို့တွေဟာ ပျော်သလားဟေ့ မောင်တို့ရေတဲ့။ အော်ဆိုနေကြတယ်။ အသည်းနာတယ်။ မျက်ရည်ဝဲတယ်။ ပျော်တယ်ဟေ့လို့ အော်တဲ့အခါမှာ ကျွန်မ မျက်ရည်ကျတယ်။
လှည့်လည်တဲ့ အစီအတန်းကြီး ပြီးသွားတယ်။ ကျွန်မစိတ်ထဲ အခဲတွေပဲ ကျန်ခဲ့တယ်။ မျက်လုံးထဲမှာ ရေစီးသန်သန်ထဲကို မျှောပါသွားရတဲ့ အိမ်ကြီးထဲက လူတွေ....။ ပျိုပျက်ကြရတဲ့ အဆောက်အဦးတွေ....။ မပြိုနိုင် မပျက်နိုင် ခိုင်ခံ့ပါသော်လည်း ရေ၏ မြှင့်တက် လွှမ်းခြုံမှုကို အရှုံးပေး စွန့်ခွာကြရသူတွေ...။ လူတို့၏ စိတ်ချမ်းမြေ့မှုကို ဆောင်ကျဉ်းပေးတက်ကြသော ဒုက္ခသည်တိရစ္ဆာန်လေးတွေ....။ ငိုနေကြသော မျက်လုံးများ။ ယူကျုံးမရ တောင့်ခံနေရသော မျက်နှာများ။ အပြစ်ကို ဘယ်သူ့သွားတင်ရမလဲ မသိ... ကိုယ့်မိသားစုမှာ ပဲ့သွားသူရှိတဲ့အခါ။ ထိုအရာ ထိုအရာများစွာ အတွေးတွေ၊ စိတ်တွေထဲ အုံ့အိုင်းလာပါတော့တယ်။
ဪ သူတို့ဆိုကြသည်။ သူတို့ ဆိုရက်သည်။
"ပျော်သလားဟေ့ မောင်တို့ရေ"တဲ့။
Keep Reading